Sunday, November 20, 2016

သျှမ်းပြည်နယ်အစိုးရအဖွဲ့ထံ GSM သတ္တုတူးဖော်ရေးကုမ္ပဏီအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ပေးပို့သော အစီရင်ခံစာ မှန်ကန်မှုမရှိ ဒေသခံများပြော

SHAN


သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း သတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်လိုသော အစိမ်းရောင်ဗျူ ဟာ (GSM) သတ္တုတူးဖော်ရေးကုမ္ပဏီအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး တောင်ကြီးမြို့မှ သျှမ်းပြည်နယ်အစိုးရအဖွဲ့ ထံပေးပို့လိုက်သောအစီရင်ခံစာသည် ဖြစ်ရပ်မှန်မဟုတ်ကြောင်း ဒေသခံတောင်သူလယ်သမား အဖွဲ့များက ပြောသည် ။

၎င်းအစီရင်ခံစာကို ၂၀၁၆ နိုဝင်ဘာလ ၂ ရက်နေ့ရက်စွဲဖြင့် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး သျှမ်းပြည်နယ်အစိုးရသို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး စိန်မမ မှ ပေးပို့သောစာဖြစ်သည်ဟု လယ်သမား အဖွဲ့မှ စိုင်းဘဦး ကဆိုသည် ။

အဆိုပါစာ၏မိတ္တူသည် နိုဝင်ဘာလ ၁၆ ရက်နေ့မှ ယခင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းတင်ဦး ထံ ရောက်ရှိလာရာ၊ စာရောက်ရောက်ချင်း စိုင်းတင်ဦးက ဒေသခံတောင် သူလယ်သမား အဖွဲ့အား ချက်ချင်း အစည်းအဝေးခေါ် ယူကြောင်း စိုင်းဘဦးက ပြောသည် ။

“ ကျနော်တို့ အားလုံးလဲ ကုမ္ပဏီ ရဲ့အစီရင်ခံကို ဖတ်ကြား တယ်။ ဆွေးနွေးခဲ့ကြ တယ်။ စာထဲမှာရေးထားတာက GSM သတ္တုတူးဖော် ရေး ကုမ္ပဏီ က ဒေသ ခံတွေနဲ့ ဆက်ဆံရေးကောင်းမွန်အဆင်ပြေနေတယ်တဲ့။ တကယ်ဖြစ်ရပ်မှာက မပြေပါဘူး။ သက်ဆိုင်ရာကနေ သေသေ ချာချာ ကွင်းဆင်းစစ်ဆေးစေချင်ပါတယ်၊ ပြီးတော့ စာထဲမှာပါသလို ကျနော်တို့ နမ့်ခမ်းမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တွေလုပ်ပေးတယ် ဆိုတာတွေဟာလည်း တကယ်တမ်းတော့ ဘာမှမလုပ်ပေးသေးဘူး။ ကျနော်တို့ ဒေသခံတွေ အသိဆုံးပါ ”ဟု ၄င်းကပြောသည် ။

ယနေ့အထိ အဆိုပါ GSM သတ္တုတူးဖော်ရေးကုမ္ပဏီသည် ဒေသခံပြည်သူ လူထုနှင့် ကွင်းဆင်းထိတွေ့မှု တစ်ကြိမ်မျှ မရှိသေးကြောင်း၊ နမ့်ခမ်းမြို့ မဲဆန္ဒအမှတ်(၁) နှင့်အမှတ်(၂) ကိုယ်စားလှယ်များမှ လည်း ပြည်သူလူထုများ၏ သဘောထားကို မေးမြန်းခြင်းမရှိပဲ သတ္တုကျောက် တူးဖော်ထုတ်လုပ်ခြင်းအား ထောက်ခံနေမှုကိုလည်း ဒေသခံများက ကန့်ကွက်ကြောင်း တောင်သူ လယ်သမားအဖွဲ့ဝင် စိုင်းခမ်း ကဆို သည် ။

“ ကုမ္ပဏီကနေသတ္တုတူးဖော်နေတာ ကို ဒေသခံပြည်သူတွေ မကြိုက်မနှစ်သက်မှန်း သိသိကြီးနဲ့ ဘာ့ကြောင့် ပြည်သူလူထု က ရွေးချယ် တင်မြှောက်ထားတဲ့ အမတ်မင်း၂ ဦး က ပါဝင်ထောက်ခံနေ ရပါသလဲ ဆိုတာကို မေးချင်ပါတယ်” ဟု ၄င်းကပြောသည် ။

နမ့်ခမ်းမြို့နယ်အတွင်း သတ္တုတူးဖော်မှုကြောင့် အဆိုပါမြို့၏ အရှေ့ဘက်ခြမ်းရှိ စပါးစိုက်ပျိုးရန် အတွက် အသုံးပြုသော နမ့်ဆီးရီးချောင်းမှာ ယနေ့အထိ ပျက်စီးနေသည်ကိုတွေ့နေရပါကြောင်း၊ ယခု (GSM)သတ္တုတူး ဖော်ရေး လုပ်ငန်းကို အစိုးရအဖွဲ့မှ တူးဖော်ခွင့်ပေးလိုက်ပါက နမ့်ခမ်းမြို့ အနောက်ေ တာင် ဘက်ပိုင်းရှိ စပါးစိုက်ပျိုး ရေးလုပ်ငန်းအတွက် တောင်သူလယ်သမားများ အားထားရသော နမ့်မချောင်း လည်း နမ့်ဆီးရီးချောင်းကဲ့သို့ တိမ်ကော ပျက်စီးသွားမည်ဖြစ်ကြောင်း ဒေသခံများကပြောသည် ။

နမ့်ခမ်းမြို့နယ်အတွင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်း အားလုံး ရေရှည် ရပ်တန့်သွားစေရန် တောင်သူလယ် သမားအဖွဲ့က နည်းလမ်းရှာပြီး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နမ့်ခမ်းမြို့ တောင်သူလယ်သမား အဖွဲ့များထံမှ သိရှိရသည် ။

No comments: