Thursday, November 3, 2016

ရှမ်း နှင့် လီဆူ တို့ KIO ကို မဆန့်ကျင် သင့်

Kachinnews


ကချင်ပြည်နယ်တွင် အတူနေထိုင်ကြသည့် ရှမ်း နှင့် လီဆူ မျိုးနွယ်စုများ အနေဖြင့် သူတပါး သွေးထိုးမှုအတိုင်း မလုပ်ဘဲ ကချင်လူမျိုးများနှင့်အတူ မိသားစု စိတ်ရှိပြီး အတူနေဖို့သာ စဉ်းစားသင့်ကြောင်း ဒူဝါဘောမ်ဝမ် လရော်က ပြောသည်။

အောက်တိုဘာ ၃၁ ရက်နေ့ မြစ်ကြီးနားမြို့တွင် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ ဦးဆောင်ပြီး လီဆူ၊ လချိပ်၊ ရဝမ်အချို့ပါဝင်ကာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ကို ဆန့်ကျင်သော ဆန္ဒပြပွဲ ပြုလုပ်ခဲ့ခြင်းကြောင့် ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး KNO ဥက္ကဌ ဒူဝါလရော်က ပြောခြင်းဖြစ်သည်။

ရှေး ပဝေသဏီ ကတည်းက နှစ်ပေါင်းကြာရှည်စွာ ကချင်နှင့် အတူနေထိုင်လာခဲ့သော ကချင်ပြည်နယ်တွင်း ရှမ်းမျိုးနွယ်စု လူမျိုးများအနေဖြင့် KIO ကို မဆန့်ကျင်ရကြောင်း ယခုလိုပြောသည်။

“ရှမ်းနဲ့ ကချင် သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် နှစ်ပေါင်းများစွာကတည်းက ဒီနေရာမှာ အတူနေထိုင်ခဲ့ကြတယ်။ ရှမ်းမျိုးနွယ်စုတွေကို အခုလို KIO ကို ဆန့်ကျင် ဆန္ဒပြအောင်၊ စိတ်ဝမ်းကွဲအောင် အနောက်ကနေ သွေးထိုး လုပ်ဆောင်တဲ့ သူတွေ ရှိမယ်။ ဒါပေမယ့် ရှမ်းနီတွေအနေနဲ့ အဲလို မလုပ်သင့်ဘူးလို့ မြင်တယ်။ ရှမ်းပြည်နယ်မှာ ရှိနေတဲ့ ကျနော်တို့ ကချင်လူမျိုးတွေလည်း ရှမ်းပြည်နယ်၊ ရှမ်း အစိုးရ၊ ရှမ်းတော်လှန်ရေးအဖွဲ့တွေကို ယနေ့ထိ ပုန်ကန်ပြီး သူတို့ အင်အားချည့်နည်းအောင် ပြောဆို ဆက်ဆံ ပြုမူတာမျိုး မလုပ်ဘူး။ ဘာလို့ မလုပ်လဲဆိုတော့ ကျနော်တို့ အချင်းချင်းက ညီအစ်ကို တွေဖြစ်တယ်။ အဲကြောင့် သူတို့လုပ်လည်း ကျနော်တို့ မလုပ်ဘူး။ အခုလည်း မလုပ်သင့်ဘူး။ ရှမ်းနီ လူမျိုးရဲ့ မကျေနပ်မှုတွေကို KIO အနေနဲ့ ညီအစ်ကို သဘောနဲ့ ဖြေရှင်းပေးရမယ်။ သွေးထွက်သံယို ခြိမ်းခြောက်တဲ့ နည်းလမ်းတွေနဲ့ မလုပ်သင့်ဘူး။ နှစ်ဖက်စလုံးကြည့်မယ်ဆိုရင် ရှမ်းနီတွေလည်း ကချင်ပြည်နယ်မှာ အတူနေ ညီအစ်ကိုတွေ ဖြစ်တဲ့အတွက် ကျနော်တို့နဲ့ တွေဖယ်မယ့် အစီစဉ်မျိုးတွေ မလုပ်သင့်ဘူး။ KIO အနေနဲ့ကလည်း ရှမ်းနီ ကို ကိုယ့်ရဲ့ မိသားစုဝင် တစ်ယောက်လို စိတ်သဘောထားကြီးကြီးနဲ့ ပေါင်းသင့်ပါတယ်။”

ကချင်မျိုးနွယ်စုဝင် လီဆူ လူမျိုးများကလည်း KIO ကို ဆန့်ကျင်မှုမပြုဘဲ အချင်းချင်းညှိနှိုင်း ဖြေရှင်းသင့်ကြောင်း ထပ်ပြောသည်။

“လီဆူမျိုးနွယ်စုတွေ အနေနဲ့လည်း KIO ကို မကြိုက်ဘူးဆိုပြီး ဆန့်ကျင်တာက မှားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောချင်တယ်။ ဘာလို့လဲဆိုတော့ လီဆူ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ၉၀ ရာခိုင်နှုန်းက တရုတ်ပြည်က ရွှေ့ပြောင်းလာတာဖြစ်တယ်။ KIO ကို ဆန့်ကျင်ဆန္ဒပြတဲ့ လုပ်ရပ် လုံးဝ မလုပ်သင့်ဘူး။ ဦးဆောင်တဲ့သူတွေလည်း မှားတယ်။ ကချင်ပြည်နယ်မှာနေပြီး ကချင်တွေကို ဆန့်ကျင်ရင် အရင်ကတည်းက ကချင်ပြည်မှာ နေထိုင်ခဲ့တဲ့ နဂိုရှိရင်း လီဆူ တွေကို ဘယ်လိုလုပ်ရမလဲ၊ KIO ဆိုတာ အားလုံးအတွက်ဖြစ်တယ်။ လီဆူတွေအနေနဲ့ KIO ကို မဆန့်ကျင်သင့်ဘူး။ ပြောစရာရှိရင်လည်း အချင်းချင်းဆွေးနွေးညှိနှိုင်းပြီး နေထိုင်ရမယ်။”

သြဂုတ် ၃၁ မှ စက်တင်ဘာ ၃ အထိ နေပြည်တော်တွင် ကျင်းပခဲ့သော ‘ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တွင် တိုင်းလိုင် (ရှမ်းနီ) အမျိုးသား တိုးတက်ရေး ပါတီက ကချင်ပြည်နယ်မှ မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော် အပါအဝင် ခန္တီး၊ တမူး၊ ကလေး၊ မော်လိုက်၊ ကသာ စသည့် ခရိုင်များကို စုပေါင်းပြီး ရှမ်းနီပြည်နယ် သတ်မှတ်ပေးရန် နှင့် လီဆူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ က ပူတာအို၊ မချမ်းဘော၊ ဆော့လော်၊ ခေါင်လန်ဖူး နဲ့ ချီဖွေ မြို့နယ်များကို လီဆူ အထူးကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသ အဖြစ် အသီးသီး တောင်ဆိုခဲ့ကြသည်။

No comments: