Sunday, November 6, 2016

မိမိကို ဖမ်းဆီးတရားစွဲဆိုခြင်းသည် NCA သဘောတူညီချက်နှင့် လွဲချော်နေဟု ခိုင်မျိုးထွန်းဆို

စံမောင်သန်း (စစ်တွေ)


မိမိကို ဖမ်းဆီးတရားစွဲဆိုခြင်းသည် မြန်မာ အစိုးရနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ အကြား လက်မှတ်ရေးထိုးထားသော NCA ( Nationwide Ceasefire Agreement) နှင့် လွဲချော်မှု ရှိနေကြောင်း ဖမ်းဆီး တရားစွဲဆိုခံထားရသူ ခိုင်မျိုးထွန်းက ပြောသည်။

နိုဝင်ဘာလ ၄ ရက်နေ့က ခိုင်မျိုးထွန်းအား စစ်တွေမြို့နယ် တရားရုံးသို့ (၁၂) ကြိမ်မြောက် ရုံးထုတ်လာစဉ် နိရဉ္စရာ သတင်းဌာနမှ မေးမြန်းရာ ထိုသို့ ခိုင်မျိုးထွန်းက ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

“ NCA သဘောတူညီချက်အရ ကျွန်တော်ဟာ ALP က တာဝန်ရှိသူ တစ်ဦးဖြစ်ပါတယ်။ ယခုလို NCA စာချုပ်ပါ သဘောတူညီချက်နဲ့ မကိုက်ညီဘဲ ကျွန်တော်ကို ဖမ်းဆီးထားတာဟာ ဥပဒေအရ ညီညွတ်မှု မရှိပါ။ NCA သဘောတူညီချက်ပါ မူအတိုင်း ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ကျွန်တော်ကို ဖမ်းဆီးပြီး တရားရုံးမှာ ဖြေရှင်းတာဟာ NCA မူဘောင်နှင့် လွဲချော်နေပါတယ်” ဟု သူကဆိုသည်။

၎င်းအပြင် သူက ယခုမြင်နေရသော သူ့အား ခတ်ထားသော လက်ထိပ်ကို လက်ထိပ်ဟု မမြင်ဘဲ ရခိုင် အမျိုးသား များကို စည်းရုံးကြပါဟု ဖေါ်ပြနေသော သင်္ကေတတစ်ခု အဖြစ် မြင်ကြပါဟု အချုပ်ကားပေါ်သို့ တက်ရောက်စဉ် လူထုကို ပြောကြားခဲ့သည်။

တရားရုံးသို့ လာရောက်ခဲ့သည့် ခိုင်မျိုးထွန်း မိခင်ဖြစ်သူကို ဆက်လက်မေးမြန်းရာ သူမက “ ဒီနေ့အချိန်မှာ မြန်မာ နိုင်ငံမှာ တရားဥပဒေဆိုတာ မရှိတော့ဘူး။ အမှန်တရားကို လုပ်ဆောင်နေသူတွေဟာ ပြစ်မှုကျူးလွန်တယ်ဆိုပြီး ဥပဒေမဲ့ ဖမ်းဆီးမှုတွေကို ခံပါတယ် ”ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယမန်နေ့က ခိုင်မျိုးထွန်းအား ရုံးထုတ်လာစဉ် သူ့လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူများက “ ရခိုင်သယံဇာတ ဦးဆောင်လှုပ်ရှားနေသော ခိုင်မျိုးထွန်းအား ချက်ချင်းလွှတ်ဟု ဖေါ်ပြပါရှိသော ဗီနိုင်းကို အသုံးပြုခဲ့ကြသည်ဟု သိရသည်။

“ခိုင်မျိုးထွန်းကတော့ ပြည်သူ့သယံဇာတမှာလည်း အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။ သူက ပြည်သူ့ သယံဇာတ ၁၀ ဦးကော်မတီထဲမှာလည်း ပါဝင်နေပါတယ်။ အဲ့ဒါကြောင့် သူ့ကို ခေါင်းဆောင် တစ်ယောက် အနေနဲ့ ဂုဏ်ပြုလိုတဲ့အတွက် အခုလိုမျိုး ဗီနိုင်းမှာ ‘ပြည်သူ့သယံဇာတ အဖွဲ့အား ဦးဆောင် လှုပ်ရှားနေသော ထွဏ်းထွဏ်း (ခ) ခိုင်မျိုးထွန်းအား ချက်ချင်းလွှတ်’ ဆိုတဲ့ စာသားကို အသုံးပြုရခြင်းဖြစ်ပါတယ်”ဟု ပြည်သူ့ သယံဇာတ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုစိန်ဝင်းမောင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

No comments: