Saturday, November 19, 2016

မရမ်းကုန်း Ocean Centerတွင် ဓာတုဆေးရည် ပေါက်ကွဲမှု ပေါက်ကွဲစေတတ်သော ၀တ္တုပစ္စည်းများ အက်ဥပဒေ ပုဒ်မဖြင့် အမှုဖွင့်စစ်ဆေးနေ

စိုးသူအောင်

မရမ်းကုန်းမြို့နယ် ပြည်လမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ Ocean Center ရှိ အမှိုက်ပုံးအတွင်းမှ ဓာတုဗေဒ ဆေးရည် တစ်မျိုးထည့်ထားသည့် ပုလင်းပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကို ပေါက်ကွဲစေတတ်သော ၀တ္တုပစ္စည်းများ အက်ဥပဒေ ပုဒ်မဖြင့် အမှုဖွင့် စုံစမ်းနေကြောင်း မရမ်းကုန်းရဲစခန်းမှ သိရသည်။

နိုဝင်ဘာ ၁၇ ရက် ည (၇)နာရီ (၃၅)မိနစ်ခန့်တွင် မရမ်းကုန်းမြို့နယ် Ocean Center မြေညီထပ်ရှိ အများသုံး အမျိုးသား အိမ်သာခန်းအတွင်း သန့်ရှင်းရေးဝန်ထမ်း တစ်ဦးမှ ပလတ်စတစ် အမှိုက်ပုံးအား နေရာရွှေ့စဉ် အ မှိုက်ပုံးအတွင်းမှ ပေါက်ကွဲသံကြားရပြီး မီးတောက်များ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန် ချက်အရ သိရသည်။

" ပေါက်ကွဲမှုဆိုတာ အများအားဖြင့် ယမ်းကိုသုံးကြတာ ယမ်းလုံးဝမပါတဲ့အခါကျ သူတို့က ဓာတုဗေဒ ပစ္စည်းနဲ့ ဘာကိုသုံးလည်းဆိုတာ ကျွန်တော်တို့က စီစစ်နေတယ် " ဟု မရမ်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး စိုးအောင်က ပြောသည်။

စင်တာလုံခြုံရေး ၀န်ထမ်းမှ မီးသတ်ဆေးဘူးဖြင့် ငြှိမ်းသတ်ခဲ့ရပြီး ပေါက်ကွဲမှုကြောင့် ပလတ်စ တစ်အမှိုက် ပုံး ၏ အပေါ်ပိုင်း မီးလောင်ခဲ့ကာ လူထိခိုက်မှုမရှိကြောင်း သိရသည်။

" ဘာမှပျက်စီးမှု မရှိပါဘူး။ အမှိုက်ပုံးထဲမှာ ဖြစ်တာပေါ့၊ ဘာကြောင့်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အဖြေက မရသေးဘူး " ဟု မရမ်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးစိုးအောင်ကပြောသည်။

ဖြစ်ပွားရာသို့ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့၊ အမှတ် (၉၀၅)စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းနှင့် အ မှတ်(၂) မှုခင်းရဲတပ်ဖွဲ့ ခွဲ(ရန်ကုန်) ပေါက်ကွဲပစ္စည်းစစ် ဆေးရေးဌာနစုမှ တာဝန်ရှိသူများ ရောက်ရှိ စစ်ဆေးခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကျူးလွန်သူအား ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သော ၀တ္တုပစ္စည်းများ အက်ဥပဒေပုဒ်မ ၃ အရ အမှုဖွင့်စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

No comments: