Friday, November 18, 2016

အစိုးရတပ်မတော် နှင့် TNLA တို့ သျှမ်းပြည်မြောက်ပိုင်းအတွင်းတိုက်ပွဲကြောင့် ဒေသခံများဝမ်းရေးအခက်တွေ့

ယိင်းအုမ်မွေ


သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ် အတွင်း အစိုးရ တပ်မတော် နှင့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့အကြားတိုက်ပွဲကြောင့် ဒေသခံများ ၀မ်းရေးအတွက် အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည် ။

အောက်တိုဘာလ မှ ယနေ့အထိ အစိုးရတပ်မတော် အင်အားအလုံးအရင်းဖြည့်တင်းမှုကြောင့် တအာင်း ပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့နှင့် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေကြောင်း၊ နေမြေစိုးမိုးရေး နယ်မြေရှင်းလင်းရေးအတွက် စစ်ရေးအားပြိုင်မှုများကြောင့် ဒေသခံများ လယ်ယာလုပ်ငန်း၊ လက်ဖက်ခြံလုပ်ငန်း နှင့်အခြားဝမ်းရေးဆိုင်ရာ လုပ်ငန်းများအခက်တွေ့ရသည့်အပြင် မြို့ဆင်းဈေးဝယ် ခြမ်းဖို့ပင်ခက်ခဲလာနေကြောင်းဒေသခံများကပြောသည် ။

“ အဓိကတိုက်ပွဲဖြစ်တာကထိုးစစ်ရှိလို့ပေါ့နော်။ထိုးစစ်မရှိရင်တိုက်ပွဲလည်းဖြစ်စရာအကြောင်းမရှိဘူး။ကျနော်တို့လည်းမြန်မာ့တပ်မတော်ကိုလိုက်လှံတိုက်ခိုက်နေတာမဟုတ်ဘူး။ကျနော်တို့လှုပ်ရှားတဲ့ဒေသမှာဘဲပုံမှန်လှုပ်ရှားနေတယ်။ဒီမြန်မာ့တပ်မတော်ကထိုးစစ်တွေပိုပြီးတော့ကြီးပြင်းလာတယ်။ဒါမှန်ကန်တဲ့နည်းလမ်းမဟုတ်ဘူးစစ်ရေးအရဖိအားပေးလာတဲ့သဘောတော့ရှိတယ်။ မြန်မာ့တပ်မတော်ကထိုးစစ်ကိုရပ်သင့်တယ် ” လို့၎င်းပြောသည် ။

TNLA သတင်းနှင့်ပြန်ကြားရေးဌာနဗိုလ်မှူးတာ့အိုက်ကျော်က- “အခုအခြေနေတော့စစ်ရေးတော်တော်လေးတင်းမာနေလို့ပြောရမယ်ဒီမန်တုံကျောက်မဲနမ့်ဆန်ဘက်မှာစစ်ကြောင်းတွေတက်လာတယ်မူစယ်ကွတ်ခိုင်ဘက်လည်းကားအစီး၆၀လောက်ထပ်မံရောက်လာတယ်မူဆယ်နဲ့ကွိုက်ခိုင်ကြားမှာသူတို့တပ်တွေဖြန့်ထားတယ်အထူးသဖြင့်ကားလမ်းအရှေ့ခြမ်းပိုပြီးများလာတယ်အနောက်ခြမ်းလည်းပို့ထားတာရှိတယ်” လို့သျှမ်းသံတော်ဆင့်ကိုပြောပါသည် ။

” ကျနော်တို့မိုင်းငေါ့မှာလေ တပ်မတော်က ည ရ နာရီကနေမနက်မိုးလင်းတဲ့အထိ သွားလာခွင့်အတွက် တာဝန်မယူဘူးတဲ့ ။ ပစ်သတ်ခံရရင်ကိုယ့်ဟာကိုသေတဲ့ အဲဒီလိုကိုပြောထားတာ ။ နောက် ပလောင် နဲ့လဲ ရွာ အနီးအနားမှာ ရှိနေတော့ တခါတလေ တပ်နှစ်ခုလုံးက ဟိုဘက်ဒီဘက်လက်ကြီးတွေနဲ့ထုတာ၊ ရွာနားမှာ ဆိုတော့ ကြောက်ရတာပေါ့ ၊ အခု လယ်လဲ မဆင်းရဲဘူး၊ စပါးကရိပ်ရတော့မယ်။ လက်ဖက်လုပ်ငန်းကောဘဲ။ ဈေးဆင်းဝယ်ဖို့ပင်ခက်ခဲနေတာ။ တောင်ပေါ်နေတဲ့ သူတွေက” ဟု သျှမ်း-ပလောင်အမျိုးသား မိုင်းအောင်မိန်း က ပြောသည် ။

ကျောက်မဲမြို့ကျားခေါင်းလွှတ်တော်အမတ်ဟောင်း လည်းဖြစ် စစ်ဘေးရှောင်များအားလက်ခံကူညီနေသည့် စေတနာရှင်လည်းဖြစ်သည့် စိုင်းသန်းမောင်က “ ကျနော်မြင်တာတော့ဒါကအစိုးရကပြည်သူတွေကို တမင် သက်သက် နှိပ်စက်တာဘဲ။ မြန်မာ့တပ်မတော်နဲ့အစိုးရကနားလည်မှုယူပြီးအလုပ်လုပ်နေတာ ကျနော် တော့အကောင်းမမြင်ဘူး။ ပြည်သူတော့ဒုက္ခရောက်ရတာပေါ့။ အခုချိန်တွေကလည်း စပါးတွေစိုက်ပျိုး တဲ့ချိန်၊ လယ်ယာတွေလုပ်တဲ့ချိန်၊ စပါးတွေရိတ်သိမ်းတဲ့ချိန် ရောက်တိုင်းစစ်ပွဲတွေဖြစ်နေ တယ်။ ခုထိလည်း တရုတ်တွေလည်း နှိပ်စက်။ ပြောင်းဖူးတွေရောင်းလို့မရ။ ဆန်တွေလည်းရောင်းလို့မရ။ ပြည်သူတွေ တော့ တော်တော်ဒုက္ခရောက်ရတယ်” – ဟု သျှမ်းသံတော်ဆင့်ကိုပြောသည် ။

သျှမ်းပြည်မြောက်ပိုင်း တွင် မြန်မာ့တပ်မတော် နှင့် တအာင်း(ပလောင်) တပ်တို့အပြင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ကြား နယ်မြေစိုးမိုးရေး အားပြိုင်မှုကြောင့် နှစ်ဘက်တိုက်ပွဲများမကြာခဏဖြစ်ပွားနေဆဲဖြစ်သည် ။

တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA/PSLF နိုင်ငံရေးဆွေးနွေးလိုလျှင် လက်နက်စွန့်လွတ်မည်ဆိုသည့်အကြောင်း ထုတ်ပြန်ကြေငြာရမည်ဟု အစိုးရတပ်မတော် ဘက်က ပြောဆိုထားသည်။ RCSS/SSA မှာမူ နေပြည်တောင်အစိုးရ နှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်သည် ။

No comments: