Saturday, November 5, 2016

UN နှင့် နိုင်ငံခြားသံအဖွဲ့ ပြန်ပြီး နာရီပိုင်း အတွင်း မောင်တောမြို့နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်၍

ရွှေရအောင်(တောင်ကုတ်)


ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ms. Renata နဲ့ သံအမတ်ကြီးအဖွဲ့ မောင်တောတောင်ပိုင်းမှ စစ်တွေသို့ ရဟတ်ယာဉ်ဖြင့် ပြန်သွားပြီး နာရီပိုင်း အတွင်း ဘင်္ဂလီ အကြမ်းဖက်သမားများက နယ်ခြားစောင့် ရဲစခန်းတစ်ခုအား ၀င်ရောက် တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး တစ်ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ယခု တိုက်ခိုက်ခံရသော နယ်ခြားစောင့်တပ်စခန်းသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ms. Renata နှင့် သံအမတ်ကြီးအဖွဲ့ သွားရောက်လည်ပတ်ခဲ့သော မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်၊ ကိုင်းကြီး၊ ဇော်မတက်ကျေးရွာအနီးတွင် တည်ရှိသည်။

အကြမ်းဖက်သမားများသည် မောင်တောမြို့မှ ၃ မိုင်ခန့်အကွာရှိ ဘဂုဏ နူရူလာ ရဲကင်း စခန်းအနီးသို့ ဆိုင်ကယ်သုံးစီးဖြင့် ယနေ့ ညနေ ၆ နာရီခန့်တွင် လာရောက်ပြီး လက်နက်ငယ် များဖြင့် လာရောက်ပစ်ခတ်ရာ ရဲတပ်သားတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိသွားကြောင်း မောင်တောမြို့ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

လက်နက်သံကြောင့် အခြားတပ်သားများ ထွက်လာပြီပစ်ခတ်ရာ အကြမ်းဖက် တိုက်ခိုက်သူများမှာ ဒဏ်ရာရကာ ထွက်ပြေးသွားကြောင်း သူက ဆက်ပြောသည်။

အခင်း ဖြစ်ပွားရာနေရာမှ ဆိုင်ကယ်များနှင့် အတူ လက်လုပ် ဓာတ်ဆီဗုံး အချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

သေဆုံးသူနဲ့ ဒဏ်ရာရှိသည့် ရဲတပ်သားကို မောင်တောမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ms. Renata နဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖွဲ့ မောင်တောသို့ လာရောက်ပြီး ပြန်ပြီးနောက် အချိန်အနည်းငယ်အတွင်း ဘင်္ဂလီ အကြမ်းဖက်သမားများက ရဲစခန်းကို လာရောက်တိုက်ခိုက်ခြင်းသဖြင့် တိုက်ခိုက်မှု၏ နောက်ကွယ်တွင် လေးနက်သော အကြောင်းအရာများရှိနိုင်ကြောင်း နိုင်ရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။

No comments: