Wednesday, November 2, 2016

သံလွင်မြစ် တာ့ဆန်း တံတားဘက် UWSA တပ်များ အင်အားဖြည့်သည် ဆိုသည့် သတင်းကြောင့် တပ်မတော် စစ်ကြောင်းများ အင်အားတိုးဖြည့်

SHAN


သျှမ်းပြည်အရှေ့တောင်ပိုင်း ပေါင်းကူးတံတားဖြစ်သည့် တာ့ဆန်းသံလွင်မြစ်ကူးတံတားဘက် ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA တပ်များအင်အားဖြည့်လာနေသည့် သတင်းကြောင့် တပ်မတော်စစ်ကြောင်းများလည်း အဆိုပါဒေသ ဘက် အင်အားတိုးဖြည့်လာနေသည် ဟု ဒေသတွင်း သတင်းရပ်ကွက်ကပြောသည်။

“အင်အား ၇၀ လောက် ရှိတဲ့ တောပုန်း ဝ စစ်ကြောင်း တခုက တောတောင်တွေ ဖြတ်ပြီး တာ့ဆန်း ဘက် ရောက်နေတယ်ဆိုတဲ့ သတင်းကြောင့် အခု တာ့ဆန်း တံတားမှာ ဟိုဘက်ကမ်းကော ဒီဘက်ကမ်း ကော တပ်မတော် စစ်ကြောင်းက စောင့်စစ်နေတယ်၊ ကွေ့တိုင်းမှာ စစ်သားတွေ့တယ်” – ဟု တောင်ကြီးမှ ပြန်လာသည့် မိုင်းတုံသား တဦးကပြောသည်။

အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းတွင် တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရပခ၊ ခိုလမ်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရလခ၊ ကလောအခြေစိုက် တပ်မ ၅၅၊ မိုင်းပန် မြို့ အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၇ လက်အောက် ခံတပ်မတော်က သျှမ်းပြည် တောင် ပိုင်း လင်းခေး ခရိုင်ဘက်မှ သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်ဘက် သို့ စစ်ယာဉ်တန်းများ ဆက်တိုက်ပို့ဆောင်ရောက်ရှိလာနေကြောင်း ဒေသ အတွင်း သတင်းရပ်ကွက် က ပြောသည်။

“ အံ့ဩတာက မိုင်းတုံနဲ့ ပုံပါကျင်ကြားမှာ ၀ တွေကော ဗမာစစ်သားတွေကော တွေ့တယ်။ စစ်ရေးတင်းမာနေတာ ပြောတယ်။ ဝ တပ်သွားနေတယ်။ ဗမာတပ်က ဒီတိုင်းကြည့်နေတယ်။ ထို့အတူဘဲ ဗမာတပ်သွားနေတာကိုလဲ ဝ တပ်က ဒီတိုင်းဘဲ ကြည့်နေတယ်။ တွေ့နေတာဘဲ။ ဝ ကလည်း မိုင်းဆတ်ဘက်၊ မိုင်းကျွတ်ဘက်၊ ဟွေ့အော့ ဘက် ၁၀ ဘီးကားတွေ ၁၂ ဘီးကားတွေ တစီး တစီး အင်အား ၄၀ – ၅၀ လောက်ရှိနေတယ်။ သွား နေတာဘဲ။ လူထုတော့ သိပ်မတွေ့ရဘူး” – ဟု မိုင်းတုံမြို့ ပြည်ခိုင်ဖြိုးပါတီ ဝင် ဦးဂျဝေး ကပြောသည်။

သီးခြားအတည်ပြုချက် မရသေးသည့်သတင်းအရ တပ်မ ၃၃ နှင့် ၉၉ လည်းရောက်ရှိနေသည်ဟု ဆိုသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်အရှေ့ဘက် ၁၀ မိုင်ခန့်အကွာ လွယ်ဆမ်ဆုံ တောင်ကြောရှိ ဝ တပ်များအား ၂၄ ရက် မွန်းတည့်ချိန်မကျော်ဘဲ ဖယ်ရှားရန်၊ ထို့အတူ အဆိုပါနေ့ရက်ပင် နောက်ဆုံးထားပြီး မိုင်းလားနယ်မြေအတွင်းရောက်ရှိစခန်းချနေသောဝတပ်ဖွဲ့အားလည်း ဖယ်ရှား ရန် တပ်မတော်က ညွှန်ကြားထားသော်လည်း ဝ တပ်ဘက်က တပ်ဆုတ်ခြင်းမရှိပေ။ စစ်ရေးတင်းမာမှုအပေါ် တရုတ်အစိုးရက ကြားဝင်ညှိနှိုင်းပေးနေသော်လည်း စစ်ရေးပြိုင်ဆိုင် ပြင်ဆင်မှုများ ဆက်ရှိနေ သည့်အတွက် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သည့် ဒေသခံများက တရုတ်နယ်စပ်ဘက် အပြင် ကျိုင်းတုံ၊ တာချီလိတ်ဘက်သို့ တိမ်းရှောင်မှုများရှိနေသည်။

No comments: