Monday, November 23, 2009

တပ်ပြေး များပြားလွန်းသဖြင့် ဖွဲ့စည်းပုံမပြည့်

လင်းနိုင်ဦး / ၂၃ နိုဝင်ဘာ ၂၀၀၉

မကြာသေးမီက ဖွဲ့စည်းပြီးသွားသည့် ကချင်အထူးဒေသ (၁) နယ်ခြားစောင့်တပ်ဖွဲ့တွင် တပ်ပြေးများ အလွန်များနေခြင်းကြောင့် မူလဖွဲ့စည်းပုံ၏ တဝက်ပင် အင်အားမရှိတော့ကြောင်း အဆိုပါတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တဦးက ပြောသည်။

မြစ်ကြီးနား ပျဉ်ထောင်တွင် စစ်သင်တန်းတက်ရန် ရောက်ရှိနေသည့် အဆိုပါတပ်ဖွဲ့ဝင်က “ကျနော်တို့ တပ်ရင်း (၂) ရင်း စစ်သင်တန်းတက်ဖို့ မြစ်ကြီးနား ပျဉ်ထောင်ကို လာကြတယ်။ စုစုပေါင်း (၆ဝဝ) လောက် လာတာမှာ တပ်သားတွေ ထွက်ပြေးကုန်ကြလို့ တပ်ရင်း (၂) ရင်းစာမှာ (၂၇၆) ယောက်ပဲ ပါလာတယ်။ ဒါတောင် တပ်သားတွေမရှိလို့ ပြည်သူ့စစ်တွေ ခေါ်ထည့်လာတာက တဝက်နီးပါးလောက်ရှိတယ်။ ခု ဒီမြစ်ကြီးနားမှာတော့ စည်းကမ်းတင်းကျပ်ထားတော့ ပြေးလို့မရဘူး။ သင်တန်းပြီးလို့ ကိုယ့်ဒေသကိုယ် ပြန်ရောက်ရင် ပြေးကြဦးမယ်။ လူတောင် ကျန်ပါ့ဦးမလား မသိဘူး” ဟု ပြောသည်။

ကချင်အထူးဒေသ (၁) မှ အန်ဒီအေ (ကချင်) တပ်ဖွဲ့သည် နအဖစစ်အစိုးရ တောင်းဆိုသည့်အတိုင်း နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး တပ်ရင်းအမှတ် (၁ဝဝ၁၊ ၁ဝဝ၂၊ ၁ဝဝ၃) ဟူသော တပ်ရင်း (၃) ရင်းကို တရင်းလျှင် လူ (၃ဝဝ) စီဖြင့် ဖွဲ့စည်းခဲ့သည်။

စတင်ဖွဲ့စည်းရန် ပြင်ဆင်စဉ်ကတည်းက မူလ အန်ဒီအေ တပ်သားအများစုက နယ်ခြားစောင့်တပ်တွင် ဆက်လက်ပါဝင်လိုခြင်း မရှိဘဲ ထွက်ကြခြင်းကြောင့် တပ်သားသစ်များ အလျင်အမြန် စုဆောင်းခဲ့ရသည်။

တောင်ပေါ် ကျေးလက်ဒေသတို့မှ အဓိကထား စုဆောင်းထားသည့် တပ်သားသစ်များသည် တပ်ရင်းစခန်း ရောက်ရောက်ချင်း ည၌ပင် ပြန်ထွက်ပြေးကြခြင်းမျိုးလည်း မကြာခဏ ဖြစ်ပွားခဲ့ကာ မြန်မာပြည်ထဲမှ လော်ဝေါ်၊ လချိတ် တိုင်းရင်းသားများက ၎င်းတို့ မူလကျေးရွာများနှင့် ကေအိုင်အေ တပ်များဘက်သို့ ထွက်ပြေးကြပြီး တရုတ်သွေးပါသူများက တရုတ်ပြည်ဘက် ထွက်ပြေးကြသည်။

တပ်ရင်း (၁ဝဝ၁) ၏ တပ်ရင်းမှူးဖြစ်လာမည့် ဘုမ်လန်းလည်း နယ်ခြားစောင့်တပ်တွင် ဆက်လက်ပါဝင်လိုခြင်းမရှိဘဲ တပ်မှထွက်သွား၍ သူ့နေရာတွင် ဒယ်တန်ခေါင်လွန်းကို အစားထိုးခန့်အပ်ခဲ့ရကြောင်း သိရသည်။

ယခုကဲ့သို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဖြစ်လာမည့် နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကိစ္စကို ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းမှ လွဲပြီး အခြားခေါင်းဆောင်များက ထောက်ခံမှုမရှိခြင်းကြောင့်လည်း နဂိုတပ်ဖွဲ့ဝင်များ တပ်ထဲဆက်မပါဝင်ကြဘဲ တပ်မှထွက်ပြေးကြခြင်းဖြစ်ကြောင်း အန်ဒီအေ (ကချင်) ခေါင်းဆောင်ဟောင်းတဦးက ပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းပုံအရ တပ်ရင်းတွင် လာပူးပေါင်းမည့် နအဖစစ်တပ်မှ အမြင့်ဆုံးလူမှာ ဗိုလ်မှူးရာထူးရှိသူဖြစ်ပြီး နယ်ခြားစောင့်တပ်ရင်း၏ အမြင့်ဆုံးရာထူး တပ်ရင်းမှူးကိုလည်း ဗိုလ်မှူးရာထူးပဲ ပေးထားခြင်းကြောင့် နယ်ခြားစောင့်တပ်ရင်းမှူး ဗိုလ်မှူးသည် နအဖ စီနီယာ ဗိုလ်မှူး၏အမိန့်ကို နာခံရမည့်သဘောဖြစ်သည်ဟု ၎င်းက ပြောသည်။

တပ်ရင်းအတွက် အရေးကြီးသည့် ထောက်ပံ့ရေးနှင့် ဆက်သွယ်ရေး တာဝန်များကို နအဖတပ်ဖွဲ့ဝင်များက ရယူချုပ်ကိုင် ထားကြောင်း၊ ထောက်ပံ့ရေးဌာနသည် စစ်လက်နက်ပစ္စည်းများကိုလည်း ကိုင်တွယ်ထိန်းသိမ်းရသည့်ဌာန ဖြစ်ခြင်းကြောင့် တပ်ရင်းဖွင့်လှစ်ပွဲများ လုပ်စဉ်ကာလကတည်းက တပ်သားမပြည့်၍ ပြည်သူ့စစ် အများအပြားက တပ်သားအဖြစ် ယာယီဝင်ရောက် ဖွဲ့စည်းပေးထားရခြင်းဖြစ်ကြောင်း၊ ယခု မြစ်ကြီးနား ပျဉ်ထောင်တွင် စစ်သင်တန်းတက်ရန် ကိစ္စကိုလည်း တိုင်းမှူးနှင့် ခေတ္တတွေ့ဆုံရုံသာဆိုပြီး ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း အချို့တပ်သားများက ပြောကြသည်။

ကချင် အထူးဒေသ (၁) တွင် တပ်ရင်း (၃) ရင်းရှိသည့်အနက် တပ်ရင်း (၁ဝဝ၂) ကို ဒေသစောင့်အဖြစ် ထားခဲ့ပြီး ကျန်တပ်ရင်း (၂) ရင်းက အခြေခံစစ်သင်တန်း လာတက်ကြခြင်းဖြစ်ကာ တပ်ပြေးများ၍ တပ်ရင်း (၁ဝဝ၁) တွင် (၁၆၆) ယောက်၊ (၁ဝဝ၂) တွင် (၁၁ဝ) ယောက်သာ ပါလာကြပြီး ကြီးကြပ်သူ ဒေသခံအရာရှိအချို့လည်း ပျဉ်ထောင်ကို လိုက်ပါလာကာ တပ်ရင်း (၂) ရင်းမှ ကျန်အရာရှိများမှာမူ ဗထူးတပ်မြို့၌ အရာရှိသင်တန်း သွားတက်နေကြကြောင်း စုံစမ်းသိရသည်။

No comments: