Saturday, November 28, 2009

မျက်စိဝေဒနာရှင် ၂ သောင်းခန့်က အခမဲ့ကုသမည် ဆိုသော ကြံ့ဖွံ့ကို ယုံကြည်မှုကင်းမဲ့

သျှမ်းသံတော်ဆင့် စနေနေ့၊ 28 နိုဝင်ဘာလ 2009

ဒေသအတွင်း၌ အခမဲ့ မျက်စိရောဂါကုသပေးမည်ဟု ကချင် ပြည်နယ် မိုးညှင်း မြို့နယ် ကြံ့ဖွံ့ အသင်းက ဖိတ်ကြား လိုက်သဖြင့် မျက်စိ ဝေဒနာရှင် ၂ သောင်း ကျော်ခန့် ဆေးကု သမှုခံယူရန် လာရောက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ကုသမှု အစီအစဉ်ကို မိုးညှင်းမြို့တွင် နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ၄ ရက်ကြာ ပြုလုပ်ခဲ့ ရာ ဝေဒနာရှင် ရာပိုင်း မျှကိုသာ ကုသနိုင် ခဲ့သဖြင့် ကျန်နေသော လူအများ စုက ငွေကုန် လူပမ်း ဖြစ်ကာ ယုံကြည်မှု ကင်းမဲ့ လျှက်ရှိကြောင်း ဒေသခံများ ကပြောသည်။

ကြံ့ဖွံ့ အသင်းက လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အတွက် စည်းရုံး သည့် အနေဖြင့် ကချင်ပြည်နယ် နှင့် စစ် ကိုင်းတိုင်း အထက် ပိုင်း ဒေသများ ဖြစ်သော ကသာ ၊ မော်လူး ၊ မော်ဟန် ၊ မိုးညှင်း ၊ အင်းတော် နယ်တ၀ိုက်ရှိ မျက်စိ ဝေဒနာရှင် များကို ဖိတ်ခေါ် ခဲ့ခြင်း ဖြစ်ကြောင်း မိုးညှင်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“မျက်မှန်တွေလည်း အလကားပေးမယ် ဆေးလည်းကုပေးမယ်ဆိုပြီး ပရမ်းပတာဖိတ်လိုက်တဲ့အခါ လူက ၂ သောင်း လောက် ပတ်ဝန်းကျင်ဖြစ်သွားတယ် တပြုံကြီးကားတွေနဲ့ဘာတွေနဲ့ အဲလိုနဲ့လုပ်တဲ့အခါကျတော့ လာတဲ့ လူတွေက တည်းစရာနေစရာ စားစရာ ခက်တယ်လေ ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေမှာ အဲဒီလူတွေ ကို နေရာချ ထားတယ် ဟိုမှာ မနိုင်မနှင်းဖြစ်ပြီ တန်းစီရတာဆိုလို့ရှိရင်တစ်နေလုံးမနက်ကနေတန်းစီရတာဟိုကလုပ် တဲ့ လူက လည်းမနိုင်ဘူး မကုရပဲနဲ့ပြန်သွားတယ် တချို့များဆို ဆဲကိုသွားတယ် ” လို့ ဒေသခံက ပြောသည်။

၎င်းအပြင် ဆေးကုသမှုခံယူမည့် ဝေဒနာရှင်များထံမှာ ငွေကြေး တောင်းယူမှုများရှိခဲ့သေးကြောင်း သိရသည်။

“ရှင်းရှင်းပြောမယ်ဆိုရင်တော့ လိုက်အုပ်ကြတာပေါ့ဗျာ အုပ်ကြတော့ ဒီမှာမဲရွေးမယ်ဆိုတဲ့ ဗိုလ်မှူး ဟောင်း ညွန့်အောင် က ဘာပြောသလဲဆိုရင် စားတော့စားကြပေါ့ကွာ ဒါပေမဲ့ဘ၀ပျက်အောင်တော့မလုပ်နဲ့လို့ အဲလောက် တောင်ပါးစပ်ကငြီးတယ်လို့ပြောတယ် တချို့က အကြီးအကျယ်ဒေါကန်တယ် တကယ်ကုမလား ဆိုပြီးလာခဲ့ တာလေ ဒီမှာကျတော့ ထင်သလိုမဖြစ်ဘူးပေါ့ တချို့ဆို ညကြီးကားတွေနဲ့ပြန်ကြတာလေ တချို့ဆိုစားစရာမရှိဘူး လေ ထောင်ကြီးသောင်းငွေတာကုန်ပြီးလာတာ ဘာမှအကျိုးမဖြစ်ဘူးလေ ” သူက ဆက်ပြောသည်။

ဝေဒနာရှင်များကဒေါသထွက်ကာ အိမ်ပြန်သွားသော်လည်း ကြံ့ဖွံ့အသင်းက လူသောင်းနှင့်ချီလာရောက်ခဲ့ သော ယခုစည်းရုံးရေးအစီအစဉ်ကို အောင်ပွဲခံသည့် အနေဖြင့် နိုဝင်ဘာလ ၂၅ ရက်နေ့ က မိုးညှင်းမြို့ကြံ့ဖွံ့ရုံးတွင် ညစာစားပွဲကျင်းပခဲ့ကြောင်း သိရသည်။

“နံမည်ကြီးတဲ့ ရွှေမြင်တင်ဘုရားကို လိုက်ပို့တယ် ဆရာဝန်တွေကို ကျွေးမွေးတယ် ပြန်သွားပြီးတော့ တနေ့ က ကြံ့ဖွံ့ ရုံးမှာ Dinner party ပါတီပေးတယ် လုပ်အားပေးခဲ့တဲ့သူတွေကို တချို့ ၅,၀၀၀ တို့ တချို့ ၁၀,၀၀၀ တို့ အဲလိုပေးတယ်” လို့ စောစောက ဒေသခံက ပြောသွားသည်။

No comments: