Friday, November 27, 2009

တြိဂံဒေသ လားဟူပြည်သူ့စစ်များအား မဲခေါင်နယ်ခြား လုံခြုံရေးတပ်ရင်းအဖြစ်စတင်ဖွဲ့စည်း

သျှမ်းသံတော်ဆင့်

နအဖ စစ်ရုံးချုပ် ညွှန်ကြား ချက်အရ တာချီ လိတ်မြို့နယ် တာလေမြို့ နယ်ခွဲ ရွှေတြိဂံ ဒေသ လားဟူပြည်သူ့ စစ်အဖွဲ့များ စုစည်း ၍ မဲခေါင် နယ်ခြား လုံခြုံရေး တပ်ရင်း အဖြစ် စတင်ဖွဲ့စည်းလိုက်ကြောင်း တာချီလိတ်မြို့ ခံလားဟူ အသိုင်းအ၀ိုင်း ကပြောပါသည်။


တာလေက ဂျကူးနီပြည်သူ့စစ်အဖွဲ့နဲ့ မိုင်းကိုးကျေးရွာအုပ်စု လားဟူပြည်သူ့စစ်တပ်ဖွဲ့ပေါင်းခိုင်းတယ်။ မဲခေါင် နယ်ခြား လုံခြုံရေးတပ်ရင်းအဖြစ် စုဖွဲ့လိုက်တယ်လေ။ တာချီလိတ်မြို့နယ် နားယောင်းကျေးရွာ အုပ်စုမှာတပ်ရင်းရုံး စိုက်တယ်” - ဟု ဒေသခံ စိုင်းနွံနွဲ့ ကပြော၏။

နေပြည်တော်ည¸န်ကြားချက်အရ ယခုလလယ်ပိုင်းက ကြပ်ပြေးအရာရှိအချို့နှင့် တြိဂံစစ်တိုင်းရုံးစစ်အာဏာပိုင်များ တာလေ (မြို့နယ်ခွဲ) သို့ ရောက်ရှိပြီး အင်အား ၃၀၀ ခန့်ရှိ ဂျကူးနီပြည်သူ့စစ်နှင့် အင်အား ၁၀၀ ခန့်ရှိ မုံးကိုး လားဟူ ပြည်သူ့စစ်တို့ပေါင်း၍ မဲခေါင်နယ်ခြားလြုံခံရေးတပ်ရင်းအဖြစ် ဖွဲ့စည်းပေးလိုက်ခြင်းဖြစ်၏။

“အခုက ဗမာစစ်တပ်အတိုင်းဘဲ၊ ရာထူးရာခံအဆင့်ဆင့်အပြင် ထောက်လှမ်းရေးအဖွဲ့တွေလဲရှိတယ်။လူဟောင်းတွေ တော့ အများကြီးထွက်မယ်၊ လူသစ်ကိုတော့ ပါလျော - ကျိုင်းလပ်ကနေ ဆမ်ပူးကျေးရွာအုပ်စုဘက်အထိမဲခေါင်မြစ် ၀ှမ်း တလျှောက် အယောက် ၆၀ လောက် ထပ်ကောက်တာတွေ့ရတယ်။ တပ်ရင်းမှူးကတော့ ဂျဆိုဗိုလ်ရဲ့သား ဆရာစိုင်းအွန် တဲ့။ သျှမ်း- လားဟူ ကပြား” - ဒေသခံ ၀န်ထမ်းတဦးက ပြောပြသည်။

စစ်အုပ်စုအဆိုအရ ၂၀၀၉ ဒီဇင်ဘာ အကုန် ပါလျော - ကျိုင်းလပ် မှ ရွှေတြိဂံဒေသ ဆမ်ပူးအထိ မဲခေါင်မြစ်ဝှမ်း အနောက် ဘက်တလွှား လှုပ်ရှားနေသည့် မြန်မာစစ်တပ်များ အကုန်ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း၊ဒေသခံလားဟူ များဖြင့် ဖွဲ့စည်း ထားသည့် မဲခေါင်နယ်ခြား လုံခြုံရေးတပ်ရင်းမှ အစားထိုးနေရာယူမည်ဖြစ်ကြောင်း၊ အခြေခံလစာ တစ်ယောက်ကျပ်ငွေ နှစ်သောင်း စတင်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဗမာ့တပ်မတော်သားများ နည်းတူ စစ်ဝတ်စုံ၊ စားနပ်ရိက္ခာ၊ လစာငွေအပြင် အခွင့်ထူးများပင် ရရှိမည်ဖြစ်ကြောင်း - “လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှား ကူးသန်းရောင်းဝယ်လို့ရမယ်လေ။ အဲ့ဒါကြောင့် အခုပြည်သူ့စစ်တပ်ဖွဲ့ ထဲဝင်ဖို့ ဘတ်ငွေ ၃၀˜၀၀၀ ပေးပြီး အသင်းဝင် (အမည်ခံ) တဲ့လူတောင်ရှိတယ်ပြောတယ်” - ဟုလားဟူအမျိုးသား တဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။

ယခုဖွဲ့စည်းလိုက်သည့် မဲခေါင်နယ်ခြားလုံခြုံရေးတပ်ရင်းသည် ဟိုမိန်း (မြို့နယ်ခွဲ) နယ်ခြားကာကွယ်ရေးတပ်ဖွဲ့ကဲ့သို့ အခြား သာမာန်ပြည်သူ့စစ်အဖွဲ့များထက် အခွင့်ထူးများပိုမည်ဟု သုံးသပ်သူများရှိ၏။

မဟာကြာဦးဆောင်သည့် ဟိုမိန်းနယ်ခြားကာကွယ်ရေးတပ်ဖွဲ့လည်း လူသစ်ထပ်ကောက်ပြီး ဒုတိယအသုတ် စစ်သင်တန်း ပေးနေ၏။ မိုင်းဆတ် မြို့နယ်အတွင်းရှိ လားဟူပြည်သူ့စစ်များလည်း တပ်ရင်းအဆင့်တိုးချဲ့ရန် အတွက် သင်တန်းသား ခေါ်ယူခဲ့သော်လည်း ဘိန်းစားများသာပို့ပေးသောကြောင့် နေရပ်ပြန်ပို့ခြင်းခံရကြောင်း မိုင်းဆတ် ပြည်သူ့စစ် အသိုင်းအ၀ိုင်းမှ ဆိုသည်။

ဂျူလိုင် ၇ ရက် ၂၀၀၉ ထုတ် NDD သုတေသန မှတ်တမ်းအရ - ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ညွှန်ကြားချက်ကကျေးရွာ အုပ်စုတခု လျှင် ပြည်သူ့စစ်တပ်ရင်းတရင်း တပြည်လုံးအနှံ့ ဖွဲ့စည်းရမည် ဟု ဆိုသည်။

မိုင်းတုံမြို့နယ်အတွင်းရှိ လားဟူပြည်သူ့စစ်များစုပေါင်းပြီး တပ်ရင်းတရင်း ဖွဲ့စည်းပေးလိုက်ပြီးဖြစ်ကြောင်း နိုဝင်ဘာ လဆန်း ပိုင်းက သျှမ်းသံတော်ဆင့်မှ တင်ပြခဲ့ပြီးဖြစ်သည်။

ကျေးရွာအုပ်စုတခု ပြည်သူ့စစ်တပ်ရင်းအဆင့်တိုးချဲ့ ဖွဲ့စည်းခိုင်းခြင်းသည် ရှေး ဘုရင်ခေတ်ကဲ့သို့လည်းကောင်း၊ တိုက်ပွဲဖြစ်ခဲ့လျှင် (Cannon Fodder လက်နက်ကြီးဓါးစာခံ) ရှေ့ပြေးတပ်အဖြစ်လည်းကောင်း၊ဗမာ့တပ်မတော် ကိုယ်စား အသေခံပေးရမည်ဖြစ်ကြောင်း လေ့လာသူများ ပြောဆိုသုံးသပ်ကြပါသည်။

နအဖ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၀၄ စစ်တမ်းတွင် သျှမ်းတွင် ခရိုင်ပေါင်း ၁၂ ခု၊ မြို့နယ်ပေါင်း ၅၅၊ မြို့နယ်ခွဲ ၂၀ ၊ မြို့ ၇၄ မြို့၊ ရပ်ကွက် ၄၁၅ ၊ ကျေးရွာအုပ်စုပေါင်း ၁၆၃၃ ၊ ကျေးရွာပေါင်း ၁၅၄၂၁ ရှိသည်ဟု ဆို၏။ ကျေးရွာအုပ်စု တိုင်း ပြည်သူ့ စစ်တပ်ရင်းတရင်းစီထားမည်ဆိုပါက (ဌာနေ/အမာခံ/အရန်) ပြည်သူ့စစ်တပ်ရင်း ၁၅၀၀ ရင်းထက် လျော့မည်မဟုတ်ပေ။

No comments: