Thursday, November 26, 2009

ယူနီဖောင်းနှင့် အိမ်ပြန်ရောက်မှ စစ်သားဖြစ်နေကြောင်း မိဘများသိရ

လွန်းဒင်

အသက် မပြည့် သေးသည့် ကလေး ငယ်တဦး တပ်သား အဖြစ်နှင့် အိမ်ပြန် ရောက်လာမှ မိဘများက စစ်သားအဖြစ် စုဆောင်း ခံခဲ့ ရကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ဈ/ ၃၄ ရပ်ကွက်နေ အဖ ဦးအုန်းသန်း၏ သားဖြစ်သူ မောင်ရဲနောင်ဟိန်းသည် အစ်မဖြစ်သူနေထိုင်ရာ အလုံမြို့နယ်သို့ အလုပ်ရှာရန်သွားစဉ် စစ်သားအဖြစ်စုဆောင်းခြင်း ခံလိုက်ခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူက ပြောသည်။

"ကျနော်ကသူ့ကို ပိုက်ဆံ ၁၀၀ ပေးပြီးတော့ သူ့အစ်မဆီကို အလုပ်ရှာခိုင်းလိုက်တာပါ အလုံမြို့နယ်ထဲမှာပါ၊ အဲဒါ သူ့အစ်မဆီကိုလည်း မရောက်ဘူး၊ ပျောက်သွားတာ၊ နောက်မှ ကျနော့်ဆီကို တပ်သားအဖြစ်နဲ့ ပြန်ရောက်လာမှ တွေ့ခွင့်ရတာပါ" ဟု ဖခင်ဖြစ်သူက ပြောသည်။

မောင်ရဲနောင်ဟိန်းသည် ၂၀၀၈ ခုနှစ်၊ တလပိုင်း (၃) ရက်နေ့က စစ်သားအဖြစ် စုဆောင်းခံရပြီး ၎င်း၏အသက်မှာ (၁၆) နှစ်သာဖြစ်ကြောင်း ဖခင်ဖြစ်သူကပြောသည်။

စစ်သားအဖြစ်စုဆောင်ခံရပုံကို မောင်ရဲနောင်ဟိန်းက "သူတို့က ခေါ်သွားတယ် အလုပ်ပေးပါမယ်ဆိုပြီးတော့၊ မင်္ဂလာဒုံမှာ ခဏခေါ်ထားတယ်။ အဲဒီမှာ တပတ်လောက်နေရသေးတယ်။ ဆောက်လုပ်ရေးအင်ဂျင်နီယာ တပ်ရင်းကိုထည့်တော့ အသက်မပြည့်သေးဘူးဆိုတော့ ၀င်လို့မရသေးဘူး မင်္ဂလာဒုံ ကားဂိတ်ဘေးနားမှာ ဆက်သွယ်ရေးက တပ်ကြပ်ကြီး တယောက်ဆီကိုလွှဲပေးလိုက်တာ" ဟု ပြောသည်။

၎င်းပျောက်ဆုံးသွားစဉ် ဖခင်ဖြစ်သူက တပ်သားစုဆောင်းရေးတပ်များတွင် လိုက်လံရှာဖွေသော် မတွေ့ရှိခဲ့ရကြောင်း ဖခင်ဖြစ်သူက ဆက်ပြောသည်။

"လေးရက်လောက်နေတော့ မင်္ဂလာဒုံစုဆောင်းရေးမှာ ကျနော်တို့ သွားရှာပါတယ်။ အဲဒီမှာ အရာရှိ၊ အရာခံတွေက ကျနော်ကို လိုက်ပြပါတယ်။ ဒါပေမယ့် ကျနော်သားကို မတွေ့ခဲ့ရပါဘူး၊ အိမ်ကိုအလည်ပြန်ရောက်မှဘဲ သိရတာ" ဟု ပြောသည်။

မောင်ရဲနောင်ဟိန်းမှာ သင်တန်းဆင်းပြီးနောက် ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အမှတ်(၈) အဆင့်မြင့်ဆက်သွယ်မှု တပ်ရင်းတွင် တာဝန်ထမ်းဆောင်ရင်း မှော်ဘီအခြေစိုက် အဆရ (၁)တွင် ခဏနား၍ အိမ်သို့ အပြီးပြန်လာခြင်း ဖြစ်သည်။

စစ်အစိုးရအနေဖြင့် အရွယ်မရောက်သေးသည့်ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီကို ဖွဲ့စည်းထားသော်လည်း ယခုကဲ့သို့ အသက်မပြည့်သေးသည့် ကလေးငယ်အမြောက်အများမှာ စစ်သားအဖြစ် စုဆောင်းခြင်း ခံနေရသည်။

No comments: