ဗလ
တခုခု ပြုလုပ်ဖန်တီး တော့မယ် ဆိုရင် စိတ်ကူး အမြင်က အရေးကြီး ပါတယ်။ စိတ်ကူး အမြင် အားနည်းရင် ဖန်တည်းပြု လုပ်တဲ့ အရာ ကလဲ မပြီ မပြင်ဖြစ် တတ်ပါတယ်။ ပုံတူကူး ချတာ၊ လုပ်နေကြမို့ အကုန် အလွတ် ရနေ တာမျိုးသာ မဟုတ် လို့ကတော့ စိတ်ကူး အမြင် လွဲရင် လွဲသလောက် အကုန်လွဲ တော့တာ ပါဘဲ။
ကြီးမားကျယ်ပြန့်ပြီးရှုပ်ထွေးတဲ့ ကိစ္စမှာတော့ ပိုလိုအပ်တာပေါ့။ အခုကျနော်တို့ရဲ့ တိုင်းပြည်မှာ ဒီမိုကရေစီစံနစ် တည်ဆောက်ကြမယ်။ (အခု လက်ရှိဗမာပြည်ဟာ ကျနော်တို့အတွက် အဆင်မပြေလို့ နေပျော်ထိုင်ပျော် မဖြစ်လို့ အားလုံးအတွက် အဆင်ပြေမဲ့ နေပျော်ထိုင်ပျော်ဖြစ်ပြီး အားလုံးအတွက် လုံခြုံအေးချမ်းပြီး တိုးတက် ဖွံ့ဖြိုးမှုကို ပေးနိုင်မဲ့ တိုင်းပြည်ဖြစ်ချင်လို့။) ဒီမိုကရက်တစ် တိုင်းပြည်ဖြစ် အောင်လုပ်ကြမယ်။ အဲဒီလို စဉ်းစားလိုက်တော့ ခုကျနော်တို့ရဲ့ ပြဿနာကို ကျနော်ကတော့ အနာဂါတ်ပြည်ထောင်စု တည်ဆောက်ရေး ပြဿနာလို့ ကြည့်မြင်မိပါတယ်။ အဲဒီ စိတ်ကူးပုံရိပ်ပေါ်ကနေ ကြည့်လိုက်တဲ့ အခါကြတော့ ခုတွေ့ နေရတဲ့ အခက်အခဲတွေ အတော်များများကို ဖြေရှင်းကျော်လွှားဖို့ စိတ်ကူးက တမျိုးဖြစ်လာရပါတယ်။
ခုအချိန်မှာ စစ်အာဏာရှင် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရရှိရေး၊ လူ့အခွင့်ရေးရရှိရေး၊ တိုင်းရင်းသား အခွင့်ရေး ရရှိရေး၊ ဆိုပြီး အမျိုးမျိုး ကြွေးကြော်နေကြပါတယ်။ အဲဒီ စိတ်ကူးအမြင်တွေနဲ့ စဉ်းစား ကြံဆပုံ အမျိုးမျိုးက ကျနော်တို့ရဲ့ အရေး တော်ပုံကို အားရကြေနပ် လောက်တဲ့ တိုးတက်မှု မပေးသေးပါဘူး။ စစ်အာဏာရှင်တွေကိုနိုင်ဖို့အတွက် ကျနော်တို့ညီ ညွှတ်ကြဖို့ လိုတယ်၊ လို့ ပြောကြပါတယ်။ အဲဒီ ညီညွှတ်ရေးကိုလဲ အလုပ်ဖြစ်လောက်အောင် မရသေးပါဘူး။ ကျန်တိုင်း ရင်းသားများမှာလဲ သူတို့ရဲ့ အရေးကိစ္စတွေ (ပြဿနာလို့ ကျနော်မသုံးမပါဘူး) ရှိကြပါတယ်၊၊ မြန်မာတိုင်းရင်းသားတွေ မှာလဲ သူတို့ရဲ့  ပြဿနာတွေနဲ့ မျှော်မှန်းချက်တွေ ရှိကြပါတယ်၊၊ မြန်မာတွေနဲ့ ကျန်တိုင်းရင်းတွေ တဘက်ကိုတဘက် မယုံသင်ကာတာနဲ့ အသာစီး ယူထားချင်တာတွေ လဲရှိကြပါတယ်။ မြန်မာတွေက စစ်အစိုးရ ဖယ်ရှားရေး ဒီမိုကရေစီ ရေးကို အဓိကနဲ့ ပထမ လုပ်ချင်တယ်။ ကျန်ကိစ္စတွေကို နောက်မှ ပြောကြ လုပ်ကြတာပေါ့ဆိုတာမျိုး ထားချင်တယ်။ ကျန်တိုင်းရင်းသားများကတော့ ခွဲထွက်ခွင့် အပါအဝင် နယ်မြေပြဿနာ အပါအဝင် လူမျိုးစု ပြဿနာတွေကိုအရင်ပြော ဆိုပြီး ခိုင်မာတဲ့ ဂတိစကား ရထားချင်တယ်။ တချိန်တည်းမှာဘဲ တဘက်ကိုတဘက် မယုံသင်ကာ လည်းရှိနေကြတယ်။ အဲဒါကြောင့် ဗမာတပြည်လုံးရဲ့ ပြဿနာ ဘုံရန်သူကို ရင်ဆိုင်ရေး တိုက်ဖျက်ရေး ပြဿနာတွေမှာ တကယ့် ပူးပေါင်း ဆောင်ရွက်မှုကို မရနိုင်ကြဘူးဖြစ်နေပါတယ်။
ဒါတွေကို ကျော်လွန်ပြီး ဗမာတပြည်လုံး မှာရှိတဲ့ ပြည်သူတွေ ကြီးမားတဲ့ စည်းလုံးညီညွှတ်မှု ရှိမှသာ ကျနော်တို့ အောင်မြင်မှု ရမှာဖြစ်ပါတယ်။ ကျနော့်အနေနဲ့ အနာဂါတ် ပြည်ထောင်စု တည်ဆောက်ရေး ပြဿနာလို့ ကြည့်မြင်ပြီး စဉ်းစားလိုက်တော့ ပြဿနာ အတော်များများကို လက်ငင်းဖြေရှင်းဖို့ လိုတယ်လို့ ယူဆမိပါတယ်၊ ဘယ်ကိုဦးတည်ပြီး ရှင်းရမလဲ ဆိုတော့၊ အနာဂါတ်ပြည်ထောင်စု ဗမာနိုင်ငံတည်ဆောက်ရေးကို ဦးတည်ပြီး လုပ်ကြရပါမယ်။ ဟုတ်ပါတယ်။ ပထမဆုံး ကိုယ်ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ် ဆိုတာ ရှင်းရှင်း လင်းလင်း ဖြစ်နေဖို့ လိုပါတယ်။ ရိုးရိုးသားသားလဲ ဖြစ်နေကြရင်တော့ ပိုကောင်းတာပေါ့။
ပဌမဆုံးအနေနဲ့ ကျနော်တို့က ကိုယ်ဘယ်လိုဗမာပြည်မျိုးမှာ နေချင်သလဲဆိုတာ စဉ်းစားကြည့်ရ ပါမယ်။ ပြီးတော့ ကိုယ်နဲ့ အနီးဆုံးလူတွေနဲ့စပြီး ညှိကြည့်တာပေါ့။ အတိတ်က ပြဿနာတွေကို အတတ်နိုင်ဆုံး ချန်ထားခဲ့ပြီး အနာဂါတ် ကို များများအာရုံစိုက်ပြီး ပြောကြ ညှိကြရ မှာပေါ့။ သေချာတာကတော့ ခုစစ်ဗိုလ်တွေ ကြိုးစားနေသလို ကိုယ့်အတွက် အကောင်းဆုံးတွေနဲ့ ကိုယ်ကြိုက်တွေချည့်ဘဲ ဆိုတဲ့ ဒီဇိုင်းကိုတော့ အများက ကြိုက်မှာမဟုတ်ဘူး လက်ခံမှာမဟုတ်ဘူး ဆိုတာပါဘဲ။ တကယ်လိုလိုချင်ချင် နဲ့သာ ပြောဆိုညှိနှိုင်းကြမယ် ဆိုရင်တော့ သူကြိုက်ကိုယ်ကြိုက် အများလက်ခံနိုင်ပြီး အလုပ်ဖြစ်လောက်တဲ့ ဒီဇိုင်းကရလာမှာပါ။
အလုပ် လုပ်ဖြစ်ဖို့ဆိုရင် သိပ်ယေဘူယျ ဆန်တဲ့သဘောတူညီမှုမျိုးတွေ လောက်နဲ့ မရနိုင်ပါဘူး။ အလုပ်ဖြစ်လောက်တဲ့ သဘောတူညီမှု ရအောင်ညှိကြဖို့ဆိုရင်လဲ သိပ်အသေးစိတ် ဂဂျီဂဂျောင် ကြနေလို့လဲ မဖြစ်ပါဘူး။ ပြဿနာတွေ မရှိ သယောင် ဟန်ဆောင်ကြဖို့လဲ မလိုပါဘူး။ လက်တွေ့ အလုပ်ဖြစ်အောင်ကတော့ ဖြေရှင်းကြရပါမယ်။ ပြဿနာတွေ အကုန်ရှင်းပြီးမှ စလုပ်မယ် ဆိုတာမျိုးလဲ မဖြစ်ထိုက်ပါဘူး။ အဲဒီလိုနည်းနဲ့ တန်းညှိကြည့်လိုက်ရင် ဘယ်သူတွေကတော့ မညီချင်လို့ကို မညီနေတာဘဲ၊ အလုပ်မလုပ်ချင်လို့ကို အလုပ်မဖြစ်ချင်လို့ကို မလုပ်ဘဲ နေတာဘဲ ဆိုတာလဲ ပေါ်လာနိုင် ပါတယ်။
ကျနော်တို့ကြားထဲမှာ နယ်မြေပြဿနာတွေ ရှိပါတယ်၊ အခွင့်အရေးပြဿနာတွေ ရှိပါတယ်၊ စီးပွါးရေး ပြဿနာတွေ ရှိပါတယ်။ ဒါတွေကို အတက်နိုင်ဆုံး ပွင့်ပွင့်လင်းလင်း ချပြကြပြီး ညှိနှိုင်းဖြေရှင်းကြဖို့ လိုပါတယ်။ အဲဒါတွေ ပြေလည် လာသလောက် အခြင်းခြင်းကြားက ညီညွှတ်ရေးကလည်း ပိုပြီးအားကောင်း လာမှာဖြစ်ပါတယ်။ အရေးကြီးတာကတော့ အခြင်းခြင်းကြားထဲမှာ ကိုယ်ကအသာစီး ရယူထားချင်တာကို အဓိကမထားဘဲ စစ်အာဏာရှင်စံနစ်ကို တိုက်ဖျက်နိုင် အောင် ညီညွှတ်ရေးရဖို့ကို အဓိကထားပြီးလုပ်ကြမယ် ဆိုရင်တော့ ရကိုရမှာပါ။ ညှိလို့ရသလောက်မှာ သတ်သတ်မှတ် မှတ် လုပ်ငန်းတာဝန်ခွဲဝေပြီး ဆက်လုပ်ကြတာပေါ့။ တဦးခြင်းကိုက ကြီးငယ်မရွှေး တာဝန်ကို သတ်သတ်မှတ်မှတ် ယူကြရပါမယ်။
ဆွေးနွေးညှိနှိုင်းလို့ ရလာတာတွေက ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအတွက် အခြေခံတွေနဲ့ လုပ်ထုံးလုပ်နည်းတွေအတွက် အခြေခံတွေ ဖြစ်လာရပါမယ်။ အဲဒီကနေ အနာဂါတ်ပြည်ထောင်စု အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံအထိ မျှော်မှန်းပြီး လုပ်ကြ ရပါမယ်။ ဒီလိုနည်းနဲ့  ကျနော်တို့မှာ တိကျ ရှင်းလင်းတဲ့ ဘုံအခြေခံနဲ့  ဘုံရည်မှန်းချက်အဖြစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့  အနာဂါတ် ပြည်ထောင်စု ကိုရလာနိုင်ပါတယ်၊၊ ဘာအတွက် ကျနော်တို့  စစ်တိုက်ကြမလဲ ဒါအတွက် တိုက်ကြမယ်၊ ဘယ်အပေါ်မှာ အခြေခံပြီး ညီညွှတ်ကြမလဲ ဒီအပေါ်မှာ အခြေခံပြီး ညီညွှတ်ကြမယ်။ မှန်တယ်မှားတယ် တိုင်းဖို့  စံ(ပေတံ)ရလာပါမယ်။
ရ လာမည့် ဖွဲ့စည်းပုံကို လိုက်နာကျင့်သုံးမဲ့ လွှတ်တော်၊ ပါလီမန်၊ အစိုးရအဖွဲ့၊ စတာတွေ တည်ထောင်ရပါမယ်။ အဲဒီ ဖွဲ့စည်းပုံနဲ့ အစိုးရကို သစ္စာခံပြီး၊ လိုက်နာဆောင်ရွက် မည့်တပ်မတော် တရပ်နဲ့ ယန္တယား ( ဗြူရိုကရေစီ ယန္တယား ) တရပ်ကိုလဲ တည်ဆောက်ယူ ရပါမယ်။ ဖယ်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ၊ နဲ့ပြည်ထောင်စု အစိုးရကို သစ္စာခံတဲ့ ၊ ပြည်ထောင်စု တပ်မတော် တရပ်ဟာ၊ ကျနော်တို့ရဲ့ နိုင်ငံရေး သဘာဝဝန်းကျင် အနေအထား (Political Environment ) အပြောင်းအလွှဲအတွက် အများကြီး အလုပ်လုပ် လာပါလိမ္မယ်။ အရေးကြီးတာက ညှိလို့ရ သလောက်က စလုပ်။ လုပ်လို့ရသလောက်ပေါ် အခြေခံပြီး ထပ်ညှိ တစိုက်မတ်မတ် လုပ်ကြဖို့ပါဘဲ။ အန္ဒရယ်တွေ ကတော့ ဆင့်ကဲဆင့်ကဲ လုပ်သွားကြရမဲ့ အပြာင်းအလွှဲတွေ အတွင်းမှာ ကွဲမဲ့လူတွေရဲ့ တုံးခုမဲ့ ကိစ္စနဲ့ ပေါက်မဲ့လူတွေရဲ့ ကိုယ့်မြင်းကိုယ်စိုင်း ကိုယ်လိုရာ ဆွဲပြေးကြမဲ့ ကိစ္စတွေဘဲဖြစ်ပါတယ်။
နောက်စဉ်းစားချက်တခုက ဒီလိုပါ တတိယနိုင်ငံရောက်၊ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ အရေးတော်ပုံကို သံယောဇဉ် မကုန်ကြပါဘူး။ တနည်းနည်းနဲ့  ပါတ်သက်ချင်ကြပါတယ်၊ ပတ်သက်ကြောင်း ပြချင်ကြပါတယ်၊ ဒါပေမဲ့ အများစုဖြစ်တဲ့ တချို့ဟာ အကြောင်း အမျိုးမျိုး ကြောင့် ဟိုလူကိုတော့ မထောက်ခံနိုင်ဘူး၊ ဒီအဖွဲ့ စည်းနဲ့တော့အဆင် မပြေဘူး၊ ဆိုတာတွေ ရှိနေကြပါတယ်၊ ဒီဗမာတွေဟာ လုံလောက်တဲ့ အကျိုးအကြောင်းရှိရင်တော့ တတ်နိုင်သလောက် အားပေးထောက်ခံကြမှာပါ။ ဆိုလိုချင်တာက ပြည်ထောင်စုအစိုးရနဲ့  ပြည်ထောင်စု တပ်မတော် အနေနဲ့  ရံပုံငွေ ကောက်လို့ရနိုင်ပါတယ်။
လူသိပ်များများကို မဟုတ်ပေမဲ့၊ (၁၉၉၉)လောက်က ရံပုံငွေ မကောက်ခံချင်ဘူးလို့  သဘောထားရှိ တဲ့လူတွေကို မေးကြည့်မိထားတာ ရှိပါတယ်။ ၁၊ ၊ လိုက်ကောက်ရမှာ အောက်ကျတယ်။ ၂၊ ၊လူတွေက ထည့်မယ်လို့  မထင်ဘူး။ ၃၊ ၊ နာမည်ခံလေးဘဲ ရမယ်၊ လုံလောက်အောင် ရမယ်လို့ မထင်ဘူး။ ၄၊ ၊ ငွေ လေး နည်းနည်းပါးပါး ထည့်ပြီး မြိုပေါ်နေတဲ့ လူတွေက တော်လှန်ရေး လုပ်နေတဲ့ သူတွေကို ဆရာ လာလုပ်တာ၊ ဝေဖန်တာ မခံနိုင်ဘူး။ ၅၊ ၊ငွေထည့် တဲ့သူတွေကို စာရင်း ပြန်ရှင်း ပြမနေနိုင်ဘူး။ ၆၊ ၊ တာဝန်ခံ ပြီးကောက်ပေးမဲ့လူ မရှိဘူး - -အစရှိ တဲ့အကြောင်းပြချက် တွေ ရပါတယ်၊ ကျနော့် အနေနဲ့တော့ အဲဒါတွေ အကုန်လုံးဟာ ဖြေရှင်းလို့ရတဲ့ ကိစ္စတွေဘဲ ဖြစ်ပါတယ်။ နည်းစံနစ် ပြည့်စုံမှန်ကန်ဖို့တော့ လိုမှာပေါ့ ။ အခုတော့လဲ အဖွဲ့အစည်းတချို့အနေနဲ့ ငွေလိုက်အလှူခံရ ကောက်ရတဲ့ အတွေ့အကြုံ တွေ အတော်ရနေပါပြီ။
ဒါပေမဲ့ ကျနော်တို့ ဗမာပြည်က လူတွေအနေနဲ့ ကွန်မြူနတီ စုရုံးမှုမှာ အတော်အားနဲ ပါသေးတယ် နိုင်ငံတကာမှာ တရုတ်၊ ကုလား၊ တိဘက်၊ ဗီယက်နန် စသည်ဖြင့် (Community center) တွေ အတော်ကောင်းတာတွေ့ ရပါတယ်။ ခု ဗမာကစပြီး လိုက်လာပါပြီ။ ဒီကိစ္စမှာ ချင်းလူမျိုးတွေက အများကြီး ရှေ့ရောက်တာ တွေ့ရပါတယ်။ community အစု အစည်း ပေါ်လာတော့ ဦးဆောင်မှု ဖေါ်ယူလာရပါတယ်၊ ပေါ်လာရပါတယ်။ တချိုနေရာတွေမှာ ပုံမပေါ်သေးပါဘူး။ အင်နဲ့ အားနဲ့  ပေါ်လာအောင် စနစ်တကျ ဖြစ်လာအောင် အားပေးကြရပါမယ်။ အနာဂါတ်ပြည်ထောင်စုကို ယုံကြည်တဲ့ ကျနော်တို့က (Community Leader ) တွေကို ဖက်ဒရယ်ပြည်ထောင်စုအစိုးရရဲ့  ကိုယ်စားလှယ်တွေ ၊ကောင်ဆယ် လာတွေ၊ သံအမတ်တွေ ဖြစ်လာအောင် လုပ်ကြရပါမယ်။ ဒေသခံအစိုးရတွေ၊ အဏာပိုင်တွေက၊ တရားဝင်အသိအမှတ် ပြုရင် ပြည်ထောင်စု အစိုးရကလဲ တရားဝင် အသိအမှတ်ပြု ခန့်ထားရပါမယ်။ ဒေသခံ အာဏာ ပိုင်တွေက တရားဝင် အသိအမှတ် မပြုသေးရင်လဲ ကိုယ့်ဗမာလူမျိုးတွေက အသိအမှတ်ပြု ဆက်ဆံလာဖို့  အနိမ့်ဆုံးထား ကြိုးစားရပါမယ် အဲဒါနည်းလမ်းများစွာ ရှိပါလိမ္မယ်။
ဒီလိုနည်းနဲ့ နိုင်ငံရေး၊ စီမံခန့်ခွဲရေး အလုပ်တွေ အများကြီး ပေါ်လာပါမယ်။ အဲဒီ ဗြူရိုကရေစီ ယန္တယား တည်ဆောက် ရေးဟာ ကျနော်တို့ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ စစ်အာဏာရှင်စံနစ် ဆန့်ကျင်ရေး လုပ်နေတဲ့ အဝန်းအဝိုင်း အတွင်းမှာရှိနေတဲ့ ပြဿနာ အတော်များကို ဖြေရှင်းပြီး ကျနော်တို့ကို ကျနော်တို့ နောက်တဆင့် တိုးတက်အောင်လုပ်ဖို့ အခြေအနေပေးလာမှာ ဖြစ်ပါတယ်။ ဘာတွေလဲလို့ ရေတွကကြည့်မယ်ဆိုရင် ---
- အလုပ်များတဲ့ သူတွေမှာ မနိုင်မနင်းတွေဖြစ်ပြီး ထောင့်မစေ့နိုင်လို့ လစ်ဟာ နှောင့်နှေးမှု တွေဖြစ်နေရတာ။
- အလုပ်မရှိတဲ့သူတွေ ဘေးထိုင်ဘိုင်ကျ ဘုပြောဖြစ်နေရတာ။
- တီထွင် ဖန်တီး ဦးဆောင်မှု ပေးရတဲ့ နိုင်ငံရေးခေါင်းဆောင်မှု အလုပ်နဲ့ ပုံမှန်လှည်ပတ် နေအောင် ထိမ်းသိမ်းရတဲ့ စီမံခန့်ခွဲသူရဲ့ အလုပ်လို သဘာဝမတူတဲ့ အလုပ်တွေကို လူတဦးထဲက လုပ်နေရတာတွေ။
- တော်လှန်ရေးနယ်ပယ်မှာ ရှေ့ကလုပ်နေတဲ့သူတွေကို အားမလို အားမရနဲ့ စောင့်ကြည့် နေရတာကလွဲလို့ လုပ်စရာမရှိဖြစ်နေတာ စတာတွေဖြစ်ပါတယ်။
နောက်မြင်မိတာ တခုကတော့ ဒီနေ့အချိန်တွေမှာ ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့  ရောက်နေတဲ့ ဗမာတွေ ၂သန်းခွဲ ကျော်မယ်လို့ ခန့်မှန်းပါတယ်၊ သူတို့တွေက ဗမာပြည်ဟာ သူတို့ပြည်လို့ သဘောထားနေသေးရင် ဗမာပြည် အစိုးရ ကလဲ သူတို့ကို ကိုယ့်ပြည်သားတွေလို့ သဘောထား ရပါလိမ္မယ်။ ကျနော်တို့ရဲ့ ပြည်သူ၊ သားတွေ ကံအတော်ဆိုးပါ တယ်၊ ရောက်ရာနေရာမှာလဲ မျက်နှာငယ်ကြပါတယ်။ လက်ရှိ အုပ်ချုပ်နေတဲ့ စစ်အစိုးရကလဲ အခွန်ကောက်ဖို့နဲ့ သူတို့ အပေါ်က အမြတ်ထုတ်ဖို့လောက်ဘဲ စိတ်ဝင်စားပါတယ်။ သဘာဝဘေး၊ စစ်ဘေး၊ ဒါမှမဟုတ် ပြဿနာ တခုခုဖြစ်ခဲ့ရင် တခြားတိုင်းပြည် အစိုးရတွေက သူတို့ပြည်သူတွေဘက်က ရပ်ခံတယ်၊ ကာကွယ်ဖို့၊ ကယ်တင်ဖို့၊ လုပ်ကြတယ် ကျနော် တို့ဗမာပြည်သားတွေမှာတော့ ခိုကိုးရာမဲ့ ဖြစ်ကြပါတယ်၊ ကိုယ့်တိုင်းပြည် အစိုးရကို တိုင်ကြား အကူအညီ တောင်းခံဖို့ ထက် ဒီအစိုးရ သိမသွားအောင် ဖုံးကွယ်ပုံးအောင်း နေဖို့ ကြိုးစားကြရပါတယ်။
ကျနော်တို့ရဲ့ ပြည်ထောင်စု အစိုးရက ဒီကိစ္စတွေကို ဘယ်လိုသဘောထား ကြမလဲ။ ဒါဟာ အရေးကြီး ပါတယ်၊ ၁-၁၊ ဘယ်လောက် လူစဉ်မှီတဲ့ အစိုးရ ဖြစ်လာမလဲ၊ ၂-၂၊ ဘယ်လောက် အင်အားရှိတဲ့ အစိုးရ ဖြစ်လာမလဲ၊ ၃-၃၊ ဘယ် လောက်အထိ ပြည်သူကို ကိုယ်စားပြုနိုင်တဲ့ အစိုးရဖြစ်လာမလဲ။ ဆိုတာတွေကို အဆုံးအဖြတ်ပေးတဲ့ ကိစ္စဖြစ်လာနိုင် ပါတယ်။ ၁-၁၊ အစိုးရ တာဝန် ဝတ္တရားများ ထမ်းဆောင်နိုင်စွမ်း ၊ အစိုးရဟု အသိမှတ်ပြု ဆက်ဆံခံရမှု၊ တုံ့ပြန် အရေး ယူနိုင်သည့် အတိုင်းအတာ၊- -စသည် များကို ဆိုလိုပါသည်။ ၂-၂၊ ပြည်သူ ထောက်ခံမှု အတိုင်းအတာ၊ ငွေကြေး အင်အား၊ လူအင်အား၊ အဆက်အသွယ်များ၏ အမျိုးအစားနဲ့  အတိုင်းအတာ၊ စစ်အင်အား၊ - -စသည်များကို ဆိုလို ပါသည်။ ၃-၃၊ ပြည်တွင်း၊ ပြည်ပ ဗမာများကို ဘယ်လောက်သြဇာ လွှမ်းမိုးသလဲ၊ ပြည်သူ အစိတ်အပိုင်း ဘယ်လောက် များများနဲ့  နယ်မြေဧရိယာ ဘယ်လောက်အထိမှာ ဆန္ဒမဲ ကောက်ယူနိုင်စွမ်း ရှိသလဲ၊- - စသည်များကို ဆိုလိုပါသည်။ ဒါတွေအတွက်လဲဘဲ ပြည်ထောင်စုတပ်က အဓိက မောင်းနှင်အား ဖြစ်လာပါလိမ္မယ်။
အခုအချိန်မှာတော့ စစ်အုပ်စုက အမျိုးသားရင်ကြားစေ့ရေးကို မျက်ကွယ်ပြုပြီး စစ်အာဏာ ခိုင်မာရေးကို အတည့် အလင်း လုပ်လိုက်ပြီဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (အပစ်ခတ်ရပ်စဲ၊ မရပ်စဲ) အားလုံးကို နအဖက ဖျက်သိမ်းရေး လုပ်ပါလိမ့်မည်။ ဒီမိုကရေစီ နည်းကြ လူမျိုးစု အခွင့်အရေးများ မျှော်လင့်စရာ မရှိပါဘူး။အဖျက်သိမ်းမခံ ချင်လျှင် ခုခံကာ ကွယ်ရေးလုပ်ကြရပါမည်။ တစ်ဦးချင်း တစ်ဖွဲ့ချင်း ခုခံကာကွယ်ရေးလုပ်ရန် အခက်ခဲအများကြီး ရှိပါ သည်။ စုပေါင်း၍လုပ်လျှင် ဖြစ်နိုင်ချေပိုရှိပါသည်။ စုပေါင်း အစီအစဉ် အနေအဖြင့် ပြည်ထောင်စုတပ်သည် နည်းလမ်း တစ်ရပ် ဖြစ်ပါသည်။ ကျနော်တို့ အနေဖြင့် ဖက်ဒရယ် ပြည်ထောင်စုကို လက်တွေ့ကြကြ လက်ခံကျင့်သုံးကြဖို့ဘဲ လိုပါ သည်။
ကျနော်တို့က ပြည်ထောင်စုတပ် ဖေါ်သည့် လုပ်ငန်းဖြင့် ဦးဆောင်၍ဖြစ်စေ၊ န အ ဖ က စစ်ရေး နိုင်ငံရေးအရ ချေမှုန်း ၍ဖြစ်စေ၊ ကမ္ဘာ့အင်အားကြီးများ၏ ကမ္ဘာ့စံစနစ်သစ် (New world order ) တွက်လွန်ဆွဲပွဲ ကြောင့်ဖြစ်စေ၊ အခြေအနေ များပြောင်းတော့မည်။ ပြောင်းနေပါသည်။ ဒါကိုကျနော်တို့ ဒီမိုကရေစီ အင်အားစုများလဲ ရှောင်လွှဲ၍ ရမည်မဟုတ်ပါ။ ယခု ၂ဝဝ၉ ခုနှစ် ထဲမှာတော့ အခြေအနေတွေကို အားလုံးဘဲ တွေ့မြင် ထိသိ ခံစား နေကြရပြီး ဖြစ်ပါသည်။ အပြောင်း အလွဲတွေက မြန်ပါသည်၊ ကျနော်တို့ အမှီလုပ် ကြရပါမည်။ ကိုယ်ကိုတိုင်က ကိုယ် ရောက် နေတဲ့နေရာက စလုပ်ကြဖို့ ဖြစ်ပါသည်။ ကျနော်တို့ရဲ့ အနာဂါတ်ကို ကျနော်တို့ကိုယ်တိုင် တည်ဆောက်ယူကြပါစို့။
ကောင်းမွန်သောအနာဂါတ်ကို မျှော်မှန်းလျှက်
ဗလ
အခုအချိန်မှာတော့ စစ်အုပ်စုက အမျိုးသားရင်ကြားစေ့ရေးကို မျက်ကွယ်ပြုပြီး စစ်အာဏာ ခိုင်မာရေးကို အတည့် အလင်း လုပ်လိုက်ပြီဆိုတော့ ကျနော်တို့ အနေနဲ့ တိုးမြင့် တိုက်ခိုက်ဖို့ မှတပါးတခြားမရှိတော့ပါဘူး။
No comments:
Post a Comment