Monday, November 30, 2009

အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်ရန် ၀ါရင့်နိုင်ငံရေးသမားကြီးများ တိုက်တွန်း

မင်းနိုင်သူ / ၃၀ နိုဝင်ဘာ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ပေးပို့ထားသည့်စာကို အခြေခံကာ ၀ါရင့်နိုင်ငံရေးသမားကြီးများက ၎င်းတို့၏ သဘောထားတရပ်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ နိုဝင်ဘာ (၂၈) ရက်တွင် ပေးပို့ခဲ့သည်။

“အဓိကကတော့ အစိုးရအနေနဲ့ ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းပေါ် အမြန်ဆုံးတက်လာဖို့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ အနေနဲ့ ဆန္ဒရှိတယ်ဆိုတာကို ဖော်ပြလိုက်တာပါ” ဟု ၀ါရင့်နိုင်ငံရေးသမားကြီး ဦးသာဘန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲဟူသောပေးစာ နိုဝင်ဘာ (၁၁) ရက်တွင် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့ခဲ့ပြီး သူ့အနေဖြင့် နိုင်ငံအကျိုးရှိစေမည့် ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်လည်း တွေ့ဆုံဆွေးနွေးလိုပါကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။

သို့ရာတွင် အဆိုပါစာနှင့်စပ်လျဉ်း၍ နအဖစစ်အစိုးရဘက်မှ သီတင်း (၂) ပတ်ကျော်အကြာ တုံ့ပြန်မှုတစုံတရာ မရှိခဲ့သည့်နောက် ၀ါရင့်နိုင်ငံရေးသမားကြီးများက ၎င်းတို့၏ သဘောထားကို ထုတ်ဖော်ပြောကြားလိုက်ကြခြင်းဖြစ်သည်။

ဝါရင့်နိုင်ငံရေးသမားကြီးများ၏စာတွင် ၀ါရင့်အဖွဲ့အနေဖြင့် ၁၉၉၅ ခုနှစ်မှစ၍ ယနေ့အထိ (၁၄) နှစ်တိုင်တိုင် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အကြံပေးခြင်း၊ ပန်ကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယခုလည်း ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာသည် အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ပေးနိုင်မည့် စာတစောင်ဖြစ်နေကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့်လည်း ဗုဒ္ဓအဆုံးအမများနှင့်အညီ မေတ္တာတရားရှေးရှုပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားသင့်ကြောင်းတို့ကို ရေးသားထားကြောင်း ဦးသာဘန်းက ပြောသည်။

“၀ါရင့်အဖွဲ့အနေနဲ့ အစဉ်တစိုက် တိုက်တွန်းနေတာက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးပါပဲ။ လိုအပ်ရင် လိုအပ်သလို စာရေးသား တိုက်တွန်းနေတာပါ။ နအဖအစိုးရဘက်က တုံ့ပြန်မှုရှိတာ မရှိတာက သူ့အပိုင်းလေ။ တို့ လုပ်စရာရှိတာ၊ ပြောစရာရှိတာကို လုပ်တာပြောရမှာက တို့အပိုင်းလေ” ဟုလည်း ၎င်းက ပြောသည်။

ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့ကို လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော သခင်ဟောင်းများ၊ ပြည်သူ့ရဲဘော်ဟောင်းများက ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စတင်ဖွဲ့စည်းစဉ်က (၂၃) ဦး ပါဝင်သော်လည်း ယခုအခါ (၁၀) ဦးခန့် သာ ကျန်းမာရေးကောင်းမွန်စွာ ရှိနေကြောင်း သိရသည်။

“ဗိုလ်မှူးအောင်တို့၊ သခင်သိန်းဖေတို့ စဖွဲ့ခဲ့တာပါ။ နောက်တော့ တချို့တွေလည်း ကွယ်လွန်ကုန်ကြ။ တချို့တွေလည်း ကျန်းမာရေး ညံ့ကုန်ကြနဲ့။ အခု သွားလာလှုပ်ရှား ပြောနိုင်ဆိုနိုင်တာက (၇) ဦး၊ (၈) ဦးလောက်ပဲ ရှိပါတော့တယ်” ဟု ဦးသာဘန်းက ပြောသည်။

No comments: