Sunday, November 22, 2009

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ဗလ

၁၉၉၉-ခုလောက်က The Asian age သတင်းစာက သိပ္ပံ နဲ့ နည်းပညာ အခန်းမှာ စာတိုလေးတခု ဖတ်မိခဲ့ဘူးပါတယ်။ ဆိုလိုချက် က တော့ တကမ္ဘာလုံးက တိုင်းပြည်တွေ အမေရိကန်လူနေမှု အဆင့် အတန်း မျိုး ရဖို့ဆိုရင် ဒီကမ္ဘာကြီးဟာ လေးဆလောက် ပိုကြီးဖို့ လို တယ် ဆိုတဲ့ အကြောင်းပါဘဲ။

ဒီနေ့တိုင်းပြည်တွေ အားလုံးကလဲ တိုးတက်ဖွံ့ဖြိုးရေး ချမ်းသာကြွယ်ဝရေး အတွက် အသဲအသန် ပြိုင်ဆိုင်ကြိုးစား နေကြတာလဲ အားလုံးအသိပါဘဲ။ အထက်ပါ သတင်းအရဆိုရင် နည်းပညာ၊ အရင်းအနှီး၊ အပြင် သဘာဝသယံဇာတ အတွက်ကိုလဲ အလုအယက် ပြိုင်ဆိုင်နေကြရအုံးမယ်လို့ နားလည်လို့ ရပါတယ်။ ဒီတော့ ကျနော်တို့ကသာ အားနည်း ချက်ရှိနေရင်တော့ ကျနော်တို့ရဲ့ သယံဇာတတွေကို တခြားသူတွေက ယူငင်သုံးဖွဲဖို့ အခွင့်အလမ်း ပိုများများရကြမှာ ဖြစ်ပါတယ်။

ကျနော်တို့ တိုင်းပြည် မှာ ပြည်တွင်းစစ် ဖြစ်နေတာ၊ တိုင်းပြည်ပြန်လည် တည်ဆောက်ရေး နဲ့ပါတ်သက်လို့ စစ်အာဏာ ပိုင်များနဲ့ ကျန်ပြည်သူလူထု စိတ်ဝမ်းကွဲပြီး ဒီမိုကရေစီ တောင်းဆိုမှု တိုက်ပွဲဖြစ်နေတာ၊ ဒါတွေကြောင့် တည်ငြိမ်အေး ချမ်းပြီး စုစည်းညီညွတ်တဲ့ အားပြည့်မန်ပြည့် အမျိုးသားနိုင်ငံအဖြစ် မရပ်တည်နိုင်သေးတာဟာ ကျနော်တို့ရဲ့ အားနည်း ချက်ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကျနော်တို့ရဲ့ သယံဇာတတွေကို ထိုက်ထိုက် တန်တန်ဈေးရအောင် ကျနော်တို့အတွက် ထိုက်ထိုက် တန်တန် အကျိုးရှိအောင် မလုပ်နိုင်ပဲဖြစ်နေကြပါတယ်၊ နောက်ဆုံး ကျနော်တို့ တိုင်းသူပြည်သားများရဲ့ လုပ်အားတွေတောင်မှ သူများနည်းတူ တန်ကြေးမရှိ အကျိုးမရှိဖြစ် နေကြရပါတယ်။ ဒီအပေါ်မှာ အိမ်နားနီးခြင်းများ အပါအဝင် အခြားတိုင်းပြည်တွေက အကျိုးရှိနေကြပါတယ်။

ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာ ကို ဖြေရှင်းဖို့ အမျိုးမျိုး အဖုံဖုံ ကြိုးစားလာခဲ့ကြတာ နှစ် ၂ဝ-ရှိလာပါပြီ၊ ဒါပေမဲ့ မအောင်မြင်သေးပါဘူး။ အခုကျနော် တင်ပြမဲ့ကြံဆချက်ကလဲ ဒီပြဿနာကို ဖြေရှင်းဖို့ကြိုးစားချက်တခု ဖြစ်တယ် ဆိုတာကိုကြိုးကြိုးတင်တင် ဝန်ခံပါတယ်။

အမျိုးသားရင်ကြားစေ့ရေးနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို ကျနော်တို့ ပြောနေကြတာက အားလုံးရဲ့ အကျိုးစီးပွါး အတွက်ဖြစ်တယ်၊ ရေရှည် အမျှော်အမြင် ကြောင့်ဖြစ်တယ်။ ယှဉ်ပြိုင်မှုတွေ သဲသန်ပြင်းထန်တဲ့ ဒီကနေ့ ကမ္ဘာကြီးထဲမှာ ကျနော်တို့ တိုင်းပြည်ဟာ အားမန်ပြည့်တဲ့ ယှဉ်ပြိုင်နိုင် စွမ်းကြီးတဲ့ စည်းလုံးညီညွတ်တဲ့ အမျိုးသားနိုင်ငံ ဖြစ်လာစေဖို့ ပြောနေတာဖြစ်ပါတယ်။ ဒါမှသာ ကျနော်တို့ရဲ့ သယံဇာတတွေ၊ ကျနော်တို့ ပြည်သူလူထုရဲ့ အကျိုးစီးပွါးတွေကို ကျနော် တို့ ကာကွယ်နိုင် မှာဖြစ်ပါတယ်။

ဗမာတိုင်းရင်းသားတွေနဲ့ ကျန်တိုင်းရင်းသားတွေကြား နိုင်ငံရေးခြားနားမှု ပြဿနာတွေကို အနာဂါတ် ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်တူညီစေခြင်းဖြင့် ဖြေရှင်းနိုင်မယ်လို့ မျော်လင့်ပါတယ်။ လက်ဝဲ လက်ယာ အုပ်စု ပြဿနာနဲ့  စစ်အုပ်စုနဲ့ ကျန်အင်အားစုများရဲ့ ပြဿနာကတော့ တယောက်ကို တယောက် အသိအမှတ်ပြုရေးနဲ့ နေရာ ပေးရေးနဲ့ ဖြေရှင်းရမယ်လို့ မျော်လင့်ပါတယ်။

တတိုင်းပြည်လုံး ပြည်သူတွေအတွက် အကောင်းဆုံး ဖြစ်အောင်နဲ့ ပြဿနာတွေ (နိုင်ငံရေး ပြဿနာတွေ) ဖြေရှင်းနိုင်ဖို့ အတွက်ကတော့ ဘယ်လိုအနာဂါတ်မျိုး တည်ဆောက်မလဲ ဆိုတဲ့အပေါ် သဘောတူကြဖို့ ဖြစ်ပါတယ်။ ဘယ်လိုပြည် ထောင်စုမျိုး ဘယ်လိုအနာဂါတ်မျိုး တည်ဆောက်မယ် ဆိုတာကို အကျ အန အကျေအလည် သဘောတူနိုင်ကြရင် အခြေအနေတွေ ပြောင်းလဲဖို့အတွက် စလုပ်လို့ ရမယ်လို့ ယုံကြည်ပါတယ်။

တပြည်လုံးမှာရှိတဲ့ ပြည်သူတွေ ၊အင်အားစုတွေ ဆိုပေမဲ့၊စစ်အုပ်စုနဲ့ ကျန်အင်အားစုတွေနဲ့ ကွာခြားပါတယ်၊ စစ်အုပ်စုက နိုင်ငံရေးအာဏာရယူပြီး တိုင်းပြည်ကို လက်တွေ့  အုပ်ချုပ်နေတဲ့ ကြီးမားတဲ့လက်နက်ကိုင် အင်အားစု ကြီးဖြစ်တယ်။ မြန်မာတိုင်းရင်းသားတွေ အပါအဝင် ကျန်အုပ်စုတွေကတော့ လက်နက်အင်အား ၊လူ၊ ငွေကြေး ၊အစစ (ချို့တဲ့) အကန့် အသတ် ရှိတဲ့အာဏာ လက်မဲ့ အတိုက်အခံ များဖြစ်ကြပါတယ်။ စစ်အုပ်စုဟာ တတိုင်းပြည်လုံး ၊ ပြည်သူတရပ်လုံးရဲ့ အကျိုးစီးပွားနဲ့ သဘောဆန္ဒတွေကို ဆန့်ကျင်တာ၊ မျက်ကွယ်ပြုတာ၊ အသိအမှတ် မပြုတာကြောင့် ကျနော်တို့အနေနဲ့ စစ်အုပ်စုကို ဆန့်ကျင် တိုက်ခိုက်နေရတာ ဖြစ်ပါတယ်။

ကျနော်တို့က စစ်အုပ်စုကို ၊ အားလုံးအတွက် ကောင်းမွန်တဲ့ အနာဂါတ်အတွက် ညှိနှိုင်း ချင်တယ်။ အားလုံးအတွက် နေပျော်မဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို အတူတကွ သဘောတူ ဝိုင်းလုပ်စေချင်တယ်။ အားလုံးအတွက် တရား မျှတပြီး အာမခံချက်ရှိတဲ့ နိုင်ငံရေးစနစ်မျိုးမှာ နေစေ့ချင်တယ်။ ၂၁ ရာစု မှာ ဗမာပြည်ရဲ့ အဆင့်နေရာ ကောင်းမွန်တိုး တတ်ရေးအတွက် ညီညွတ်စွာ ဝိုင်းလုပ်စေ ချင်တယ်။ ဒါပေမဲ့--

စစ်အုပ်စုဟာ အဏာလက်ရှိ ဖြစ်နေတယ် အကြီးမားဆုံး လက်နက်ကိုင် အင်အားစုဖြစ်တယ်။ တိုင်းပြည်ကို လက်တွေ့ အုပ်ချုပ်နေတယ်ဆိုတဲ့ သူရဲ့အနေအထားပေါ်မှာ မာနကြီးစွာနဲ့ ကျန်တဲ့ အင်အားစုတွေ လူပုဂ္ဂိုလ်တွေကို မထေမှဲ့မြင် လုပ်နေတယ်။ အသိအမှတ် မပြုဘူး ဆန့်ကျင်တယ် အနာဂါတ်ပြည်ထောင်စု အရေးကိုလဲ သူ့အနေအထား ကောင်းရေး နဲ့ ကျန်အင်အားစုများကို နေရာမပေးရေး ဆက်လက်ချိုးနှိမ်ထားရေး သဘောထားနဲ့ ဘဲလုပ်နေတယ်။ ဒါ့ကြောင့်ကျနော် တို့က စစ်အုပ်စုကို တိုက်နေရတာ ဖြစ်တယ်။ စစ်အင်အားအပေါ်မှာ မာနတက်လှတဲ့ စစ်အုပ်စုကို ကျနော်တို့ စစ်ရေးဖိ အားမပေးနိုင်လို့ မဖြစ်ဘူး၊ သူ့ရဲ့ စစ်အင်အား မာနကို ရိုက်ချိုးနိုင်မှသာ သူ့ကိုအမျိုးသား နိုင်ငံရေး လမ်းကြောင်းပေါ် ပြန်ဆွဲခေါ်နိုင်မှာ ဖြစ်တယ်။ ဒီအတွက် ကျနော်စဉ်းစားတဲ့ အဖြေကတော့ ပြည်ထောင်စုတပ် ( Federal Army) ဖြစ် ပါတယ်။

ဒီပြည်ထောင်စုတပ် ( Federal Army) က ကျနော်တို့ရဲ့ ပြဿနာတွေကို ဘယ်လို ဖြေရှင်းပေးမှာလည်းဆိုတာကို ဒီလို စဉ်းစားကြည့်မိ ပါတယ်။ ◊ ပထမဆုံး ထင်သာမြင်သာရှိတဲ့ စစ်ရေးကိစ္စမှာဆိုရင် တပြည်လုံးကိုဖြန့်ခွဲချထားတဲ့ သူ့တပ် တွေကို သူတို့ရဲ့ စစ်ရုံးချုပ်ကနေ လိုအပ်သလို တပြည်လုံးမှာ စစ်ဆင်ကစားနိုင်တယ်။ တပြည်လုံးမှာ ပြန့်ကြဲတည်ရှိနေ တဲ့ ကျနော်တို့ တော်လှန်ရေးတပ်တွေကတော့ ကိုယ်နယ်မြေရဲ့ အပြင်ကို ထွက်ပြီးစစ်မကစား နိုင်သလို တပြည်လုံးရဲ့ စစ်ရေးလိုအပ်ချက် အတွက်ကိုလည်း ကိုယ့်နယ်မြေထဲကနေ စစ်မကစား ပေးနိုင်ကြဘူး။ တပြည်လုံးအတွက် ကိုယ်စား ပြုမဲ့ ပြည်ထောင်စုတပ်ကတော့ တပြည်လုံးစစ်ရေးလိုအပ်ချက်အတွက် ကျနော်တို့ရဲ့ စစ်ရုံးချုပ်က လိုသလို စစ်ကစား ပေးနိုင်မှာ ဖြစ်တယ်။◊ စစ်အာဏာရှင် အောက်က ပြည်သူ့ဘက်ကို ပြောင်းချင် နေတဲ့ မျိုးချစ်စစ်သည် များအတွက် ပြောင်းလာစရာ နေရာရှိလာမှာ ဖြစ်တယ်။ ဒီလိုနည်းနဲ့ သူ့အတွင်းမှာ ပြဿနာဖြစ်နေတဲ့ စစ်ပြေး တပ်ပြေး ကိစ္စကို ပိုပို ဆိုးလာစေပြီး သူ့ကို တဘက်လှည့်နဲ့ စစ်ရေးဖိအား ပေးလာနိုင်မှာဖြစ်တယ်။ ◊ ပြည်ထောင်စုတပ်ဟာ ကျနော်တို့ကြား တွေထဲမှာရှိနေတဲ့ ပြဿနာများအတွက်ကြားခံပေးထားမဲ့ အရာတခုဖြစ်လာ နိုင်သလို ပြဿနာတွေ ဖြေရှင်းဖို့ ဆုံချက် တခု အဖြစ်လည်း အသုံးကြ နိုင်သလို စည်လုံးညီညွတ်ရေးရ ဖို့အတွက် နားလည်မှုနဲ့ ယုံကြည်မှု တည်ဆောက်ရေး အတွက် ပေါင်းကူး အဖြစ်လည်း အသုံးကြ နိုင်ပါတယ်။


ဒီ ပြည်ထောင်စုတပ်ကို ဘယ်လိုတည်ဆောက် ယူကြမလဲ။ ကျနော်တို့တွေ စစ်ရေးလိုအပ်ချက်အတွက် မဟာမိတ်တွေ တပ်ပေါင်းစုတွေတော့ အမျိုးမျိုးဖွဲ့ဘူးကြတဲ့ အတွေ့အကြုံ ရှိကြပါတယ်၊ တကယ့် လိုအပ်ချက်ကို မြင့်မြင့်မားမား မဖြည့် ဆည်းပေးနိုင်ခဲ့ပါဘူး။ အဲဒီ အရင်နည်း တွေနဲ့တော့ အလုပ်မဖြစ်ဘူးဆိုတာ နားလည်မိပါတယ်။ ကျနော်တို့ လိုအပ်ချက် ကို ဖြည့်ဆည်း နိုင်ဖို့ဆိုရင် အချိုးကြ စစ်သားထည့်ဝင်ကြတဲ့နည်း၊ တံဆိပ်ပြောင်းကပ်တဲ့နည်း၊ တွေ မဟုတ်ဘဲ ပြည်ထောင်စုတပ်အတွက် သီးသန့် သင်တန်းခေါ်ယူတာဖြစ်စေ တပ်သားသစ်ခေါ်ယူတာဖြစ်စေ လုပ်တာကနေ စကြရ ပါမယ်။ အဲဒီလို လုပ်နိုင်ဖို့အတွက် ပြည်ထောင်စုတပ်ရဲ့ ဒီဇိုင်းနဲ့ အခြေခံသဘောကိုကြိုပြီးသဘောတူ ထားကြရပါမယ်။ အဲဒီ သဘောတူညီမှုကို တာဝန်ခံနိုင်ကြဖို့အတွက် အနာဂါတ် ပြည်ထောင်စု တည်ဆောက်မှုအပေါ်မှာကြိုပြီးသဘောတူ ကြရပါမယ်။ အနာဂါတ် ပြည်ထောင်စု ပုံစံကတော့ ဖက်ဒရယ်ပြည်ထောင်စုဘဲ ဖြစ်ပါလိမ္မယ်။ ဒါတွေကို ကျနော့်သဘော ကတော့ တခုပြီးမှ တခု လုပ်ဖို့လဲ မဟုတ်ပါဘူး၊ အားလုံးပါအောင် ညှိပြီး ညီပြီးမှ လုပ်ဖို့လဲ မဟုတ်ပါဘူး၊ ရတဲ့နေရာက စညှိပြီး ညီသလောက်က စလုပ်ကြဖို့ဘဲ ဖြစ်ပါတယ်။ စေတနာမှန်တယ် လုပ်တာမှန်တယ်ဆိုရင် ကျနော်တို့ သေးသေး ကစလ ကြီးလာမှာဘဲ နဲနဲကစလဲ များလာမှာဘဲ ကျနော်တို့က ကျနော်တို့ရဲ့ အင်အားကြီးလာမှာ။ ကျနော်တို့နဲ့ ညီတဲ့ သူတွေ များလာမှာကို မကြောက်ဖို့ဘဲ လိုပါတယ်။

နောက်တခုက ကျနော်တို့ အနေနဲ့  ပြဿနာ အတော်များများကို လက်ငင်းဖြေရှင်းဖို့ လိုတယ်လို့  ယူဆပါတယ်၊ ဘယ်ကိုဦးတည် ပြီးဖြေရှင်းကြရမလဲ ဆိုတော့၊ အနာဂါတ် ပြည် ထောင်စု ဗမာနိုင်ငံတည်ဆောက်ရေးကို ဦးတည်ပြီး လုပ်ကြရပါမယ်။ အလုပ်ဖြစ်အောင်လုပ်နိုင်ဖို့ ကျနော်တို့မှာ တိကျ ရှင်းလင်းတဲ့ ပေါ်လစီ ရှိရပါမယ်၊ ဘုံအခြေခံနဲ့ ဘုံရည်မှန်းချက် ရှိရပါမယ်၊ ဘုံလုပ်ငန်းစဉ် ရှိရပါမယ်။ ဒါက အများပြောနေကြတဲ့အတိုင်း ကျနော်ပြောကြည့်တာပါ၊ တကယ်ပြောချင်တာက ဘာဖြစ်အောင်လုပ်ကြမလဲ၊ ဘယ်လို လုပ်ကြမလဲ ဆိုတာ စဉ်းစားချက်နဲ့ သဘောတူချက်တွေ ရှိထားကြဘို့ပါဘဲ။ လက်လှမ်းမှီတဲ့ အနီးဆုံး အသေးဆုံး တွေကနေ စလုပ်ကြရပါမယ်။ ကိုယ့်ရဲ့ အနာဂါတ်တည်ဆောက် ရေးအတွက် အမျိုးသားရင်ကြားစေ့ရေးကို ကိုယ့်ဘေးနားမှာ ရှိတဲ့လူနဲ့ စလုပ်ကြဖို့ ပါဘဲ။

ကျနော်တို့ရဲ့စစ်ဦးစီးချုပ်ရုံးကို ဖွဲ့စည်းဖို့က ရိုးရိုးရှင်းရှင်းနဲ့  မရနိုင်သေးပါဘူး၊ကြားခံ စစ်ကော်မရှင်လိုဟာမျိုး တခုလိုအပ် နိုင်ပါတယ်။ စစ်ကော်မရှင်ကို မူလကတည်းက ရှိခဲ့တဲ့လူမျိုးစု တော်လှန်ရေး အဖွဲတွေထဲက စစ်ရေးခေါင်းဆောင်တွေ ထဲက သင့်တော်တဲ့ အရေအတွက်ကို သတ်မှတ် သဘောတူပြီး စလုပ်ကြရပါမယ်။ အဲဒီအောက်မှာမှ စစ်ဦးစီးချုပ်ကို ရွေးချယ် ခန့်ထားကြရ လိမ္မယ်ထင်ပါတယ်။ စစ်တပ်ကို အရပ်သား အုပ်ချုပ်မှုက ကွှပ်ကဲ ရမယ်ဆိုတာ အတွက်နဲ့ အမှန် တကယ် စောင့်ကြည့် အကဲဖြတ်နိုင်ရေးအတွက် ထောက်လှမ်းရေး သတင်းတွေကို စစ်ကော်မရှင်ကို တက်ခိုင်းပြီးတပ်မှူး အဆင့်ဆင့် အစီရင်ခံစာကိုတော့ စစ်ဦးချုပ်ဆီ တက်ခိုင်းရပါမယ်၊ ပြီးတော့ သုံးသပ်အကဲဖြတ်ခြင်း၊ စစ်ဆင်ရေးစီမံ ချက်ရေးဆွဲ ခြင်း၊ ဆုံးဖြတ်ချက်ပေးခြင်း၊ စတာတွေကို စစ်ကော်မရှင်နဲ့ စစ်ဦးစီးချုပ်တို့က အတူ ပူးပေါင်းဆောင်ရွက် ကြရပါမယ်။

ဒီလောက် ဆိုရင်တော့ ပါဝင်ပါတ်သက်ကြမဲ့ စစ်ရေးသမားတွေ အဖွဲ့အစည်းတွေ အသီးသီးကို ထိုက်သင့်တဲ့ လေးစားမှု နဲ့ လက်ခံနိုင်လောက်တဲ့ ယုံကြည်စိတ်ချမှု ပေးနိုင်လောက်မယ် ထင်ပါတယ်။ မလုံလောက်သေးရင်လဲ တကယ်လိုလို ချင်ချင်နဲ့ ညှိကြတယ်ဆိုရင် အလုပ်ဖြစ်နိုင်လောက်တဲ့ ဒီဇိုင်းနဲ့ နည်းလမ်းက ရလာမှာပါ။ ရှေ့တန်းက စစ်သားတယောက် ရဲ့သေနပ်က ကျည်ဆံထွက်နေဖို့ နောက်တန်းက လူခုနှစ်ယောက်လောက်က ဝိုင်းလုပ်ပေးနေဖို့ လိုတယ် လို့ကြားဖူးပါ တယ်။ အခုလဲ ကျနော်တို့ရဲ့ ပြည်ထောင်စု တပ်မတော်အတွက် ရိက္ခာ၊ ယူနီဖေါင်း၊ ဆေးဝါး၊ လက်နက်၊ သတင်း၊ စတဲ့ လိုအပ်ချက်တွေကို ဘယ်လို လုပ်ကြမလဲ ဆိုတဲ့ပြဿနာ ရှိလာပါပြီ။ ဒီလိုအပ်ချက်နဲ့ ကျနော်တို့ရဲ့ ပြည်သူတွေ နိုင်ငံရေး အဖွဲ့ အစည်းတွေကြားမှာ အဆက်အစပ် ပြုဖို့ ( စီမံခန့်ခွဲရေး ယန္တယား တခု ) ဗြူရိုကရေစီ ယန္တယားတခု လိုအပ်လာ ပါတယ်။

ဗြူရိုကရေစီ ယန္တယား တည်ဆောက်ရေးဟာ စစ်အာဏာရှင်စံနစ် ဆန့်ကျင်ရေး လုပ်နေကြတဲ့ ကျနော်တို့ ရဲ့ ဒီမိုကရေ စီရေး လှုပ်ရှားသူများ၊ အဝန်းအဝိုင်း အတွင်းမှာရှိနေတဲ့ ပြဿနာ အတော်များများကို ဖြေရှင်းပြီး ကျနော်တို့ကို ကျနော် တို့ နောက်တဆင့် တိုးတက်အောင် လုပ်ဖို့အခြေအနေ ပေးလာမှာ ဖြစ်ပါတယ်။ ဒီ ဗြူရိုကရက်ယန္တယားတည်ဆောက် ရေးကို အောင်မြင်အောင် လုပ်နိုင်တယ်ဆိုရင် စစ်အာဏာရှင် စံနစ်ရဲ့ အစိုးရ ယန္တယားကို ဒီမိုကရေစီ စံနစ်ရဲ့ အစိုးရ ယန္တယားနဲ့ အစားထိုးပစ် နိုင်မယ်။ ဒီနေ့ ကျနော်တို့ တိုင်းပြည်ရဲ့ အကြပ်အတည်း ပေါ်ကနေ အမြတ်အစွန်း ထုတ်ယူနေ ချင်လို့ စစ်အစိုးရကို ဖယ်ရှားလိုက်ရင် အာဏာဟာ ကွက်ဖြစ်သွားပြီး ဒေသတည်ငြိမ်ရေး ပျက်သွားတော့ မယောင်ပြော နေကြတဲ့ သူတွေရဲ့ စကားကိုလဲ ရိုက်ချိုးနိုင်ပြီးသား ဖြစ်သွားမယ်။ ကျနော်တို့ ဒီမိုကရေစီရေး လှုပ်ရှားသူများ အနေဖြင့် ပြည်သူလူထုနဲ့ဆက်စပ်ပြီး ဒီမိုကရေစီ စတင်ကျင့်သုံး လေ့ကျင့်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ချင်တဲ့ကျနော် တို့တွေ ဖက်ဒရယ်စံနစ် စတင်ကျင့်သုံးလေ့ကျင့်ဖို့ အတွက်တော့၊ ကျနော်တို့ရဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်း တွေရယ်၊ ပြီးတော့ ပြည်သူလူထု၊ ဗြူရိုကရေစီယန္တယားနဲ့၊ ပြည်ထောင်စုတပ်မတော်ကို ဘယ်လိုဆက်စပ်တည်ဆောက် လည်ပါတ်ကြမလဲ ဆိုတာကနေ အဖြေတွေ အများကြီးကို ပေးလိမ္မယ်လို့ ယုံကြည်ပါတယ်။

တိုင်းချစ် ပြည်ချစ် စိတ်ရှိပြီး တက်ကြွတဲ့ ဗြူရိုကရက် တွေကို ဗြူရိုကရက် ကောင်းလို့  ခေါ်ပါမယ်။ သူတို့က ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ တွေကို ထိမ်းသိမ်းပြီး ယန္တယား ကိုပုံမှန် လည်ပတ်စေရပါမယ်။ အပေါ်ကလာရင် အောက် ချပေးလိုက်၊ အောက်ကလာရင် အပေါ်တင်ပေးလိုက် ဆိုတာလောက်ဘဲ လုပ်ချင်တဲ့၊ ဘာကိုမှ မဆုံးဖြတ်တဲ့ ၊ဘာကိုမှ တက်တက်ကြွကြွ တာဝန်ယူမှုမရှိတဲ့၊ ဗြူရိုကရက် မျိုး ကျနော်တို့  ခုချိန်မှာ၊ မလိုသေး ပါဘူး။ ကိုယ့်ရဲ့  ကျွမ်းကျင်မှုနဲ့၊့ အရေးပါမှုကို ရှေ့တန်းတင် မာနတက်ပြီးတော့ အပေါ်က ဖိအားပေးတာလဲ မကြိုက်ဘူး၊ အောက်က ဖိအားပေးတာလဲ မကြိုက်ဘူး၊ ဆိုတဲ့ ဗြူရိုကရက် မျိုးလဲ အလုပ်မဖြစ် သေးပါဘူး။ ထစ်ကနဲ့  ရှိရင် ပညာပြလိုက်မယ် ဆိုတဲ့ ရင့်ကျက်မှု နည်းသူတွေ နဲ့လည်း အလုပ်မဖြစ်နိုင်သေး ပါဘူး။( အဲဒီလိုစဉ်းစား လိုက်ရင် လူကောင်းရဖို့  ဘယ်လောက် ခက်သလဲ၊ ဆိုတာကိုက ကျနော်တို့ လူမျိုး ဘယ်လောက် ငယ်သေးသလဲ၊ ဘယ်လောက်ဆင်းရဲ သေးသလဲ ဆိုတာကို ပြတာဘဲ ပေါ့ဗျာ။)


No comments: