Monday, November 23, 2009

ရန်ကုန်တွင် လျှပ်စစ် မီတာခ တယူနစ်ကို ၂၅ ကျပ်သာ ကောက်ခံသော်လည်း စစ်တွေတွင် ကျပ် ၄၀၀ ထိ ကောက်ခံ

Narinjara News

မင်းဆက်ခိုင်(နိရဉ္စရာ) ရန်ကုန်တွင် လျှပ်စစ်မီးခ တယူနစ်ကို ကျပ်ငွေ ၂၅ ကျပ်သာ ကောက်ခံနေသော်လည်း ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လျှပ်စစ်မီးခ တယူနစ်ကို ကျပ် ၄၀၀ ထိ ကောက်ခံနေသဖြင့် စစ်တွေ လူထုအနေဖြင့် အထူး အခက်ကြုံတွေ့ နေကြရသည်။

စစ်တွေမြို့ခံ တဦးက “အရင်က လျှပ်စစ်မီး တယူနစ်ကို ၃၀၀ ကျပ် ကောက်ခံနေတဲ့ နေရာက အခု ၄၀၀ ကျပ် အထိ တိုးမြှင့်ကောက်ခံလာတဲ့ အတွက် စစ်တွေ လူထုတွေ အနေနဲ့ အထူး အခက်အခဲ ကြုံတွေ့ နေကြရပါတယ်။ လျှပ်စစ်မီး ရတာက တနေ့ ၃ နာရီ သာဖြစ်ပါတယ်။ လျှပ်စစ်မီးဖိုး ပေးရတာက မလွယ်တာကြောင့် လျှပ်စစ်မီးကိုတောင် မလိုချင်တော့ပါဘူး” ဟု သူက ပြောသည်။

စစ်တွေတွင် လျှပ်စစ်မီး ရရှိရေးကို အစိုးရက တာဝန်မယူဘဲ ပုဂ္ဂလိက လက်သို့ လွဲပြောင်းပေးထားသဖြင့် အဆိုပါ ပုဂ္ဂလိက အဖွဲ့မှ မီတာဖိုးခကို ထင်သလို ကောက်ယူနေခြင်း ဖြစ်သည်။

“ စစ်အစိုးရက လျှပ်စစ်မီး ရရှိရေးကို သူတို့က တိုက်ရိုက်တာဝန်ယူရင် လျှပ်စစ်မီး မရရင် လူထုနဲ့ တိုက်ရိုက် ပြဿနာ ဖြစ်လာနိုင်တာကြောင့် ဒါကို ရှောင်ရှားလိုတဲ့ အတွက် စစ်တွေက စီးပွားရေးသမား တချို့ကို မီးလင်းရေး ကော်မီတီ ဖွဲ့ပြီး စစ်တွေ မီးရရှိရေးကို ပုဂ္ဂလိက အနေနဲ့ သူတို့ကို လုပ်ကိုင်စေပါတယ်။ မီးလင်းရေးကော်မီတီကလည်း နောက်ဖြစ်လာမယ့် အကျိုးဆက်ကို ဘာမှ မသိဘဲ တာဝန်ယူပြီး နအဖ စစ်အစိုးရ အကြိုက် လိုက်လုပ်နေတော့ လူထု အနေနဲ့ အခုလို အခက်အခဲကြုံနေရတာ ဖြစ်ပါတယ်။ အခု စစ်တွေမှာ မီးမရတာ၊ မီတာဖိုးခ မြင့်တက်လာတာဟာ အစိုးရနဲ့ ဘာမှ မသက်ဆိုင်ဘဲ မီးလင်းရေးကော်မီတီနဲ့သာ သက်ဆိုင်နေတာကြောင့် မီးလင်းရေးကော်မီတီကို လူထုတွေက အော့နှလုံး နာနေကြပါတယ်။”

ရန်ကုန်တွင် လျှပ်စစ်မီး တယူနစ်ကို ကျပ် ၂၅ ကျပ်သာရှိပြီး ရခိုင်လူထု အနေဖြင့် တယူနစ်ကို ကျပ် ၄၀၀ ထိ ပေးဆောင်နေရခြင်းမှာ လုံးဝ မဖြစ်သင့်သော ကိစ္စ ဖြစ်ကြောင်း တခြား ကျောင်းဆရာမ တဦးကလည်း ပြောသည်။

“ကုန်ဈေးနှုန်းတွေ တက်နေလို့ စိတ်ညစ်နေတဲ့ကြား အခု လျှပ်စစ်မီး မီတာခတွေ တိုးပြီးကောက်နေတော့ ပိုပြီး ဒုက္ခရောက်ကြရပါတယ်။ အစိုးရ လုပ်တာဘဲ ဖြစ်ဖြစ် ပုဂ္ဂလိက လုပ်တာဘဲ ဖြစ်ဖြစ် နိုင်ငံ တနိုင်ငံတည်းမှာ နေထိုင်နေတဲ့ လူတွေ အကြား ခုလို လူနေမူ စရိတ် ကွာဟနေတာကတော့ လုံးဝ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။”

၎င်းပြင် သူမက “ကျွန်မတို့ အိမ်က မီတာခက တလကို အနည်းဆုံး ကျပ် ၇၀၀၀ ကနေ ၈၀၀၀ လောက်သွင်းနေရတယ်။ ဒါက အနည်းဆုံးအဆင့် အိမ်တွေ ဖြစ်ပါတယ်။ တခြား အသုံးများတဲ့ အိမ်တွေ ဆိုရင် အနည်းဆုံး တလကို ၂သောင်းခန့် ပေးသွင်း နေကြရပါတယ်။”ဟု ပြောသည်။

လျှပ်စစ်မီး သုံးစွဲနေသူများ အနေဖြင့် မီတာစောင့်ရှောက်ခဆိုပြီး ကျပ်ငွေ ၅၀၀ကို မီတာခနှင့် အတူ လစဉ် ပေးသွင်းနေရကြရသည်ဟု သိရသည်။

ထိုကဲ့သို့ လျှပ်စစ်မီတာဖိုးများ တိုးကောက်နေသော်လည်း လမ်းမီးတိုင်များတွင် မီးမရှိ သဖြင့် စစ်တွေ တမြို့လုံးမှာ ညဥ့်စဉ် ညဉ့်တိုင်း အမှောင်ထဲရောက်ရှိနေပြီး အစိုးရမှလည်း မီးလင်းကော်မီတီသို့ စစ်တွေ လျှပ်စစ်မီး ရရှိရေးကို လွဲပြောင်းထားသဖြင့် စစ်တွေတွင် လျှပ်စစ်မီးကြောင့် လူထုများ အခက်အခဲ ကြုံတွေ့နေရသော်လည်း တစုံတရာ ၀င်ရောက်ပြောဆိုခြင်း မရှိကြောင်း သတင်း ရရှိသည်။


No comments: