Tuesday, November 24, 2009

နာဂစ်ကူညီသူများ ဖမ်းဆီးခြင်း ရပ်တန့်ရန် AI အဖွဲ့တောင်းဆို

အေးလဲ့ Tuesday, 24 November 2009
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် နိုင်ငံ တကာ နာဂစ်မုန်တိုင်း အလှူရှင်များ အစည်းအဝေး ပွဲတွင် နာဂစ် မုန်တိုင်း ကယ်ဆယ် ရေး ဆောင်ရွက် သူများအား ဖမ်းဆီး ခြင်းကို ရပ်တန့် ရန်နှင့် လုံလောက်၊ ထိရောက်သော အကူအညီ ပေးရန် မြန်မာ အစိုးရကို ဖိအား ပေးသင့်ကြောင်း အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ (AI) က ယနေ့တွင် တိုက်တွန်း လိုက်သည်။

လာမည့် နိုဝင်ဘာ ၂၅ ရက်နေ့တွင် နိုင်ငံတကာ အလှူရှင်များအဖွဲ့နှင့် ကမ္ဘာ့ကုလသမဂ္ဂ၊ အရှေ့တောင် အာရှနိုင်ငံများ အသင်း (အာဆီယံ)နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဖွဲ့စည်းထားသော သုံးပွင့်ဆိုင် ဗဟိုအဖွဲ့(TCG) တို့ တွေ့ဆုံစည်းဝေးပွဲ မတိုင်မီ (Amnesty International) AI အဖွဲ့က ယနေ့ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုခြင်းဖြစ်သည်။ မုန်တိုင်းတိုက်ပြီး ၁ လ အကြာ ၂ဝဝ၈ခုနှစ် မေ ၃၁ ရက်နေ့တွင် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ကို ဖွဲစည်းခဲ့သည်။

AI ၏ မြန်မာ့သုတေတီ တဦးဖြစ်သူ BANJAMIN ZAWACKI က “နာဂစ်မုန်တိုင်းသင့်ခဲ့သည်မှာ ၁၈ လကြာပြီဖြစ်သော်လည်း ယခု အချိန်အထိ အရေးကြီးသော အကူအညီများ လိုအပ်နေဆဲဖြစ်သည်”ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ယင်းထုတ်ပြန်ချက်တွင် နာဂစ်မုန်တိုင်းသင့် ပြည်သူများအတွက် နေထိုင်ရန် ယာယီ တဲအိမ်များ၊ အိုးအိမ်များအပါအဝင်၊ သောက်သုံးရေသန့်၊ စာဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အတွက် လိုအပ်သော အထောက်အကူပစ္စည်းများ လိုအပ်နေဆဲဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

“TCG ခေါင်းဆောင်များက တကယ့် နာဂစ်မုန်တိုင်းသင့်ပြည်သူတွေဆီကို ထိရောက်တဲ့ အကူအညီဖြစ်လာအောင်လုပ်ပေးရ မည်၊ နိုင်ငံတကာ အလှူရှင် အသိုင်းအဝိုင်းများ အနေဖြင့်လည်း အလှူငွေ ဆက်လက်လှူဒန်းရန်နှင့် အကူအညီတွေကို ဖြန့်ဝေပေးသည့် အခါမှာလည်း အလှူငွေ ပေးဝေမှုကိုမခွဲခြားဘဲ၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု ရှိရှိ ထိရောက်တဲ့ အကူအညီပေးဖို့ကို တောင်းဆိုကြောင်း”ကိုလည်း BANJAMIN ZAWACKI က ပြောဆိုထားသည်။

ယခုကဲ့သို့ လိုအပ်ချက်များနှင့်ပတ်သက်ပြီး တနိုင်တပိုင် အကူအညီပေးနေသော ရန်ကုန်အခြေစိုက် သတင်းဌာနများမှ သတင်းထောက် တချို့၊အနုပညာသမား တချို့နှင့် လူမှုရေးလုပ်ငန်းတွင် အကူအညီပေးရေး လူငယ်များဖြင့် ဖွဲ့စည်း ထားသော လင်းလက်ကြယ် အဖွဲ့ဝင်လူငယ် ၁၀ ဦးကျော်ကို စစ်အစိုးရက ပြီးခဲ့သည့် အောက်တိုဘာလက ဖမ်းဆီးခဲ့သည်။ တချို့မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည်။

အဆိုပါ လင်းလက်ကြယ်အဖွဲ့ကို ၂၀၀၈ ခုနှစ် မေလဆန်းတွင် နာဂစ်မုန်တိုင်းအပြီး လူမှုရေးလုပ်ငန်းများ၌ တက်ကြွစွာ ပါဝင်သော လူငယ်များ၊ သတင်းထောက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

နာဂစ်ဒုက္ခသည်များကို ကူညီကယ်ဆယ်မှုဖြင့် လူရွှင်တော် ကိုဇာဂနာနှင့် အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေး တို့အား စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မေလဆန်းပိုင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်တို့တွင်တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်း ဒဏ်ကြောင့် လူပေါင်း ၁ သိန်း ၃ သောင်းကျော်သေဆုံးခဲ့ရပြီး အိမ်ခြေ ၈ သိန်းခန့် ပျက်စီးသွားကြောင်း TCG ၏ ပွန်ဂျာ (PONJA) အမည်ရ နာဂစ်ပူးတွဲအကဲဖြတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ က TCG အဖွဲ့က နာဂစ်မုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေးကာလ ၂၀၀၉ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၁ ခုနှစ်အထိ ၃ နှစ်တာ အစီစဉ်အတွက် လိုအပ်သောအကူအညီ အမေရိကန်ဒေါ်လာ ၆၉၁ သန်းကို အကူအညီပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ တောင်းဆိုထားသ်ာလည်း အမေရိကန် ဒေါ်လာ ၁၂၅ သန်းသာ ရရှိသေးကြောင်း AI အဖွဲ့ ကဆိုသည်။

လာမည့် အလှူရှင် အစည်းအဝေးပွဲတွင် ဧရာဝတီတိုင်း နာဂစ်မုန်တိုင်းဒဏ်ခံပြည်သူများအတွက် သြစတြေးလျ အစိုးရက အလှူငွေ ၁၅ သန်းကို အကူအညီပေးအပ်သွား မည်ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။

No comments: