Saturday, November 21, 2009

အခမဲ့ဆိုပေမယ့် ဧည့်ခံစရိတ်ဖြတ်တောက်

ကျောင်းဆရာတဦး (တောင်သာမြို့နယ်)

ကျနော်တို့ တောင်သာမြို့ကို ပြီးခဲ့တဲ့လဆန်း ပိုင်းက စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း ဦးဆောင်တဲ့ မျက်စိ အထူးကု အဖွဲ့ လာ ရောက်ခဲ့ပြီး ဒေသခံတွေ ထဲက မျက်စိ မကောင်းတဲ့ လူနာတွေကို ကုသပေး ခဲ့ပါတယ်။ အခမဲ့ ကုသပေး တယ်လို့ သိရပါတယ်။ ဒါပေမယ့် ၀န်ကြီးနဲ့ မျက်စိ အထူးကု သမားတော်တွေ ပြန်သွားပြီး လကုန်ပိုင်း မှာတော့ ကျနော်တို့ တောင်သာမြို့နယ် အတွင်းက ၀န်ထမ်းတွေ လစာငွေ အဖြတ် ခံကြရ ပါတယ်။

ကျနော်တို့ အထက်တန်းပြဆရာတွေ တဦးလျှင် ကျပ် (၂၀၀) နှုန်း လစာငွေထဲမှ ဖြတ်တောက်ခံခဲ့ကြရပြီး မြေစာရင်းရုံး၊ သစ်တော၊ ကျန်းမာရေး အစရှိတဲ့ ဌာနတွေက ၀န်ထမ်းတွေလည်း လစာငွေဖြတ်တောက်ခံခဲ့ကြရတယ်လို့ သိရပါတယ်။ ဒီလိုဖြတ်တောက်တာဟာ မျက်စိအထူးကုသမားတော်တွေ လာစဉ် ကုန်ကျထားတဲ့ ဧည့်ခံစရိတ်အတွက်လို့ စုံစမ်းသိရှိရပါတယ်။

တောင်သာမြို့နယ်ထဲမှာ ၀န်ထမ်းအင်အား (၃) ထောင်ကျော်အထိ ရှိနိုင်တာကြောင့် အခုလိုဖြတ်တောက်တဲ့ ငွေပမာဏဟာလည်း အမှန်တကယ် ဧည့်ခံစရိတ်ကုန်ကျငွေထက် ပိုနိုင်ပါတယ်။ ဒီလို လစာထဲက ဖြတ်တောက်ထားတဲ့ ငွေတွေကို မြို့နယ် မယကရုံးနဲ့ ကြံ့ဖွံ့အသင်းကို ပေးအပ်ရတာဖြစ်တယ်လို့ ဌာနအသီးသီးက လူကြီးတွေက ကျနော်တို့ အောက်ခြေ၀န်ထမ်းတွေကို ပြောပါတယ်။

ဒီလို ဒေသခံဝေဒနာသည်တွေကို အခမဲ့ကုသပေးမယ်ဆိုပြီး အောက်ခြေအာဏာပိုင်တွေက အခုလို ၀န်ထမ်းတွေဆီမှာ လစာငွေဖြတ်တောက်နေတာကို ဝေဒနာသည်တွေကို သိစေချင်သလို၊ အခမဲ့ကုသပေးပါတယ်ဆိုပြီး သတင်းစာတွေထဲ ထည့်နေတဲ့ ၀န်ကြီးနဲ့ ဆရာဝန်ကြီးတွေကိုလည်း သိစေချင်ကြောင်းပါ။


No comments: