Monday, November 30, 2009

AIDS ရောဂါဝေဒနာခံနေရသည့် မြန်မာအမျိုးသမီးပြည့်တန်ဆာ(၂)ဦးထပ်မံကွယ်လွန်ပြန်

Kaowao

ထိုင်းနိုင်ငံ ရနောင်း မြို့နယ် ဖန်းငါး ဒေသတွင် ဖွဲ့စည်း ထားသည့် စေတနာရှင် လူမှု ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ အစည်းမှ ကယ် တင် ခဲ့သော AIDS ဝေဒနာသည် အမျိုးသမီး ပြည့်တန်ဆာ (၁၂)ဦး အနက် နောက်ထပ် နှစ်ဦး နိုဝင်ဘာ (၂၈)ရက် နံက်အချိန် ခူရပူရီမြို့ ဆေးရုံမှာ ထပ်မံ ကွယ်လွန် သွားပြီးဟု ရောဂါသည် နှင့် နီးစပ်သူ တစ်ဦးမှ ပြောသည်။

နိုဝင်ဘာ(၂၇)ရက်နေ့နံက်တွင်လည်း နှစ်ယောက်ဆုံးသွားတဲ့အတွက် စုစုပေါင်း(၄)ဦးသေဆုံးသွားခဲ့ပြီး ဆေးရုံ၌ ကျန်ရှိတဲ့သူ(၃)ဦးကလည်း အသက်ယဲ့ယဲ့မျှသာကျန်နေသည်ဟုဆို၏။ အဆိုပါ ဆုံးပါးသွားသော အမျိုးသမီးနှစ်ဦး မှာ သံဖြူဇရပ်မြို့နယ် ကရုတ်ပိရွာသူတစ်ဦးနှင့် တောင်ဖလုကျေးရွာဇာတိဟု ဆိုပါသည်။

ထို့အပြင်နိုဝင်ဘာ(၂၈)ရက်တွင် ဖန်းငါးမြို့အခြေစိုက် စေတနာရှင်လူမှုကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ အမျိုးသမီး ပြည့်တန်ဆာပေါင်း(၃၂)ဦးကို ထပ်မံကယ်တင်နိုင်ခဲ့ပြီး အဆိုပါအမျိုးသမီးများကိုဆေးစစ်ခဲ့ရာမှာ HIV ရောဂါပိုး မတွေ့ရှိဟုဆိုပါ၏။ အဆိုပါအမျိုးသမီးများသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်ကျေးရွာများမှဖြစ်ပြီး လူကုန်ကူးပွဲစား တွေကနေတဆင့် ပြည့်တန်ဆာအဖြစ် ရောင်းချခြင်းခံရတဲ့သူတွေဟု ဆိုပါသည်။ ဒီအကြောင်းကို ဒေသခံလူမှုကာ ကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင်တစ်ဦးက အခုလိုပြောပြခဲ့ပါသည်။

မနေ့က ချွန်ဖွန်ကနေကယ်တင်ရခဲ့တဲ့အမျိုးသမီး(၄)ဦးကတော့ ရောဂါမရှိသေးဘူး။ သူတို့ရောင်းချခံရတာ(၈)ရက် ဘဲရှိသေးတယ်။ ပြီးတော့ အမျိုးသမီး(၂၈)ယောက်ကလည်း အဲဒီအမျိုးသမီး(၄) ယောက်နဲ့ဆက်စပ်နေတယ်။ ဝင်လာတဲ့လူတွေက ဖဲကတာရွာက(၁၂)ယောက် ကော့ဝမ်းက(၃ဝ)ယောက်လို့ သူတို့ပြောပြတယ်။ အဲဒီလူမှောင်ခို ဂိုဏ်းတွေကတော့ အဆက်အသွယ်တော်တော်ကောင်းတယ်။ နိုင်ငံရပ်ခြားအထိသူတို့ အမျိုးသမီးတွေကိုပို့နေသည် ဟု ပြောသွားပါတယ်။

စေတနာရှင်လူမှုကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းမှ ကယ်တင်ထားသောအမျိုးသမီးများကို နေရပ်သို့ပြန်ပို့ မည်ဖြစ်ပြီး ကျန်ရှိနေသော AIDS ရောဂါဖြစ်ပွါးနေသည့်အမျိုးသမီး(၃)ဦးမှာ ခူရပူရီမြို့ဆေးရုံ၌ပင် ဆေးကုသမှု ခံယူနေသော်လည်း မျှော်လင့်ချက်ကင်းမဲ့နေပြီး သူမတို့၏နောက်ဆုံးအချိန်ကိုသာ စောင့်ကြည့်နေရသည်ဟု လူနာ နှင့်နီးစပ်သူတစ်ဦးမှ ပြောပါသည်။

No comments: