Saturday, November 21, 2009

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ရူကီရာ

ရန်ကုန်- ကျမတို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးကြိုးပမ်းဆောင်ရွက်နေသူတွေအဖို့ ဖိနှိပ်ချုပ်ချုယ်မှုများ လွန်းတဲ့ လူ့အဖွဲ့အစည်းမှာ အခြေခံလူအခွင့်အရေးအတွက် ရပ်တည်ကြိုးပမ်းဖို့ကိုယ့်ဘ၀ကို ရွေးချယ်ရတာထက်စာယင် သူတပါးရဲ့ အဖိနှိပ်ခံအဖြစ်နဲ့ လုံလုံခြုံခြုံ မပူမပင်ပဲ နေဖို့ရွေးချယ်ချင်ကောင်း ရွေးချယ်မိ ပါလိမ့်မယ်။

ကျမတို့ရဲ့ တော်လှန်ရေးဟာ တရားမျှတမှုနဲ့ စာနာ နားလည်မှုအပေါ်မှာ အရင်းခံတဲ့ ယုံကြည်မှု ရှိမှသာလျှင် ဖြစ်မယ့် အကြမ်း မဖက်လှုပ်ရှားမှုတစ်ရပ်သာဖြစ်ပါတယ်။

လူဆိုတာ မိမိကောင်းစားရေးကိုသာအဓိကထားတဲ့ စီးပွားရေးအကျိုးအမြတ်ကိုသာ ရှေးရှုတတ်သူ သတ္တ၀ါ သာ ဖြစ်တယ်လို့ တချို့က ဆိုကောင်း ဆိုပါလိမ့်မယ်။ ဒါပေမယ့် မိမိယုံကြည်ချက်နဲ့ စိတ်ဓါတ်ခွန်အားတွေကို စွဲကိုင်ပြီး ပြင်းထန်လှတဲ့ အပြစ်ပေးအရေးယူမှုတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ ပြင်ဆင်ထားတဲ အမျိုးသား၊ အမျိုးသမီးတွေလဲ ဒုနဲဒေး ရှိသေးတယ်ဆိုတာကို ကြည့်ယင် အဲဒီအဆိုဟာ သေးသိမ်ကျဉ်းမြောင်းလှတယ်ဆိုတာ သိပါလိမ့်မယ်။ ဒီလိုအမျိုး ကောင်းသမီး၊ အမျိုးကောင်းသားတွေဟာ ကျမတို့နိုင်ငံမှာ မြောက်များစွားရှိ နေသေးတာကြောင့် ကျမလွန်စွာဂုဏ်ယူ အားတက်မိပါတယ်။

မြန်မာနိုင်ငံမှာ ကျောင်းသား၊ ကျောင်သူတွေရဲ့ တက်တက်ကြွကြွပါဝင်လှုပ်ရှားမှုတွေကြောင့် အပြောင်းအလဲတွေ ရုတ်တရပ်ပေါ်ပေါက်လာတတ်တဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ရှိတယ်လို့ အများက လက်ခံထားကြပါတယ်။ ရန်ကုန် တက္ကသိုလ်ကနေ သူတို့ရဲ့ နိုင်ငံရေးဘ၀ ကိုအစပြုခဲ့တဲ့ ကျမအဖေ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ငယ်ရွယ်နုနယ်တဲ့ ခေါင်ဆောင်များကြောင့် ကျမတို့နိုင်ငံရဲ့ လွတ်လပ်ရေးကြိုပမ်းလှုပ်ရှားမှုဟာ အောင်ပွဲခံခဲ့ရပါတယ်။

ဒီလို ထူးထူးခြားခြား သည်းခြေကြိုက် ဆန့်ကျင်အာခံလိုစိတ်တွေနဲ့တက်ကြွပြီး သြဇာတိက္ကမကြီးမားလှတဲ့ ဘယ်လို အတိုက်အခံအဖွဲ့အစည်းမျိုးကို ဘယ်လိုအာဏာရှင်အစိုးရမဆို ပစ်မှတ်ထား ချေမှုန်းမှာအသေအချာပါပဲ။ ၁၉၆၂ ခုနှစ်ကတည်းက အာဏာရလာတဲ့ မြန်မာစစ်အစိုးကတော့ အာဏာရပြီးသိပ်မကြာခင် ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂအဆောက်အဦးကိုဖျက်ဆီးခဲ့တဲ့အပြင် ကျောင်းသားတွေ အသင်းအပင်း ဖွဲ့စည်းခွင့်ကို တရားမ၀င်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ်မှာတော့ အရပ်သားအရေခြုံထားတဲ့ စစ်အစိုးရတပိုင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အုပ်ချုပ်မှုကို မြန်မာပြည်သူတွေ ဆန့်ကျင်အာခံခဲ့ပါတော့တယ်။ တစ်တိုင်းအပြည်လုံမှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့သူတွေကတော့ ကျောင်းသား၊ ကျောင်းသူတွေဖြစ်ပြီး သူတို့ရဲ့အဓိက တောင်း ဆိုချက်တွေထဲကတစ်ခု ကတော့ ကျောင်းသားသမဂ္ဂတစ်ရပ်ကို ဖွဲ့စည်းခွင့်ပဲဖြစ်ပါတယ်။

ဒီအတွက် စစ်အာဏာရှင်တွေ တုံ့ပြန်လိုက်တဲ့အဖြေကတော့ သူတို့ကို ပစ်သတ်လိုက်ကြတာပါပဲ။ ရှစ်နှစ်ကျော်ကြာ လာတဲ့အထိ မြန်မာပြည်က ကျောင်းသား၊ ကျောင်းသူတွေဟာ သူတို့အကျိုးကို ဖြည့်ဆည်းပေးပြီး သူတို့အတွက် အမှန်တကယ် လိုချင်တောင့်တလှတဲ့ ကျောင်းသားအဖွဲ့အစည်းမျိုး မတည်ထောင်နိုင်သေးပါဘူး။

အခုသိပ်မကြာလှသေးတဲ့ ဒီဇင်ဘာလကတောင်မှ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးကိုတောင်းဆိုတဲ့ ကျောင်းသားဆန္ဒပြ ပွဲတစ်ရပ်ပေါ်ပေါက်ခဲ့ပြီး အဲဒီဆန္ဒပြပွဲတောင်းဆိုချက်တွေကို လျစ်လျူရှုခြင်းခံခဲ့ရပါတယ်။ အဲဒီဆန္ဒပြပွဲမှာ ပါဝင်သူတွေ ကို အင်အားသုံးဖြိုခွဲခဲ့ပြီး ကျမရဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်ပါတီဝင်တွေကို အဆိုပါ ဆန္ဒပြပွဲ ကို စီစဉ်ရာမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံခဲ့ရပါတယ်။ ကျမကိုလည်းကျောင်းသား တွေနဲတွေ့ဆုံဆွေးနွေး ခဲ့တယ်ဆိုပြီး စွပ်စွဲခဲ့ပါသေးတယ်။

နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားတွေ တွေ့ဆုံးဆွေးနွေးတာဟာ အစိုးရကို ပုန်ကန်ခြားနားတယ်လို့ အမှန်တကယ် သာယူဆနေမယ်ဆိုယင် ကျမတို့နိုင်ငံမှာ ၀မ်းနည်းစိတ်မကောင်းစရာတွေ ထပ်ပြီးပေါ်ပေါက်လာ တော့မှာဖြစ်ပါတယ်။ ကျမတို့ဟာ မတူညီတဲ့ မျိုးဆက်တွေအကြား နီးစပ်အောင်ကြိုးပမ်နေခြင်းသာဖြစ်ပြီး ဒီလိုကြိုးပမ်းခြင်းအားဖြင့် ကျမတို့ရဲ့ ရည်ရွယ်ချက်တွေ ဆက်လက်ရှင်သန်နေစေပြီး ကျမတို့ရဲ့ ကြိုးစားအားထုတ် မှုတွေဟာလည်း ကျမတို့ တိုင်းပြည်အတွက် အကောင်အထည်ပေါ်လာပါလိမ့်မယ်။

ကျမတို့ဟာ အစဉ်အလာမဟုတ်တဲ့ဖြစ်ရပ်တွေကို အံတုယင်း၊ စစ်အာဏာနဲ့ အစိုးရဗျူရိုကရက်တွေပေါင်း စည်းထားတဲ့ အားကို ဆန့်ကျင်အာခံယင်း ကျမတို့ဟာ တခါတလေမှာ သံသယ ဖြစ်ခံနေရပါတယ်။ ဘယ်လို သံသယမျိုးလဲဆိုတော့ လက်ရှိ အမိန်အာဏာတွေဟာ အမြဲတမ်းမပျက်မသုဉ်းတည်ရှိမယ့်အရာတွေပဲလို့ ယုံကြည်နေသူတွေရဲ့ သံသယတွေ ပါပဲ။ ဒါကြောင့် လက်ရှိအခြေအနေကိုပဲ လက်ခံလိုက်တာကအသင့်လျှော်ဆုံး ဖြစ်မယ်လို့ နားလည်လက်ခံလိုက်သူတွေ ဘယ်လောက်များများရှိနေလဲဆိုတာ အံ့သြစရာပါပဲ။

ကျမတို့ဟာ ပြောင်းလဲဖို့လိုတဲ့ ကိစ္စတွေအတွက် ပြောင်းလဲဖို့အင်အားရှိတယ်လို့ ယုံကြည်ထားပေမယ့် အာဏာရှင်စနစ် ကနေ လစ်ဘရယ်ဒီမိုကရေစီကို ကူးပြောင်းဖို့သွားတဲ့ ခရီလမ်းဟာ လွယ်ကူလှတယ်၊ ဒါမှမဟုတ် ဒီမိုကရေစီအစိုးရ လက်ထက်မှာ ကျမတို့ရဲ့ ပြဿနာတွေအားလုံ ပြေပျောက်သွားမယ် လို့ ဘယ်တုန်းကမှ မှန်းဆ ခဲ့တာမျိုးမရှိပါဘူး။ ရှေ့မှာ ကျမတို့အတွက် ကြီးမားလှတဲ့ စိန်ခေါ်မှုတွေ စောင့်နေတယ်ဆိုတာ ကျမတို့သိသလို တည်ငြိမ်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ်တည်ထောင်ဖို့အတွက် ကျမတို့ရဲ့ လှုပ်ရှားရုန်းကန်မှုဟာ ကျမတို့ရဲ့ ဘ၀သက်တမ်းမက ကြာမြင့်ကောင်း ကြာမြင့်လိမ့်မယ်ဆိုတာ ကျမတို့ ကြိုတင်မှန်းဆထားပါတယ်။

ဒါပေမယ့် ဒီလိုလှုပ်ရှားရုန်းကန်မှုဟာ ကျမတို့ချည်းသက်သက်မဟုတ်ဘူးဆိုတာ နားလည်ပါတယ်။ လွတ်လပ်မှုနဲ့ တရားမျှတမှုကို ရှာဖွေရာမှာ ကျမတို့ကို ဂရုဏာသက်သူတွေ ကမ္ဘာနဲ့အ၀ှန်းရှိနေတယ်ဆိုတာ သိပါတယ်။ လူမျိုး၊ ဘာသာနဲ့ အသားအရောင်မခွဲခြားပဲ နေရာတိုင်းက လူသားတွေ အနေနဲ့ အဓိပ္ပါယ်ရှိတဲ့ဖြစ် တည်မှုကိုလိုလားတောင့်တာ မှုဟာ ရုပ်ဝတ္ထုပစ္စည်း တပ်မက်မှုသက်သက်ထက် အဆပေါင်းများစွာ သာလွန်ပါတယ်။

နိုင်ငံရေးအခွင့်အရေးတွေအပြည့်အ၀ရှိတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်ခွင့်ရနေတဲ့ ကံကောင်းလှသူတွေ အနေနဲ့ ကျမတို့ရဲ့ ဆင်းရဲ ဒုက္ခတွေ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးရဲ့အခြားတနေရာရှိ ကံမကောင်းအကြောင်းမလှသူတွေကို ကူညီဖို့ အင်မတန်လိုအပ်လှပါတယ်။

ကျမတို့ လှုပ်ရှားရုန်းကန်မှုရဲ့ တစ်စိတ်တစ်ပိုင်းကတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ကျမတို့ ဆင်းရဲမွဲတေနေရ တာဟာ လုံလောက်တဲ့ရင်းမြစ်နဲ့ ရင်းနှီးမြှတ်နှံမှုတွေ ရှားပါးလွန်လို့မဟုတ်ပဲ အုပ်ချုပ်မှုကောင်းကောင်းကို ပေါ်ထွန်းစေ တဲ့ အလေ့အကျင့်နဲ့ အခြေခံအဆောက်အအုံတွေ နည်းပါးလွန်းလို့သာဖြစ်တယ် ဆိုတာ သိမြင်နားလည်စေခြင်းပါပဲ။
ဖိနှိပ်လွန်းတဲ့အစိုးရတွေနဲ့ ဆက်လို့ နောက်တွန့်စိုးရွံ့ခြင်းမရှိတဲ့ နိုင်ငံစုံကျော် စီးပွားရေးလုပ်ငန်းကြီးတွေ အများအပြား ရှိပါတယ်။ သူတို့အနေနဲ့ မြန်မာ့စီးပွားရေးမှာ ပါဝင်ပတ်သက်ဖို့ လာရောက်ရတာဟာ ဒီမိုကရေစီ လုပ်ငန်းစဉ်ကို အကူ အညီဖြစ်စေဖို့သာဖြစ်တယ်လို့ အကြောင်ပြလေ့ရှိပါတယ်။

ဒါပေမယ့် နိုင်ငံရေးအာဏာနဲ့ စီးပွားရေးကို လက်ဝါးကြီး အုပ်ထားတဲ့ ချမ်းသာပြီးသားလူတစ်စုကိုသာ ပိုမိုချမ်းသာစေ တဲ့ ရင်းနှီးမြှတ်နှံမှုတွေဟာ ဒီမိုကရေစီစနစ်အတွက် အခြေခံအုဌ်မြစ်တွေဖြစ်တဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုကို ဖေါ်ဆောင်ပေးနိုင်မှာမဟုတ်ပါဘူး။

ဒါကြောင့် အတွေးအခေါ်လွတ်လပ်မှုနဲ့ လူသားဆန်တဲ့ကြံဆမှုတွေကို မြှင်တင်ပေးနိုင်မယ့် စွမ်းအားဖြန့်ကျတ်နိုင်သူ ဘယ်သူမဆို မြန်မာစစ်အစိုးရနဲ့ စီးပွားရေးလုပ်ဆောင်နေတဲ့ ကုမ္ပဏီင်္တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြတ်ပြတ် သားသားရပ်တည်ဆန့်ကျင်သွားဖို့ တိုက်တွန်းလိုပါတယ်။ ကျေးဇူးပြုပြီး ကျမတို့ရဲ့ လွတ်မြောက်မှုအတွက် ရှင်တို့ ရဲ့ လွတ်လပ်မှုကို အသုံချပေးပါလို့ တောင်းပန်ပါရစေ။

အထက်ပါစာစုမှာဝါရှင်တန်ရှိ အမေရိကန် တက္ကသိုလ်အတွက်ပေးပိုသော သူမ၏သ၀ဏ်လွှာကိုthe International Herald Tribune သတင်းစာကြီးက ပြန်လည်ဖေါ်ပြထားခြင်းဖြစ်သည်။သူမကိုယ်စားသူမ၏ခင်ပွန်းက ပြီး ခဲ့သည့်အပတ်တွင်လာရောက်ဖတ်ကြားသွားခြင်းဖြစ်သည်။

No comments: