ဗိုလ်ထက်မင်း
နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် တက်ရောက်ကြတဲ့ သင်တန်းသား ဗိုလ်မှူး ကြီးများ အနေနဲ့ သင်တန်းမှာ တနှစ်ပတ် လုံးနီးပါး စာအုပ်နဲ့ မျက်နှာ မခွာဝံ့ဘဲ တကုပ်ကုပ်နဲ့ မွန်းကြပ်စွာ ဘယ်လို ဘာသာရပ် တွေအား သင်ယူရတယ်၊ ဘယ်လိုမျိုး ဆွေးနွေး နှီးနှော ဖလှယ်ပွဲတွေ တက်ရောက် ဆွေးနွေး ရတယ်၊ ဘယ်လို စာတမ်းတွေ ပြုစု ရတယ် ဆိုတာ တွေကို အသေးစိတ် ရှင်းလင်း တင်ပြသွား ပါမယ်။
သိပ္ပံပညာ ထွန်းကားမှုကြောင့် စစ်မှုအတတ်ပညာ (Military Technology) လည်း ပြောင်းလဲ တိုးတက်နေရာ စစ်မှုအတတ် ပညာတိုးတက်မှုနှင့်အညီ စစ်နည်းဗျူဟာ၊ စစ်မဟာဗျူဟာနှင့် စစ်အခြေခံ သဘောတရားများလည်း စဉ်ဆက်မပြတ် ပြောင်းလဲလျက် ရှိပါတယ်။ ဒါကြောင့် ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်ဖို့ ဗိုလ်မှူးကြီး အဆင့် စစ်ခေါင်းဆောင်များအား လေ့လာ ဆည်းပူး လေ့ကျင့်ပွားများနေရန် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်က အပိုင်း (၁၁) ပိုင်း ခွဲခြားပြီး ပို့ချခဲ့ပါတယ်။
သင်တန်းသားများကို တဦးချင်းရော၊ အဖွဲ့လိုက်ပါ ဆောင်ရွက်စေတဲ့ လုပ်ငန်းများ ရှိပါတယ်။
သင်တန်းသား တဦးချင်း အနေနဲ့ ဘာသာရပ်သုံးသပ်ခြင်း (ရေးသားမှု)၊ ဘာသာရပ် သုံးသပ်ခြင်း (ဟောပြောတင်ပြမှု)၊ ပထမအကြိမ် ကိုးကားရမဲ့ စာအုပ်စာတမ်း လေ့လာ သုံးသပ်ခြင်း၊ ဒုတိယအကြိမ် ကိုးကားရမဲ့ စာအုပ်စာတမ်းများ လေ့လာသုံးသပ်ခြင်း၊ ဟောပြော တင်ပြခြင်း (မြန်မာဘာသာ)၊ ဟောပြောတင်ပြခြင်း (အင်္ဂလိပ်ဘာသာ)၊ ဘွဲ့ယူ စာတမ်း ပြုစု တင်ပြခြင်းတို့ ပါဝင်ပါတယ်။ အဖွဲ့လိုက် အနေနဲ့ အဖွဲ့လိုက် ဆွေးနွေးခြင်း၊ အဖွဲ့ဖြင့် ပြဿနာ အဖြေရှာခြင်း၊ မြန်မာနိုင်ငံအကြောင်း သိကောင်းစရာ နှီးနှောဖလှယ်ပွဲ၊ စီးပွားရေးရာ နှီးနှော ဖလှယ်ပွဲ၊ မဟာဗျူဟာ လေ့လာရေး စာတမ်း ပြုစုခြင်း စသည်တို့ ပါဝင်ပါတယ်။
သင်တန်းပို့ချရာမှာ အပိုင်း(၁) ဖြစ်တဲ့ နိုင်ငံ့စွမ်းအားကို သတ်မှတ်ပေးနိုင်သော အရင်းခံ အကြောင်းရပ်များ ခေါင်းစဉ်ကြီးမှာ (၁)နိုင်ငံ့စွမ်းအား အဓိပ္ပါယ် ဖွင့်ဆိုချက်၊ (၂)သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အရင်းခံများ၊ (၃) နိုင်ငံရေးဆိုင်ရာ အရင်းခံများ၊ (၄) စစ်အင်အားကို ဖြစ်စေသော အရင်းခံများ၊(၅) စီးပွားရေးဆိုင်ရာ အရင်းခံများ၊ (၆)အုပ်ချုပ်ရေးဆိုင်ရာ အရင်းခံများ၊ (၇)လူမှုရေးဆိုင်ရာ အရင်းခံများ၊ (၈)ခေါင်းဆောင်မှုနှင့် နိုင်ငံဦးဆောင်မှုဆိုင်ရာ အရင်းခံများ၊ (၉)သံတမန်ရေး ဆိုင်ရာ အရင်းခံများ ဆိုတဲ့ ခေါင်းစဉ်ငယ်များ ပါဝင်ပါတယ်။
အပိုင်း (၂) ဖြစ်တဲ့ နိုင်ငံတော်၏ စီးပွားရေးအခြေခံ အဆောက်အအုံများကို လေ့လာခြင်း ခေါင်းစဉ်ကြီးမှာ (၁) စီးပွားရေးဆိုင်ရာ အခြေခံ သဘောတရားများ၊ (၂)စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၊ ဖွံ့ဖြိုးရေးမူဝါဒနှင့် ဆောင်ရွက်ချက်များ၊ (၃)ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများ၊ (၄)မြန်မာ နိုင်ငံ၏ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လေ့လာချက်များ ဆိုတဲ့ ခေါင်းစဉ်ငယ်တို့ ပါဝင်ပါတယ်။
အပိုင်း (၃) ဖြစ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် သံတမန်နည်းများ ခေါင်းစဉ်ကြီးအောက်မှာတော့ (၁)မျက်မှောက်ခေတ် နိုင်ငံတကာ ဆက်ဆံရေး အခြေအနေ၊ (၂) နိုင်ငံအချင်းချင်း အကျိုးတူ ပူးပေါင်းဖွဲ့စည်းမှုနှင့် ဆောင်ရွက်မှုများ၊ (၃)မဟာဗျူဟာ လက်နက် လျှော့ချရေးနှင့် ကန့်သတ်ရေး ဆွေးနွေးပွဲများ၊ (၄)စစ်အေးလွန် ကာလ ကုလသမဂ္ဂ၏ အခန်းကဏ္ဍ၊ (၅)ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံ၊ (၆)အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)၊ (၇)ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီနှင့် တနှစ်အတွင်း လှုပ်ရှားမှု၊ (၈)ငွေကြေးဆိုင်ရာ သီးခြားအဖွဲ့အစည်းများ၊ (၉)နိုင်ငံတကာ ဆက်ဆံရေး၊ (၁ဝ)နိုင်ငံခြားရေးဝါဒများကို လေ့လာခြင်း၊ (၁၁) မျက်မှောက် ခေတ် အမျိုးသားရေး ဝါဒ၊ (၁၂)မျက်မှောက်ခေတ် နိုင်ငံတကာ အရေးအခင်း များကို ဖြေရှင်းမှုများ၊ (၁၃)ဘက်မလိုက် လှုပ်ရှားမှု စတင်ပေါ်ပေါက်လာပုံနှင့် ဖြစ်ပေါ် တိုးတက်မှုများ၊ (၁၄)အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ (၁၅)အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင် ဥပဒေ၊ (၁၆)အပြည်ပြည်ဆိုင်ရာ လေကြောင်းဥပဒေ၊ (၁၇)အပြည်ပြည်ဆိုင်ရာ ဥပဒေ ကျင့်သုံးမှုကို လေ့လာခြင်း၊ (၁၈)သံတမန်နည်းနာ (Course in Diplomacy) တို့ ပါဝင်ပါတယ်။
အပိုင်း (၄) ဖြစ်တဲ့ ခေတ်သစ်စစ်ပွဲများတွင် စစ်မှုသိပ္ပံနှင့် နည်းပညာများ ခေါင်းစဉ်ကြီး အောက်မှာ (၁)ခေတ်သစ် စစ်ပွဲများတွင် မိုင်းစစ်ဆင်ရေး သဘောတရားများ၊ (၂)နျူကလီးယား၊ ဇီဝ၊ ဓါတုစစ်ဆင်ရေးနှင့် ခြိမ်းခြောက်တားဆီးမှု မဟာဗျူဟာ၊ (၃)ခေတ်သစ် စစ်ပွဲများတွင် ဥမင်လှိုဏ်ခေါင်း စစ်ဆင်ရေး သဘောတရားများ၊ (၄)အီလက်ထရောနစ် စစ်ဆင်ရေး၊ (၅)စိတ်ဓါတ်စစ်ဆင်ရေး၊(၆) ရေဒါနည်းပညာနှင့် စစ်ဘက်ဆိုင်ရာ အတွက် အသုံးပြုမှု၊ (၇) ခေတ်မီဆက်သွယ်ရေး နည်းပညာနှင့် ကွန်ယက် ဗဟိုပြုစစ်ပွဲ၊ (၈)ဂြိုလ်တု နည်းပညာနှင့် ဝေဟင်အာကာသစစ်၊ (၉)ဒုံးလက်နက် မဟာဗျူဟာ၊ (၁ဝ)သတင်း အချက်အလက် စစ်ဆင်ရေး၊ (၁၁)နိုင်ငံတော် ကာကွယ်ရေးအတွက် သိပ္ပံနှင့် နည်းပညာ။ (၁၂)အနာဂတ် စစ်ရေးမဟာဗျူဟာအပေါ် လွှမ်းမိုး လျက်ရှိနေမည့် နည်းပညာ၏ အခန်းကဏ္ဍ၊ (၁၃)သိပ္ပံနည်းပညာ၊ သတင်းနှင့် အမျိုးသား လုံခြုံရေး စတဲ့ ခေါင်းစဉ်ငယ်များ ပါဝင်ပါတယ်။
အပိုင်း (၅) ဖြစ်တဲ့ စီမံခန့်ခွဲမှု ခေါင်းစဉ်ကြီးအောက်မှာ (၁) စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု (Business Administration) (၂)စစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲမှု (Defense Management System)၊ (၃)နယ်ဘက်ဆိုင်ရာ စီမံခန့်ခွဲမှု (Public Administration or Public Management) တို့ ပါဝင်ပါတယ်။
အပိုင်း (၆) ဖြစ်တဲ့ တိုက်ပွဲဖြစ်စဉ်များအပေါ် လေ့လာသုံးသပ်ခြင်း ခေါင်းစဉ်ကြီးအောက်မှာ (၁)ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေးနှင့် ပတ်သက်သော တိုက်ပွဲများကို လေ့လာ သုံးသပ်ခြင်း၊ (၂) လေကြောင်းစွမ်းအား အသုံးပြုတိုက်ပွဲ ဖြစ်စဉ်များအပေါ် လေ့လာ သုံးသပ်ခြင်း၊ (၃)ရေကြောင်းစွမ်းအား အသုံးပြုတိုက်ပွဲ ဖြစ်စဉ်များအပေါ် လေ့လာ သုံးသပ်ခြင်း၊ (၄)ခေတ်သစ်စစ်၏ သဘောသဘာဝနှင့် ခေတ်သစ်စစ်ပွဲကို ရင်ဆိုင် အံတု နေသော စစ်ပွဲများကို လေ့လာသုံးသပ်ခြင်း၊ (၅)ကန့်သတ်မဲ့ စစ်ဆင်မှုများ၏ သဘော သဘာဝနှင့် သမားရိုးကျစစ်ပွဲများကို ရင်ဆိုင်အံတုနေသော ၂ဝ ရာစု နောက်ပိုင်း ကန့်သတ်မဲ့ စစ်ပွဲများကို လေ့လာသုံးသပ်ခြင်းတို့ ပါဝင်ပါတယ်။
အပိုင်း (၇) ဖြစ်တဲ့ စစ်အတွေးအခေါ်များ၊ စစ်မဟာဗျူဟာ၊ ခေတ်သစ်စစ်ဆင်ရေးနှင့် ကာကွယ်ရေး မူဝါဒများ ခေါင်းစဉ်ကြီးအောက်မှာ (၁)စစ်အတွေးအခေါ်များ၊ (၂)စစ်မဟာဗျူဟာများ၊ (၃)ခေတ်သစ် စစ်ဆင်ရေး၊ (၄)၂၁ ရာစု စစ်ပွဲအသွင်အပြင်များ၊ (၅)လေကြောင်းရန် ကာကွယ်ရေး၊ (၆)ခေတ်သစ်စစ်ပွဲနှင့် ပြည်သူ့စစ် မဟာဗျူဟာ၊ (၇)ကာကွယ်ရေး မူဝါဒများ ရေးဆွဲရာတွင် စဉ်းစားရမည့် အခြေခံများ (Fundamentals of Defense Policy Documents) ဒေသတွင်း နိုင်ငံများ၏ ကာကွယ်ရေး မူဝါဒ ရေးဆွဲမှုအပေါ် နှိုင်းယှဉ် လေ့လာချက်၊(၈)အခြားနိုင်ငံများ၏ ကာကွယ်ရေးမူဝါဒများ ရေးဆွဲမှု အတွေ့အကြုံများ၊ (Development of Defense Policy-Case Studies) တို့ ပါဝင်ပါတယ်။
အပိုင်း (၈) ဖြစ်တဲ့ မဟာဗျူဟာအမြင်ဖြင့် နိုင်ငံများကို လေ့လာခြင်း ခေါင်းစဉ်ကြီး အောက်မှာ (၁)နိုင်ငံများအပေါ် မဟာဗျူဟာ အမြင်ဖြင့် လေ့လာခြင်း၊ (၂)မဟာ အင်အားကြီး နိုင်ငံ၊ (၃)အင်အားကြီးနိုင်ငံများ၊ (၄)အလယ်အလတ် အင်အားကြီး နိုင်ငံများ၊ (၅)ကျန်ကမ္ဘာ့နိုင်ငံများ၊(၆)အိမ်နီးချင်းနိုင်ငံများတို့ ပါဝင်ပါတယ်။
အပိုင်း (၉) ဖြစ်တဲ့ နိုင်ငံတော်၏ အမျိုးသားရေး အကျိုးစီးပွားနှင့်မူဝါဒများ ခေါင်းစဉ်ကြီး အောက်မှာ (၁)ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အမျိုးသားရေး အကျိုးစီးပွားဆိုင်ရာ အခြေခံများ၊ (၂) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အမျိုးသားရေး ရည်မှန်းချက်များ၊ (၃) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အမျိုးသားရေး အကျိုးစီးပွား မျှော်မှန်းချက်ဆိုင်ရာ အခြေခံ အချက်များ၊ (၄)နိုင်ငံတော်အဆင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းဆိုင်ရာ ယေဘုယျ အဆင့်များ၊ (၅)နိုင်ငံတော် မူဝါဒများ ဖော်ထုတ်ချမှတ်ခြင်းဆိုင်ရာ ယေဘုယျအဆင့်များ၊ (၆) နိုင်ငံတော် အာဏာပိုင် အဖွဲ့အစည်းများနှင့် လုပ်ငန်းဆောင်ရွက်မှုများ၊ (၇)အမျိုးသားညီလာခံ ကျင်းပရေး လုပ်ငန်းများ၊ (၈)ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ လုပ်ငန်းများ၊ (၉) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ (၁ဝ) မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ (၁၁)သုတေသန စာတမ်း တင်သွင်းခြင်းနှင့် စစ်ဆေးခံယူခြင်းတို့ ပါဝင်ပါတယ်။
အပိုင်း (၁ဝ) ဖြစ်တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး ခေါင်းစဉ်ကြီးအောက်မှာ (၁)နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် အယူအဆများ၊ (၂)နိုင်ငံတော် လုံခြုံရေး (National Security) (၃)နိုင်ငံတော်ကာကွယ်ရေး (National Defense) တို့ ပါဝင်ပါတယ်။
အပိုင်း (၁၁) ဖြစ်တဲ့ နိုင်ငံတော်၏ အနာဂတ် အမျိုးသားရေး မဟာဗျူဟာကို လေ့လာစူးစမ်း ဖော်ထုတ်ခြင်း ခေါင်းစဉ်ကြီးအောက်မှာ (၁) တပ်မတော်အကြီးအကဲများ၏ သြဝါဒများ၊ (၂)မဟာဗျူဟာစာတမ်း၊ ပြုစုရေးသားတင်ပြခြင်းတို့ ပါဝင်ပါတယ်။
အဆိုပါ အပိုင်း (၁၁) ပိုင်းထဲမှာ စစ်ရေးပိုင်းဆိုင်ရာ (၄) ပိုင်း၊ မူဝါဒနဲ့ သြဝါဒပိုင်းဆိုင်ရာ (၂) ပိုင်း၊ နိုင်ငံတကာရေးရာ ဆိုင်ရာ (၂) ပိုင်း၊ စီမံခန့်ခွဲရေး ဆိုင်ရာ (၁) ပိုင်း၊ စီးပွားရေး ဆိုင်ရာ (၁) ပိုင်း၊ နိုင်ငံ့စွမ်းအား ဆိုင်ရာ (၁) ပိုင်း ပါဝင်နေတာကို ခြုံငုံ လေ့လာသိရှိရပါတယ်။
နောက်ဆုံးမှာတော့ သင်တန်းသားတွေဟာ အပိုင်း (၁၁) ဖြစ်တဲ့ နိုင်ငံတော်၏ အနာဂတ် အမျိုးသားရေး မဟာဗျူဟာ စာတမ်းကို ပြုစုရေးသား တင်ပြကြရပြီး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) စစ်ဆင်ရေး ခန်းမကြီးမှာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အဖွဲ့ကို သင်တန်းသားတွေ ကိုယ်တိုင် အသီးသီး ရှင်းလင်းတင်ပြရပြီးနောက် သင်တန်းဆင်းသွားကြရပါတယ်။
သင်တန်းသားတွေခမျာ အမှန်အတိုင်း မတင်ပြရဲကြဘဲ လိမ်လည်ကာ မျက်စေ့မှိတ် တင်ပြနေရပါတယ်။ ဥပမာ- အပိုင်း (၂) စီးပွါးရေး ကဏ္ဍမှာဆိုရင် တိုးတက်မှုတွေကိုသာ သင်ကြားပြသရပြီး အမှန်တကယ် ကိန်းဂဏန်းများ ကိုတော့ ဖုံးကွယ်နေကြပါတယ်။ ပို့ချတဲ့ ဘာသာရပ်တွေဟာ ခက်ခဲ နက်ရှိုင်းပြီး တချို့  ဘာသာရပ်တွေဆိုရင် လက်တွေ့ ကွင်းဆင်း ပြသမှ ဂဃဏန သိရှိနားလည်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ နည်းပညာပိုင်းနဲ့ ပစ္စည်း ကိရိယာများ စုံလင်မှု မရှိတာကြောင့် လက်တွေ့ မပြနိုင်ဘဲ စာတွေ့သာ ကျက်မှတ်ရလို့ သင်တန်းသားတွေဟာ မကြီးမငယ်နဲ့ နှုတ်တိုက်အာဂုံ အလွတ် ဆောင်ရပါတယ်။ အမှန်တကယ်တော့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် အဆင့်ဟာ စာတွေ့လက်တွေ့ သင်ကြားနိုင်ဖို့ လိုအပ်တဲ့ ထောက်ပံ့နိုင်မှု၊ ပံ့ပိုးပေးမှု၊ လက်တွေ့ကျကျ လေ့လာစေမှုမှာ များစွာအားနည်း လိုအပ်နေပါတယ်။ လက်တွေ့ နယ်ပယ်မှာ စမ်းသပ်ကြည့်ခိုင်းတဲ့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် အပတ်စဉ် တခု ဆိုရင် ဟိုမိန်းဌာနချုပ်သို့ သွားရောက် လေ့လာခိုင်းပြီး အပြန်လမ်းမှာ ရန်သူမှ ခြုံခို ချလိုက်လို့ သင်တန်းသား ဗိုလ်မှူးကြီးများခမျာ ဘုရားစာ ရွတ်ခဲ့ရတယ်လို့ သိရပါတယ်။ လမ်းကင်း လုံခြုံရေး တာဝန်ကျတဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းကြည်ခမျာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့  နှိပ်ကွပ်မှုကြောင့် ဦးဆောင်ညွှန်ကြားရေးမှူးတောင် မဖြစ်လိုက်ရှာဘဲ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ညွန်ကြားရေးမှူး အဖြစ်နဲ့သာ ရောက်ရှိသွားခဲ့ပါတယ်။
နိုင်ငံတကာရှိ တက္ကသိုလ်များနဲ့ နှိုင်းယှဉ်ရင် မိုးနဲ့မြေလို ကွာခြားတာမို့ အမှန်တကယ် အရည်အသွေး တောက်ပြောင်တဲ့ စစ်ခေါင်းဆောင် မွေးထုတ်လာဖို့ လိုအပ်နေပါသေးကြောင်း တင်ပြလိုက်ရပါတယ်။
နောက်အပိုင်းမှာတော့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းတော်ကြီးနဲ့ ကျောင်းအုပ်ကြီးတို့ရဲ့  အခြေအနေ သုံးသပ်ချက်များနဲ့တကွ နိဂုံးချုပ် တင်ပြသွားပါမယ်။
No comments:
Post a Comment