Sunday, November 22, 2009

တာရာမင်းဝေ အမှတ်တရ စာစုများ


တာရာမင်းဝေ အမှတ်တရ စာစုများ စာအုပ်ကို တာရာမင်းဝေ ကွယ်လွန်တာ ၂ နှစ်တာကြာ ကာလမှာ သူ့အကိုဖြစ်သူ အောင်ဒင်က စီစဉ်ပြီး မိုးမခ စာနယ်ဇင်းအဖွဲ့က ၂၀၀၉ သြဂုတ်လထဲက ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ မိုးမခ စာနယ်ဇင်းအဖွဲ့က အမေရိ ကန်ပြည်ထောင် စု ဆန်ဖရန် စစ္စကိုမြို့မှာ အခြေစိုက် ပါတယ်။

မိုးမခ အဖွဲ့က ကဗျာဆရာတင်မိုး အမှတ်တရစာစု၊ သတင်းစာဆရာ ကြေးမုံဦးသောင်း အမှတ်တရစာစု၊ ဟံသာဝတီ ဦးဝင်းတင် စာနယ်ဇင်းဆောင်းပါးများ စာအုပ် စတဲ့ အမှတ်တရ စာအုပ်များကို ထုတ်ဝေခဲ့ပြီး၊ ခု တာရာမင်းဝေ အမှတ်တရစာစုကို ဆက်လက်ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ အမှတ်တရစာစုထဲမှာ အောင်ဒင်က သူ့ညီ တာရာမင်းဝေရဲ့ အတ္ထုပ္ပတ္တိအကျဉ်းကို ရေးသားထားပါတယ်။

တာရာမင်းဝေဟာ လုံးချင်းဝတ္ထုတွေ ၂ဝ-၂၅ အုပ်မက ရေးခဲ့တယ်။ သူ့ငယ်အမည်က ချစ်ညီညီဖြစ်ပြီး ကဗျာတွေ ရေးတော့ ရွှေဘုန်းလူအမည်နဲ့ ရေးခဲ့ပါတယ်။ တခြားအမည်နဲ့ စာပေဆောင်းပါးများလည်း ရေးခဲ့ပါတယ်။ ၁၉၈၇ မှာ ထူးထူးခြားခြား မြန်မာစာဂုဏ်ထူးနဲ့ ၁ဝ တန်းအောင်ပြီး၊ ၁၉၈၈ မှာတော့ ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်စာ အဓိကနဲ့ ပညာသင်နေဆဲ ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါက်ကွဲလာလို့ အများနည်းတူ စွန့်စားပါဝင်ဆင်နွှဲခဲ့ရပါတယ်။ အရေးတော်ပုံမှ ဗကသများ ဗဟိုကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့လို့ ၄ နှစ် ထောင်ကျခဲ့ပါတယ်။

ထောင်တွင်းတိုက်ပွဲများမှာလည်း အကိုဖြစ်သူ အောင်ဒင်နဲ့အတူ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ အင်းစိန်ထောင်၊ သရက်ထောင်၊ သာယာဝတီထောင် သုံးထောင်ကျင်လည်ခဲ့ရရှာပါတယ်။ ထောင်ထဲမှာရှိနေရစဉ် ကဗျာတွေ၊ ဝတ္ထုတွေကို ဦးခေါင်းထဲမှာပဲ အချောရေးခဲ့တယ်လို့ သူ့သူငယ်ချင်းတွေက ရေးသားဖော်ပြထားပါတယ်။

အမှတ်တရစာစုထဲမှာ တာရာမင်းဝေ ကိုယ်တိုင်ရေးတဲ့ ကဗျာ ၇ ပုဒ်ကို ရွေးချယ်ဖော်ပြထားပါတယ်။ နယူးယောက် စာအုပ်ဆိုင်မှာတော့ သူ့ဝတ္ထုတွေ စုံသလောက် ရှိပုံရပါတယ်။ ကဗျာစာအုပ်တအုပ်မှ မတွေ့ရဖူးပါဘူး။ သူ့ဝတ္ထုတွေက စာပေစိစစ်ရေးကို ရှောင်ပြီး၊ စီးပွားဖြစ်သဘောမျိုး တွင်တွင်ရေးခဲ့တာတွေ များပါတယ်။ အထူးသဖြင့်တော့ သူမရေးချင်တဲ့ တက္ကသိုလ် ကျောင်းသားကျောင်းသူတို့ရဲ့ သာမန်နေ့စဉ်ဘဝကိုသာ ရေးနိုင်ပါတယ်။ ဒါ့ကြောင့် လွတ်လွတ်လပ်လပ် ရေးဖွဲ့ခဲ့တဲ့ ကဗျာတွေက ပိုကောင်းပါတယ်။

တာရာမင်းဝေ (ရွှေဘုန်းလူ) ဟာ ခေတ်ကာလအခေါ် ကာရန်မဲ့ အရေးအဖွဲ့ဆန်ဆန် ကဗျာများကို ရေးဖွဲ့လေ့ ရှိပေမယ့် စိတ္တဇဆန်လောက်အောင် အဆန်းတကြယ် မရေးဖွဲ့ပါဘူး။ ကာရန်မဲ့ဆိုပေမယ့် ရှေးက ပိဋိကတ်အသွားလို၊ (မေတ္တာစာအသွားလို) ကာရန်များကို ကောင်းကောင်းချိတ်မိအောင် သံစဉ်မိမိနဲ့ ရစ်သမ်မြောက် ရေးဖွဲ့နိုင်စွမ်းတာကို တွေ့ရပါတယ်။ ကဗျာစိတ်ကူးလည်း ကောင်း၊ ရေးဖွဲ့မှု ကိုယ်ပိုင်ဟန်လည်း ဖန်တီးနိုင်တာကြောင့် စစ်အစိုးရခေတ်လိုမဟုတ်ဘဲ၊ တခြား ဒီမိုကရေစီ ခေတ်တခေတ် နှစ်ခေတ်မှာဆိုရင် ထူးခြားစွာ ထွက်လာနိုင်တဲ့ ''ကဗျာဇ'' ရှိသူ ဖြစ်ပါတယ်။

တာရာမင်းဝေဟာ အရေးတော်ပုံ ကာလမှာ ရဲရင့်စွန့်စားခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တဦးအဖြစ်နဲ့ အရေးတော်ပုံဆိုင်ရာ ကဗျာသစ်တွေ စမ်းသပ်ဖန်တီးရေးဖွဲ့ခဲ့သူအဖြစ် သမိုင်းမှာ တင်ကျန်နေမယ့်သူ ဖြစ်ပါတယ်။

ကြမ်းတမ်းတိုတောင်း၊ သမိုင်းကြောင်းကို သွေးနဲ့ ချွေးနဲ့ ရေးခဲ့ပြီး ဝတ္ထုရေးဆရာအဖြစ်နဲ့ ဘဝကို တကွေ့ချိုးပစ်လိုက်ပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ဖေးဖေးမမလုပ်မယ့် မသောက်မစား ပတ်ဝန်းကျင်မျိုးနဲ့ ကြုံခဲ့ရရင် သူရဲ့ လက်စွမ်းလက်စမျိုးနဲ့ဆိုရင် စာကောင်းပေကောင်းတွေကို ဖန်တီးနိုင်ခဲ့မှာ ဖြစ်ပါတယ်။ ခုတော့ …။

ပြည်ပမှာ စုစည်းရတဲ့ စာအုပ်ကလေးမှာကိုပဲ ကဗျာဆရာ ၁၂ ယောက်၊ ဆောင်းပါးဆရာ ၁၂ ယောက်တို့က အမှတ်တရ တမ်းတမ်းတတနဲ့ အနာဂတ် တောက်ပြောင်တဲ့ အနုပညာရှင်တယောက်အဖြစ်ကို မျှော်မှန်းကြတာကို တွေ့နိုင်ပါတယ်။ ကဗျာနဲ့ ဂုဏ်ပြုတမ်းတကြသူတွေထဲမှာ မင်းကိုနိုင်၊ အောင်ဒင်၊ အောင်ဝေး၊ စန်းစန်းတင် စတဲ့ ကဗျာဆရာများ ပါဝင်ကြပြီး၊ ဆောင်းပါးနဲ့ ဂုဏ်ပြုလွမ်းဆွတ်ကြသူတွေထဲမှာတော့ မေငြိမ်း၊ ခက်မာ၊ ဘိုကြည်၊ ပန်းချီထိန်လင်း၊ မင်းဇင်၊ မောင်ရစ်၊ မောင်စွမ်းရည် စတဲ့ ဆောင်းပါးရှင်များ ပါဝင်ကြပါတယ်။ ဈာပနမှတ်တမ်း အပါအဝင် အားလုံး စာမျက်နှာ ၁၉ဝ လောက် ရှိပါတယ်။ ဆက်လက်ပြီး ကဗျာပေါင်းချုပ် ထုတ်ပါအုံးလို့ ပြောကြားလိုက်ရပါတယ်။


No comments: