Wednesday, November 25, 2009

NDC နဲ့ ခွဲတမ်းပြဿနာ အပိုင်း - ၂


တပ်မတော်ရဲ့ တတိယမျိုးဆက်သစ် (Third Generation) ဖြစ်လာမယ့်၊ ထိပ်ပိုင်းရာထူးတက်ဖို့ လှေကားထစ်ဟာ ၁၉၉၃ ခုနှစ် ကာလပိုင်းခန့်ထိကတော့ စစ်ဦးစီးတက္ကသိုလ်ကို တက်ရောက်ကြဖို့ လိုပါတယ်။

အဲဒါကြောင့် တပ်ရင်းမှူးများဟာ ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ်ကို တက်ရောက်နိုင်ရန် အလုအယက် ကြိုးစားကြရပါတယ်။ ကျောင်းဆင်းပြီးရင်တော့ G-1 လို့ ခေါ်တဲ့ စစ်ဦးစီးမှူး (ပထမတန်း) ဖြစ်ကြပါတယ်။ စစ်ဦးစီးမှူး (ပထမတန်း) ရာထူးဟာ ထိပ်ပိုင်းရာထူး မပေးခင် လက်တွေ့စမ်းသပ်ကာလမှာပေးတဲ့ ရာထူးဆိုရင်လည်း မမှားပေဘူး။

စစ်ဦးစီးမှူး (ပထမတန်း) ဟာ စစ်ဆင်ရေးကို အဓိကထားပြီး ကိုင်တွယ်ရသလို တိုင်းမှူး/တပ်မမှူး ကိုယ်စား လုပ်ပိုင်ခွင့် အပြည့်အဝရှိကာ ဦးစီးအရာရှိ (ပထမတန်း) (စစ်ရေး) နဲ့ ဦးစီးအရာရှိ (ပထမတန်း) (စစ်ထောက်) တို့ထက် ပိုလည်း အာဏာထက်ပြီး ရာထူးတက်လမ်းလည်း ပိုပါတယ်။ နဝတ တက်လာပြီးတဲ့နောက် တိုင်းစစ်ဦးစီး ဗိုလ်မှူးကြီး (Col.Gs) ဆိုတဲ့ ရာထူး တီထွင်ပေါ်ပေါက်လာခဲ့ပေမယ့် စစ်ဦးစီးမှူး (ပထမတန်း) G-1 ရာထူးဟာ အဲဒီ (Col.Gs) ရာထူးထက် ပိုမိုထက်မြက်နေသေးကြောင်း ဖြစ်စဉ်တခုအရ ပေါ်လွင်ပါတယ်။

အဲဒါကတော့ ရပခ တိုင်းမှူးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မောင်ဘိုက ရပခ (Col.Gs) ဖြစ်ခဲ့တဲ့ ယခု ပညာရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်အောင်မျိုးမင်းကို G-1 အလုပ်ကို ဝင်ရှုပ်လို့ဆိုပြီး ဆူပူကြိမ်းမောင်းခဲ့ဖူးကြောင်း သိရပါတယ်။ G-1 တနှစ်လောက် လုပ်ပြီးရင်တော့၊ တိုင်းမှူးက ထောက်ခံချက်ပေးရင် ဗိုလ်မှူးကြီးအဆင့်နဲ့ ဗျူဟာမှူးရာထူးသို့ တက်လှမ်းကာ အဆင့်ဆင့် ထိပ်ပိုင်းကို ရောက်ရှိကြတာ များပါတယ်။

နဝတ ခေတ်က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် ကျောင်းဆင်းဆင်းချင်း ဗိုလ်မှူးကြီးများအနေနဲ့ အမှတ်ကောင်းကောင်း ရရှိကြတဲ့အခါ ဗိုလ်မှူးချုပ်အဆင့်ဖြင့် စမ်းသပ်ကာလ ရာထူးများလို့ ခေါ်ဆိုရမလိုဖြစ်တဲ့ တပ်မမှူး၊ စကခမှူး၊ ဒကစမှူး ရာထူးများကို တိုးမြှင့်ရရှိကြပါတယ်။ နအဖ ခေတ်ကျတော့ တပ်မမှူး ဗိုလ်မှူးချုပ်ရာထူး ဆိုရင်တောင် ထိုင်ခုံ မငြိမ်သေးဘဲ တနည်းအားဖြင့် တတိယ မျိုးဆက်သစ် ထိပ်ပိုင်းရာထူးထိ တက်ရန် မသေချာတော့ဘဲ အချိန်မရွေး ဒုဝန်ကြီး (သို့) သံအမတ်ကြီး အဖြစ်သို့ လွင့်သွားနိုင်ပါသေးတယ်။

ဥပမာ - တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ်သန်းထွန်းနဲ့ စကခ ၄ စကခမှူး ဗိုလ်မှူးချုပ်စောလှမင်းတို့ဟာ သံအမတ်ကြီးများဖြစ်သွားတာ တရုတ်သွေးစပ်လို့ဆိုပြီး သတင်းစကားထွက်ပါတယ်။ အဖားတော်လို့၊ အမျိုးတော်လို့ ရှိရင်တော့ ခြွင်းချက်အနေနဲ့ တပ်မမှူးမှ ဝန်ကြီးအဖြစ် စံမြန်းသွားတဲ့ သာဓကအချို့တော့ ရှိပါတယ်။

မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ် မောင်မောင်သိန်းနဲ့ သတ္တုတွင်းဝန်ကြီး ဗိုလ်မှူးချုပ်အုန်းမြင့်၊ ဗိုလ်မှူးကြီးဇော်မင်း၊ ဗိုလ်မှူးကြီးသိန်းညွှန့်၊ ဗိုလ်မှူးချုပ်သိန်းဇော်နှင့် ဗိုလ်မှူးကြီးအောင်သောင်းဟာ တချို့ NDC ကိုတောင် မတက်လိုက်ရဘဲ “တော် သုံးတော်” ထဲမှာ ပါရှိနေလို့ ထူးခြားတယ်လို့ပဲ ခေါ်ဆိုရပါမယ်။ NDC တက်ရောက်ရတဲ့ ဗိုလ်မှူးကြီးများဟာ အများအားဖြင့် ဗျူဟာမှူးဘဝမှ တက်ရောက်ရတာဖြစ်လို့ တပ်မဲ့ ဗိုလ်ဘဝနဲ့သာ ဖြစ်တာမို့ အခြားထောက်ပံ့မှုမရှိဘဲ ရှိသမျှ စည်းစိမ်ဥစ္စာများကို ရောင်းချရကာ သင်တန်းမှာ အကုန်အကျခံ တက်ရောက်ကြရပါတယ်။

ဗျူဟာမှူးဘဝဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့်၊ အကျိုးခံစားခွင့် စည်းစိမ်ဥစ္စာ အခွင့်အရေးများကို အထက်က တပ်မမှူး၊ တိုင်းမှူးများက ချုပ်ကိုင်ထားကြတာဖြစ်ပြီး ပေးကမ်းစွန့်ကြဲသမျှကိုသာ လက်ခံကြရပါတယ်။ တချို့ဗျူဟာမှူးဆိုရင် စက်သုံးဆီ ခွဲတမ်းကိုသာ ရကြတယ်။ ဗျူဟာမှူးဆိုရာမှာ စစ်ဗျူဟာမှူးနဲ့ နည်းဗျူဟာမှူး အဆင့်တူချင်းတောင် အခွင့်အရေး ရပုံချင်းက မတူညီကြပြန်ပါဘူး။ တိုင်း အဆင့်ဆိုရင် စစ်ဗျူဟာမှူးလို့ခေါ်ပြီး နယ်ဘက်အုပ်ချုပ်ရေးကို ဝင်ရောက် ကိုင်တွယ်ရတာမို့ တိုင်းမှူး ကြည်ဖြူရင် အရိုးအရင်းလေး ရတာမျိုးတော့ ရှိပါတယ်။

တပ်မအဆင့်ဆိုရင်တော့ နည်းဗျူဟာမှူးလို့ခေါ်ပြီး နည်းဗျူဟာမှူးမှာ တပ်မမှူးမှ လစဉ် ခွဲတမ်းချပေးတဲ့ ဆီပေပါ ခွဲတမ်းလေးကိုသာ ရောင်းစားရပြီး ခြိုးခြံချွေတာ နေကြရပါတယ်။ အဲဒီ နည်းဗျူဟာမှူးတွေကတော့ စစ်ဆင်ရေးရှိမှာသာ တပ်ရင်းတွေကို ဟောက်စားလုပ်ကာ ကြပ်မတ်ရတာမို့ အဲဒီအခါကျရင် တပ်ရင်းမှူးတွေက လာဘ်ထိုးကြတာကြောင့် စိုပြေကြပါတယ်။ စစ်ဦးစီးတက္ကသိုလ်ကို တက်ရောက်ကြရတဲ့ တပ်ရင်းမှူးဘဝနဲ့ နှိုင်းယှဉ်ရင်တော့ ဆီနဲ့ရေလို ကွာခြားပြီး တပ်ရင်းမှူးဘဝမှာ သူ့ရဲ့နောက်က တပ်ရင်းတရင်းလုံးရဲ့ အဆီအနှစ်တွေ အားလုံးကို ဝါးမျိုလို့ ရနေတာကြောင့် အိုကေမှာ စိုပြေလှပါတယ်။

ဒါပေမဲ့ စစ်ဆင်ရေးတွေ ပြန်နားပြီဆိုရင်တော့ နည်းဗျူဟာမှူးတွေဟာ တပ်မမှူးကိုယ်စား အမှုတွေ၊ မှုခင်းပြဿနာတွေကို ရှင်းလင်းပေးရတဲ့ လူမိုက်တာဝန်ကိုသာ ယူကြရပါတော့တယ်။

စစ်ဗျူဟာမှူး၊ နည်းဗျူဟာမှူးတွေဟာ ပခုံးပေါ်ကို ဗိုလ်မှူးကြီးအပွင့် တင်ရလို့ လှပတယ်ဆိုတဲ့ အများအမြင်မှာ ရှိပေမယ့် သူ့အဆင့်နဲ့ လျော်ညီစွာ နေထိုင်ဝတ်ဆင်ရတာမျိုးနဲ့ အပေါ်ကို ဖားရတာမျိုးတွေကြောင့် ကျားကြီးတော့ ခြေရာကြီးကာ စားဝတ်နေရေး ကျပ်တည်းမှုတွေ ဖြစ်ပေါ်နေတာကိုလည်း တွေ့ရပါတယ်။

ဗိုလ်မှူးကြီးတွေရဲ့ နေ့စဉ် ကြုံတွေ့ရတဲ့ နောက်ရောဂါတမျိုးကတော့ ဆက်သွယ်ရေး စက်ပေါ်မှာ တိုင်းမှူး၊ တပ်မမှူးတွေရဲ့ အရှိန်အဝါကို သုံးပြီး စစ်ဦးစီးမှူး (ပထမတန်း)၊ ဦးစီးအရာရှိ (ပထမတန်း) တွေက “ကြပ်” ခြင်းကို ခံနေကြရတာပဲ ဖြစ်ပါတယ်။ တက်လမ်းဝေးပြီး လုပ်သက်ရင့် စီနီယာ အရာရှိကြီးတွေဖြစ်တဲ့ ဦးစီးအရာရှိ (ပထမတန်း) (စစ်ရေး/စစ်ထောက်၊ စစ်ဥပဒေ) တွေရဲ့ လေသံက ဗျူဟာမှူးတွေအပေါ် အစာမကျေမှုတွေ အမြဲလိုလို ရှိနေတာကို တွေ့ရပါတယ်။ ဗျူဟာမှူးတွေမှာ လုပ်သက်နုပြီး ရာထူးအဆင့်ကြီး နေပေမယ့် ဂျူနီယာ အရာရှိတွေဖြစ်လို့ “မင်း … ငါ့လောက် တပ်ထဲမှာ အတွေ့အကြုံ မရှိသေးပါဘူး၊ လူပါးမဝနဲ့” ဆိုတဲ့ လုပ်သက်ရင့် စီနီယာ အရာရှိကြီးတွေရဲ့ မကျေနပ်မှုများစွာနဲ့ ထိပ်တိုက် တွေ့ရတတ်ပါတယ်။

ပိုဆိုးတာက သားအရွယ်လောက်ရှိတဲ့ တိုင်းမှူး၊ တပ်မမှူးတွေရဲ့ ကိုယ်ရေးအရာရှိတွေ၊ စစ်ဦးစီးမှူး (ဒုတိယတန်း) နဲ့ (တတိယတန်း) အရာရှိတွေရဲ့ မောက်မာမှုတွေကြောင့် “ရင်ခံ” နေကြရတဲ့ ဗျူဟာမှူးတွေလည်း တပုံတပင်ကြီး ရှိနေပါတယ်။

ဗျူဟာမှူးတွေအနေနဲ့ NDC သင်တန်းတက်ဖို့ ရွေးချယ်ခံရပြီဆိုရင်ပဲ မုန့်ဖိုးပေးဖို့ ကလေးသဖွယ် တိုင်းမှူး၊ တပ်မမှူးထံမှာ လက်ဖြန့်တောင်းရတဲ့ ဘဝတွေလည်းရှိပါတယ်။

ဗျူဟာမှူးတယောက်အနေနဲ့ တနှစ်ပတ်လုံးနီးပါး သင်တန်းတက်ရောက်ရတဲ့ ကုန်ကျစရိတ်ဟာ ကြီးမားလွန်းလို့ ၁၉၉၈ ခုနှစ်က အပတ်စဉ် (၃) တက်ရောက်ခဲ့တဲ့ ဗျူဟာမှူးတဦးရဲ့ ပြောပြချက်အရ ကျပ် (၁ဝဝ) သိန်းကျော် ကုန်ခဲ့တယ်လို့ ဆိုပါတယ်။ သင်တန်းမှာ လိုအပ်ချက်တွေဖြစ်တဲ့ မိတ္တူစက်၊ ကွန်ပျူတာ စတဲ့ အထောက်အကူပြု ပစ္စည်းတွေလည်း ဝယ်ရတာတကြောင်း၊ အပြိုင်အဆိုင် ရှယ်တကာ့ရှယ် ဖြစ်အောင် လုပ်ရတာတကြောင်း။ NDC ကျောင်းအုပ်ကြီးနဲ့ နည်းပြ အရာရှိကြီးတွေကိုလည်း အမှတ်ကောင်းကောင်း၊ အဆင့်ကောင်းကောင်း ရရှိရေးအတွက် အစဉ်အလာကြီးသဖွယ် လာဘ်ထိုးရတာတကြောင်းပေါ့။

လာဘ်ပေးပုံကတော့ ဂေါက်ရိုက်ပွဲတွေကို စပွန်ဆာ စီစဉ်ပေးရတာ၊ ဈေးဝယ်တဲ့ အသေးအဖွဲ ကိစ္စမှအစ ဝန်ကြီးဌာနတွေက ဖုန်းပါမစ်၊ ပါဝါမီတာပါမစ်၊ ဂက်စ်အိုးပါမစ်၊ စားအုန်းဆီပါမစ်၊ အရက်လိုင်စင် စတာတွေအဆုံး ကျောင်းအုပ်ကြီးကနေ နည်းပြ အရာရှိကြီးများအထိကို သူတို့နာမည်နဲ့ ပါမစ်တွေ ရအောင် ဗျူဟာမှူးတို့က ဆရာသမား ဝန်ကြီးများထံကို ချဉ်းကပ်ပြီး ပေးကမ်း ဆောင်ရွက်ကြရပါတယ်။

ဒါပေမဲ့ ဗိုလ်မှူးကြီးတွေဟာ ဗျူဟာမှူးရာထူးကို ရောက်တယ်ဆိုရင်ပဲ “ညောင်ညိုပင် လမ်းခွဲ” ကို ရောက်ရှိသလို ခံစားကြရပြီး ထိပ်ပိုင်းရာထူးသို့ တက်သွားတဲ့ လမ်းကောင်းနဲ့ အဝီစိ ရာထူးကို ဆင်းသွားတဲ့ လမ်းဆိုးတွေကို တွေ့မြင်နေကြရကာ ဘေးကျပ်နံကျပ်နှင့် မရှုမလှ ကြုံတွေ့နေကြရကြောင်းပါ ခင်ဗျား။

No comments: