Sunday, November 22, 2009

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၉

မင်းဟန်

(၁၃၉)
နဝတ က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်းခဲ့ပြီးသည့်နောက် …. ပုဒ်မအမျိုးမျိုးတပ်ကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အများအပြားကို ဖမ်းဆီးထိန်းသိမ်းသည်။ ထို့အပြင် လက်နက်ကိုင် တော်လှန်ရေးနယ်မြေသို့ ထွက်ခွာခဲ့ကြသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အားလုံးကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ကြောင်း ကော်မရှင်မှတဆင့် ထုတ်ပြန်၍နေ၏။

ဦးချမ်းအေး၊ ဦးစိုးသိမ်း၊ စသည့် … အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှသည် မာနယ်ပလောရှိ ဒေါက်တာစိန်ဝင်းနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အားလုံးကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်စာရင်းမှ ပယ်ဖျက်၏။ ပြီးလျှင် …. အဖွဲ့ချုပ် အဖွဲ့ဝင်များအဖြစ်မှလည်း ထုတ်ပယ်ပစ်ရန် အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ကို အကျပ်ကိုင်၏။
ဖိအားပေး၏။ ခြိမ်းခြောက်၏။ အဖွဲ့ချုပ်ဥက္ကဋ္ဌက ဦးအောင်ရွှေက အဖွဲ့ချုပ် ရပ်တည်ရှင်သန်ရေးဟူသည့် လမ်းစဉ်အတိုင်း လျှောက်လှမ်းရင်း ….။ အဖွဲ့ချုပ်အလံတော်ကို လွှင့်ထူထားနိုင်ရေးဟူသည့် ရပ်တည်ချက်ကို ဆုပ်ကိုင်ရင်း ….. အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ကော်မရှင်နှင့်အပြိုင် အဖွဲ့ချုပ်အဖွဲ့ဝင်များကို အဖွဲ့ချုပ်မှ ထုတ်ပယ်၍နေရ၏။

ဦးအောင်လွင်၊ ဒေါ်မြင့်မြင့်ခင်၊ ဦးစိုးသိမ်း၊ ဦးချမ်းအေး၊ ဦးကိုယု စသည့် ….. ဗဟိုအဆင့် ခေါင်းဆောင်များမှသည် …. စစ်အုပ်စုမှ ချပေးသည့် အမည်စာရင်းများအတိုင်း ထုတ်ပယ်၍နေရ၏။ ခေတ်သစ် မဟော်သဓာသားလုခန်းက … အရင်းအနှီးများလှ၏။

ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် ရွေးချယ်ကြောင်း နိုဘယ်ဆုကော်မတီမှ ထုတ်ပြန်ခဲ့ပြီးသည့်နောက်တွင် စစ်အုပ်စုသည် အဖွဲ့ချုပ်ကို ပိုမို၍ ဖိအားပေးလာ၏။ ဗိုလ်ကျစိုးမိုးသည့် အပြုအမူများက လက်ရဲဇက်ရဲနိုင်စွာ လုပ်ဆောင်လာ၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် …. ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ဆုအတွက် ရွေးချယ်ကြောင်း ကြေညာခဲ့ပြီး နောက်တနေ့တွင် ….. စစ်အုပ်စု၏ အာဏာပါးကွက်သားတို့က ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ်ရုံးအတွင်းသို့ ဝင်ရောက်၍ တရုံးလုံးဗြောင်းဆန်အောင် မွှေနှောက်ရှာဖွေ၏။ ပြီးလျှင် …. လိုချင်သည့် စာရွက်စာတမ်းများကို သိမ်းယူ၏။ ဥပဒေမဲ့လွန်းလှသည့် လုပ်ရပ် …..။

ပြီးလျှင် …. စစ်အုပ်စုက အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များကို သေနတ်နှင့်တေ့၍ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ်မှ ထုတ်ပယ်ပစ်ရန် စေခိုင်းနေပြန်သည်။ စစ်အုပ်စုက အဖွဲ့ချုပ်ကို ပြန်ပေးဆွဲပြီး …. ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးကို ထုတ်ပစ်ရန် တောင်းဆိုနေသကဲ့သို့ ….။ အဆုံး၌ ပြန်ပေးသမားများ၏ တောင်းဆိုချက်ကို ဦးအောင်ရွှေ လိုက်လျောလိုက်ရ၏။

၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့၊ နေ့စွဲနှင့် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေက လက်မှတ်ရေးထိုးပြီး ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး တာဝန်နှင့် အဖွဲ့ဝင်ဖြစ်မှုမှ ထုတ်ပယ်ကြောင်း ထုတ်ပြန်ကြေညာပေးရ၏။

ဒီဇင်ဘာလ ၁ဝ ရက် … မနေ့ကပင်၊ နော်ဝေးနိုင်ငံ အော်စလိုမြို့၌ ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့နိုဘယ်ငြိမ်းချမ်းရေးဆုကြီး ချီးမြှင့်ခဲ့၏။

“သူမ၏ အတွေးအခေါ်တွင် လူ့အခွင့်အရေးကို အလယ်ဗဟို၌ နေရာပေးထားသည်မှာ လူ့ဂုဏ်သိက္ခာကို ကာကွယ်ရန် တကယ်တမ်း လိုအပ်သည့်သဘောကို ရောင်ပြန်ဟပ်နေပုံရပါသည်။ လူသားသည် လွတ်လပ်သော လူ့အဖွဲ့အစည်းတွင် နေထိုင်ခွင့်ရှိသည်သာမကဘဲ ရိုသေလေးစားခံပိုင်ခွင့်လည်း ရှိရမည်ဖြစ်ပါသည်။

ဤအယူအဆအပေါ်တွင် အမြင့်ဆုံး မျှော်မှန်းချက်စိတ်ကူးအမြင်နှင့် တည်ငြိမ်သော လက်တွေ့ဝါဒတို့ကို ထူးခြားစွာ ပေါင်းစပ်ထားသော လမ်းစဉ်တရပ်ကို သူမက ချမှတ်တည်ထောင်ထားပါသည်”
နိုဘယ်ဆုချီးမြှင့်သည့် အခမ်းအနားကျင်းပရာ ခန်းမဆောင်အတွင်းမှ နိုဘယ်ကော်မတီ ဥက္ကဋ္ဌ Dr Francis Sejersted ၏ ပြောကြားသော မိန့်ခွန်းစကားသံများက ကမ္ဘာကြီးအနှံ့ ခြေဆန့်၍ ပဲ့တင်ထပ်လျက်ပင်ရှိနေဆဲ …..။ ရန်ကုန်တွင်မူ စစ်အုပ်စုသည် ကြောက်ရွံ့ခြင်းကြီးစွာနှင့် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ နိုင်ငံရေးအဖွဲ့အစည်းနှင့် ကင်းသွားစေရန် ကျင့်ကြံနေလေသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် …. နိုင်ငံ၏ အမျိုးသားနိုင်ငံရေး အစဉ်အလာကြီးမားလှသည့် ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းကြီးအတွင်း၌ ကျောင်းသားများက …. စစ်အုပ်စုဆန့်ကျင်ရေး တိုက်ပွဲကို အကြမ်းမဖက် နှလုံးရည်သက်သက်နှင့် တိုက်ပွဲဆင်၍နေသည်။
“ဒေါ်အောင်ဆန်းစုကြည် … ချက်ချင်းလွှတ် …. ချက်ချင်းလွှတ် ….”
ကြွေးကြော်သံတို့က ….. အင်လျားရေပြင်ကို ဖြတ်၍ ….။
ကမ္ဘာကြီးက ပဉ္စလက်ဆန်လွန်းလှ၏။

(၁၄ဝ)
နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမောင်၏ မိန့်ခွန်းများက ….. စိတ်ပျက်ဖွယ်ရာ ကောင်းလှ၏။ ရှေ့စကားနှင့် နောက်စကားမညီ ….။ ပါးစပ်တခုတည်း၊ ရင်ဘတ်တချပ်တည်းမှ ထွက်လာသည့် စကားများမှ ဖြစ်ပါလေရဲ့လား …. ဟူ၍ပင် တွေးထင်ဖွယ်ရာမရှိ …..။

“ကျနော်အာဏာကို ဥပဒေနှင့်အညီ လွှဲမယ်။ (Majority vote government form up) လုပ်နိုင်ရင်ပေါ့ဗျာ။ ကျနော် သဘောတူပါတယ်။ (Constitution) အသစ်ဆွဲချင်သလား၊ ဆွဲလို့လည်း ကျနော်တို့ ပြောတယ်။ ကျနော် ဘာငြင်းစရာ ရှိသလဲဗျာ။ ဘယ် (Constitution) ကို ယူမလဲ။ ဘယ်ဟာကို (recognize) လုပ်မလဲ။ (amendment) လုပ်မလား”
ရွေးကောက်ပွဲမတိုင်မီက ပြောခဲ့သည့် ဗိုလ်ချုပ်မှူးကြီး၏ စကားဖြစ်၏။ ယခုမူ …. ဗိုလ်ချုပ်မှူးကြီး၏ နှုတ်မှပင် တိုင်းပြည်သို့ လူသိရှင်ကြား မိန့်ခွန်းပေးနေပြန်၏။

“NLD ကို ဘာလို့ အာဏာလွှဲရမှာလဲ။ လွှဲချင်းလွှဲရင် ဒေါက်တာမောင်မောင်ကို လွှဲမှာပေါ့။ သူ့ဆီက အာဏာရယူထားတာပဲဟာ …”
ရှေ့နောက်မညီသော စကားကြောင့် စိတ်ပျက်ရသည်ထက် မြန်မာနိုင်ငံ၏ အမြင့်ဆုံးအာဏာကို ရယူထားသည့် ပုဂ္ဂိုလ်တဦး ….။ ပြီးလျှင် …. မြန်မာ့တပ်မတော်တွင် အကြီးမားဆုံးတာဝန်ကို ထမ်းဆောင်နေသည့် စစ်ဗိုလ်ချုပ်ကြီးတဦး၏ တွေးခေါ်မြော်မြင်မှု။
မကြာ ….။

၁၉၉၂ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးစောမောင် ကျန်းမရေးကြောင့်ဟု အကြောင်းပြပြီး နဝတ ဥက္ကဋ္ဌ အဖြစ်မှ အနားယူသွားခဲ့ရ၏။ ကတ္တီပါအာဏာသိမ်းမှု ….။ စစ်ခေါင်းဆောင်သစ်က ဗိုလ်ချုပ်ကြီးသန်းရွှေ ….။ စစ်ခေါင်းဆောင်သစ်က ….. ၆ လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန် အမျိုးသားညီလာခံကို ခေါ်ယူကျင်းပပေးမည်ဟု ကြေညာချက်အမှတ် ၁၁/၉၂ ထုတ်ပြန်၍ … ကြွေးကြော်၏။
ပြီးလျှင် ….. အကျဉ်းသားများကို လွှတ်ပေးသည်။ လွတ်မြောက်လာသူများအတွင်း၌ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေကြရသည့် သူများက အနည်းအကျဉ်း ….။ စစ်အုပ်စုက …. အရာရာကို ထုံးသုတ်သည့် လုပ်ဟန်အတိုင်းပင် လုပ်နေ၏။ မပြောင်းလဲ ….။ ရင်ဘတ်မဲ့၍ နေဆဲ ….။


(၁၄၁)
၁၉၉၂ ခုနှစ် မေလ ၂၈ ရက်နေ့တွင် နဝတ က …. အမိန့်ကြေညာစာအမှတ် ၃၅/၉၂ ကို ထုတ်ပြန်၏။ အမျိုးသားညီလာခံ ကျင်းပနိုင်ရေးအတွက် အမျိုးသားညီလာခံ ကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲ ဦးဆောင်ကျင်းပရေး ကော်မတီ ဖွဲ့စည်းသည့် ကြေညာချက်ဖြစ်သည်။ ကော်မတီအဖွဲ့ဝင် ၁၅ ဦး ပါဝင်ပြီး ကော်မတီဥက္ကဋ္ဌက … နဝတအဖွဲ့ဝင် ဗိုလ်ချုပ်မျိုးညွန့် ဖြစ်သည်။

တဆက်တည်းပင် …. နဝတ က အမိန့်အမှတ် ၉/၉၂ ထုတ်ပြန်၏။ ၉/၉၂ အရ …. အမျိုးသားညီလာခံ ကျင်းပရေး ညှိနှိုင်းအစည်းအဝေးကို ၁၉၉၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် သမ္မတ အိမ်တော်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ရန် ရက်သတ်မှတ်ပြီး၊ နိုင်ငံရေးအဖွဲ့အစည်းများမှ တက်ရောက်ရမည့် ကိုယ်စားလှယ်ဦးရေကိုလည်း သတ်မှတ်ထား၏။ ညှိနှိုင်းဆွေးနွေးပွဲ၏ တခုတည်းသော အစီအစဉ်က …. “အမျိုးသားညီလာခံတရပ် ခေါ်ယူကျင်းပရေး” ….။ အခြားဆွေးနွေးစရာများကိုက အကြံပြုဆွေးနွေး၍ မရ ….။ “စ” မည် ဆိုကတည်းက ကန့်သတ်ချက်နှင့် ….။
အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ အကြောင်းကြားလာ၏။ အဖွဲ့ချုပ်အနေနှင့် အမျိုးသားညီလာခံ ကျင်းပရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး အမျိုးသားညီလာခံ၏ လုပ်ငန်းစဉ်အတွင်း လိုက်ပါဆောင်ရွက်မည်ဆိုပါက ….. အဖွဲ့ချုပ်မှ ၁၉၉ဝ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် စတင်ဖွဲ့စည်းထားခဲ့သည့် “ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဆိုင်ရာ အဖွဲ့” ကို ဖျက်သိမ်းပေးရမည်။ တဖက်သတ်တောင်းဆိုမှုများနှင့် “စ”၏။

၁၉၉၂ ခုနှစ် ဇွန်လ ၂ ရက်နှင့် ၄ ရက်နေ့များတွင် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးကို ထိုင်ပြီး နဝတ ၏ အမျိုးသားညီလာခံ ကျင်းပရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရန် ဆုံးဖြတ်၏။ တက်ရောက်ကြမည့် အဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင် ၁၅ ဦး ပါဝင်မည်။ အဖွဲ့ခေါင်းဆောင်နှင့် ဒု-အဖွဲ့ခေါင်းဆောင်များက ….. ဦးအောင်ရွှေ (မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) နှင့် ဦးလွင် (သုံးခွမြို့နယ်၊ အမှတ် ၁ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) တို့ ဖြစ်သည်။ ပြီးလျှင် …. အစည်းအဝေးက …. ၁၉၉ဝ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ဖွဲ့စည်းခဲ့သည့် ….. “ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဆိုင်ရာ အဖွဲ့” ကို ဖျက်သိမ်းလိုက်သည်။

(၁၄၂)
ကတ္တီပါအာဏာသိမ်းပွဲအပြီး၊ စစ်ခေါင်းဆောင်သစ် ဖြစ်လာသည့် ဗိုလ်ချုပ်ကြီးသန်းရွှေက …. “ဂျော့ခ်ျအိုဝဲလ်” ၏ ခေါင်းစဉ်လှလှလေးများကို တခုပြီးတခု ပေး၍နေသည့်အလား။ အကျဉ်းသားများ လွှတ်ပြ၏။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရေးအတွက် အခြေခံမူများ ချမှတ်နိုင်ရန် အမျိုးသားညီလာခံ ကျင်းပမည်ဟု ဆို၏။

ပြီးလျှင် …. ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မိသားစုနှင့် တွေ့ဆုံနိုင်ရန် ခင်ပွန်းသည်နှင့် သားနှစ်ယောက်ကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးမည့်အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ်တာဝန်ယူ ထိန်းသိမ်းထားသည့် ထောက်လှမ်းရေး ဗိုလ်မှူးကြီးသန်းထွန်းမှတဆင့် ကမ်းလှမ်းလာ၏။ အခွင့်အရေးပေးသည့် ဟန်နှင့် ကမ်းလှမ်းလာခြင်းမျိုး ….။ စစ်ခေါင်းဆောင်သစ်က သဘောထားကြီးလေဟန်နှင့် ….။ အမှန်စင်စစ်တွင်မူ ….. ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နှင့် ထိန်းသိမ်းချုပ်နှောင်ထားသည့် ဥပဒေအရက ….. နေအိမ်အကျယ်ချုပ် အထိန်းသိမ်းခံထားရသူသည် သူ၏ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် ရှိ၏။ ကန့်သတ်တားမြစ်ထားသည်က ….. နိုင်ငံရေးအဖွဲ့အစည်းဝင်များနှင့် သံတမန်များသာ ဖြစ်သည်။ ဤသည်ကိုပင် ….. သဘောထားပျော့ပြောင်းလာသည့် အမူအရာနှင့် ဇာတ်ခင်းချင်သေး၏။

ဒေါ်အောင်ဆန်းစုကြည်မှ မိသားစုနှင့် တွေ့ဆုံမည်ဟု ထောက်လှမ်းရေးဗိုလ်မှူးကြီးမှတဆင့် အကြောင်းပြန်လိုက်၏။
ကဆုန်မိုးပြေးက …. သင်္ကြန်အလွန် တန်ခူးလေကြောင့် ဟိုဟိုသည်သည် ဖြန်းပက်၏။ ပင်ရံထံမှ အုပ်အုပ်ဆိုင်းဆိုင်းနှင့် သစ်ရွက်စိမ်းစိမ်းတို့က မိုးရေကြောင့် စိုစိုလွင်လွင် ….။ ယခင်က ဆိတ်ငြိမ်စွာနှင့် ရှိနေခဲ့သည့် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ နေအိမ်က ….. မိသားစုဝင်များ ရောက်ရှိ၍နေသည့်အတွက် ဝေဝေစီစီ ….။ လှုပ်လှုပ်ခတ်ခတ် ….။ သက်ဝင်မှုက ဆန်းသစ်၍ နေ၏။ သားငယ် မောင်ထိန်လင်းက သူမထက်ပင် ခေါင်းတလုံးခန့်မြင့်၍ နေသည်ကို ဒေါ်အောင်ဆန်းစုကြည် မြင်ရ၏။ အံ့သြစရာပင် ….။ လွန်ခဲ့သည့် ၄ နှစ်ခန့်က တကယ့်ကလေးငယ် ပီဘိ ….။ သားကြီး မြင့်ဆန်းအောင်ကမူ …. လူကြီးဆန်လာပြီး တည်ငြိမ်မှု ပို၍ ရှိလာသည်ဟု ဒေါ်အောင်ဆန်းစုကြည် သတိထားမိ၏။ သားငယ်နှစ်ဦးအပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် မိခင်တဦး၏ စောင့်ရှောက်မှု မပေးစွမ်းနိုင်ခဲ့သည်မှာ …. ၅ နှစ်ကျော်ခဲ့ပြီ။

သားငယ်က …. သူမကို သူ၏ Walk Man ကက်ဆက်လေးနှင့် Greatful Dead ၏ သီချင်းများ နားထောင်ခိုင်း၏။ မဆိုး ….။ သူမ နှစ်သက်ခံစား၍ ရသည်။ Bob Marley ၏ သီချင်းများကိုမူ ဒေါ်အောင်ဆန်းစုကြည် ပိုမို၍ နှစ်သက်၏။ Bob Marley ၏ သီချင်းများက “လွတ်လပ်ခွင့်” အကြောင်း ဖွဲ့သည့် တေးသီချင်းများ ဖြစ်သည်။ “Stand Up for Your Right” ကိုမူ သူမ အနှစ်သက်ဆုံးဟု ဆိုရမည်။ “သင်တို့အခွင့်အရေးအတွက် နိုးထကြလော့” ဟု အဓိပ္ပာယ်ရမည်။

လှုံ့ဆော်မှုပါသည့် အနုပညာ၏ စွမ်းပကားက ကြီးမားလှ၏။ မိသားစုနှင့်အတူ နေထိုင်ခဲ့ရသည့် ကာလက ခဏငယ်မျှပင် ….။ တိုတောင်းလွန်းလှ၏ဟု ဆိုရမည်။ ၁၉၉၂ -ခုနှစ် မေလ …. ဒုတိယပတ်အတွင်း၌ သားငယ်တို့ ရန်ကုန်မှ ပြန်၍ ထွက်ခွာကြရမည်။ သူမနှင့် ပတ်သက်သည့် လုပ်ငန်းဆောင်တာအချို့ကို သားကြီးက ဆောင်ရွက်ရန်ရှိ၏။

၁၉၉၂ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို “အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေး အဖွဲ့” မှ ချီးမြှင့်မည့်ဆုကို ဝါရှင်တန်မြို့တော်တွင် သူမ၏ ကိုယ်စား သားကြီး မြင့်ဆန်းအောင်က လက်ခံရယူရမည်။ သူမကိုယ်စား ဂုဏ်ပြုစကား ပြောဆိုရမည်။ ပြီးလျှင် …. ဇွန်လ ၁၃ ရက်နေ့တွင်လည်း စပိန်နိုင်ငံ၌ အိုလံပစ် မီးရှူးတန်ဆောင် ကြိုဆိုသည့် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို သားကြီး မောင်မြင့်ဆန်းအောင်က ဖတ်ကြားရန် ရှိ၏။

ဒေါ်အောင်ဆန်းစုကြည်က …. သားတို့နှင့်အတူ …. စာတစောင်နှင့် မိန့်ခွန်းနှစ်စောင်ကို ရေး၍ ပေးလိုက်၏။ စာက …. “နိုဘယ်ကော်မတီသို့” ပေးပို့သည့် စာဖြစ်သည်။ မနှစ်က သူမကို ချီးမြှင့်ခဲ့သည့် နိုဘယ်ငြိမ်းချမ်းရေး ဆုပေးပွဲအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မတက်ရောက်နိုင်ခဲ့ ….။ ထိုစဉ်က ပြင်ပနှင့် အဆက်အသွယ်များ အားလုံးသည်လည်း ဖြတ်တောက်ထားခြင်း ခံနေခဲ့ရသည်။ ယခု မိသားစု လာခွင့်ရသည့်အတွက် ပြင်ပနှင့် ဆက်သွယ်၍ ရသည်။ ဤအတွက် ….. ဒေါ်အောင်ဆန်းစုကြည်မှ နိုဘယ်ဆုကော်မတီသို့ ကျေးဇူးတင်ကြောင်း စာရေသား၍ပေးပို့၏။

သို့ ….
ပါမောက္ခ လွန်ဒီစတတ်ရှင့် …..
ကျမတို့၏ စုပေါင်းကြိုးပမ်းမှုတွင် ပါဝင်သူများအားလုံး ကိုယ်စား ဤဆုကြီးကို လက်ခံရယူကြောင်း ကျမသားကြီး မြင့်ဆန်းအောင်က ပြောကြားခဲ့သည်မှာ ကျမ၏ ခံစားချက်ကို တိတိကျကျ ဖော်ပြခြင်းပင် ဖြစ်ပါသည်။ ကျမတို့ မြန်မာပြည်သူ ပြည်သားများ၏ အရေးကို ဂရုပြုကြောင်း ပြသသည့်အတွက် ကျမ လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း ပြောလိုပါသည်။

ဆုပေးပွဲ အခမ်းအနားကို ကြည်နူးဖွယ်ရာ၊ မမေ့နိုင်ဖွယ်ရာ၊ ဖြစ်ရပ်အနေဖြင့် အထူးသဖြင့် တက်ရောက်ကြသော မြန်မာများအတွက် ပြုလုပ်ပေးရန် ကြိုးစားဆောင်ရွက်ပေးကြသူများကို ကြားရသောအခါတွင်လည်း ကျမ စိတ်လှုပ်ရှားရသည်အထိ ကြည်နူးရမိပါသည်။

ကျမကိုယ်တိုင် တနေ့တွင် လာရောက်၍ နိုဘယ်ငြိမ်းချမ်းရေး ဟောပြောပွဲကို ပြုလုပ်နိုင်မည့် အချိန်အခါကို စိတ်အားထက်သန်စွာ စောင့်မျှော်နေပါသည်။

အောင်ဆန်းစုကြည်
၅၄၊ တက္ကသိုလ်ရိပ်သာလမ်း
ရန်ကုန်။
၁၄၊ မေ၊ ၁၉၉၂ ။

No comments: