Monday, March 1, 2010

ရန်ကုန် ဝဋ်လည်ခြင်း


ဝဋ်ဆိုသည် လည်တတ်၏။ မကြုံဖူးတုန်းကတော့ မယုံ။ ခုတော့ဖြင့် ကိုယ်တွေ့ကြုံသောအခါ ယုံရလေပြီ။ ကိုယ်တိုင်ကြုံတွေ့ ဝဋ်လည် ခံနေရသည်က ရန်ကုန်လူထု ဖြစ်လေသည်။ ၂ဝဝ၅ ခုနှစ် မတိုင်ခင်က အထိ ရန်ကုန်သားတို့ အခြားမြို့သား နယ်က လူများ အပေါ် မော်ကြွားခဲ့လေသမျှ ခုတော့ ဝဋ်ပြန်ခံနေရလေပြီ။

ရွှေမြို့တော်ကြီးသားဟု သွေးနားထင် ရောက်ကာ နယ်က တောသားများအပေါ် အထင်အမြင်သေးခဲ့သမျှ ဗိုလ်ဂျုတ်ကြီးလုပ်လိုက်မှ ခံရချက်နာကြလေပြီ။ ဗိုလ်ဂျူတ်ကြီးဟူသည်ကား တိုင်းပြည်ဘဏ္ဍာတော်များကို ရိတ်ရာတွင် နာမည်ကျော်သူ သက်ကြားအိုပင် ဖြစ်တော့သည်။ သူ၏ အစွမ်းကား ရန်ကုန်သားတို့ ဝဋ်လည်အောင် လုပ်နိုင်စွမ်း ရှိ၏။ ယခုပင်ကြည့် နေပြည်တော်ဟု အမည်သညာတွင်လေသော မြို့တော်သစ်ကြီး ပေါ်ထွန်းလာသည်မှ စတင်ကာ မြို့ရန်ကုန်သည် ဇနပုဒ်လုံးလုံး ဖြစ်ချေပြီ။ မီးမလာ၊ ရေမရ နိမ့်ကျလာသည့် လူမှုဘဝများက နေပြည်တော် ပျဉ်းမနားသားတို့၏ ဘဝများထက် နောက်ဆုံးသို့ ရောက်သွားရသကဲ့သို့ ဖြစ်ပေသည်။

တချိန်က မြို့ရန်ကုန်သို့ နယ်မှလူများ ရောက်လာပါက အံ့ချီးဘနန်း ရင်သပ်ရှုမော အထင်ကြီးခဲ့ရလေသမျှ ခုများတော့ နေပြည်တော်ကြီးက အဆတရာမက သာသွားလေပြီ။ ဝန်ကြီးဌာနများ မြို့ရန်ကုန်ကို ကျောခိုင်းနှုတ်ဆက် ထွက်သွားသည့်နောက် ဟိုတချိန်က ရွှေမြို့တော်ကြီးသည် တနေ့ထက်တနေ့ အဆင့်နိမ့်ကျလာခဲ့သည်မှာ ရန်ကုန်သူ၊ ရန်ကုန်သားတို့ ခံရချက်နာလှပေ၏။

လွန်ခဲ့ပြီးလေသော နှစ်များက အခြေအနေ မဆိုးလှသည့် လျှပ်စစ်မီးသည် ဌာနဆိုင်ရာများ သုံးစွဲမှုလျော့ကျသွားသည်တောင်မှ ကောင်းမလာဘဲ၊ ဆိုးသထက် ဆိုးလာသည်မှာ နားမလည်နိုင် ဖြစ်ကြရသည်။ သည်ရက်ပိုင်းအခြေအနေက အဆိုးဆုံးဖြစ်နေသည်။ ပို၍လည်း ဆိုးလာဦးမည်ဟု သိရပြန်သည်။ ဂက်စ်လိုင်းပေါက်သည်လည်း မကြား။ မိမိတို့ စစ်အစိုးရလက်ထက်တွင် ငြိမ်းချမ်းသာယာ ဝပြောလှပါပြီဆိုသည့် အကြားက သောင်းကျန်းသူဟု အမည်သညာ တပ်ခံရသူများကလည်း ဓာတ်အားတိုင်နားတောင် လာနိုင်ဟန် မတူသည့် အခြေအနေ ဖြစ်ပါလျက် ကိုယ်ရွှေလျှပ်စစ်မီးက မလာ။ လာပြန်ရင်လည်း ခဏ။ ဖြစ်ဟယ်၊ ပျက်ဟယ်၊ ပျက်ဟယ်နှင့် သံဝေဂတရားကို ထိုင်ရာမထ ရှုတတ်လျှင် ရအောင် စွမ်းသည်။

ဟိုတုန်းက မန္တလာသားတို့ကို “ချမ်းအေးပူအိုက်၊ ဖုန်ထူခြင်ကိုက်မြို့” ဟု ရန်ကုန်သားတို့ နှိမ့်ချပြောခဲ့လေသမျှ ခု ဝဋ်ပြန်လည်ခံနေရပြီ။ ရန်ကုန်သည်လည်း မီးနေသည် ရွှေပေါင်းဖို့ အဆင်သင့်လုပ်ထားပေးသလို ဖြစ်နေပြီ။ လမ်းများလည်း ဇရာထောင်း၊ “ပျက်မပြင် စည်ပင်ခင်ဗျ” ဟု ပြောရမလို မြို့တော်ဝန်ကြီးလည်း ဘယ်ဆီမှန်း မသိသော ရွေးကောက်ပွဲအတွက်သာ လုံးပမ်းနေတော့ဟန် ရှိသည်။ ရေသည်ပြဇာတ်ထဲမှ မိန်းမ၏ ထမီလို အပေါက်ဗရပွပေါ်က ကားများ ဖြတ်မောင်းလေသော ဖုန်တထောင်းထောင်း ထနေသော ရန်ကုန်လမ်းမများကား သန်းထွန်းလေး၏ မွေးဌာနီကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်မိပေတော့သည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ ဆိုသည်ကြီးကလည်း အခွန်ကောက်ရာတွင် ဘတ်စ်ကားပေါ်က ခါးပိုက်နှိုက်လက်လို မြန်လှသော်လည်း ပြန်လည်ဆောင်ရွက်ပေးရန် ရှိသည်များကျတော့ ကျောက်ရုပ်ကို အဖေခေါ်ရမည့်နှယ် မတုန်မလှုပ် အိနြေ္ဒရလှသည်။

ရန်ကုန်က ရသမျှအခွန်အခတို့က ရန်ကုန်မြို့အတွက် ပြန်မသုံးရဘဲ ဗိုလ်ဂျုတ်ကြီး နန်းတည်လေရာ နေပူတော်မြို့ ခန့်သထက်ခန့်ငြား၊ ထည်သထက်ထည်ဝါစေရေး ပံ့ပိုးပေးရသည်ဟု ကြားသိရပေ၏။

“ကိုယ်ထူကိုယ်ထ” ဆိုသော အသုံးကို မည်သည့်ပညာရှိ ထွင်သွားသည် မသိသော်လည်း ရန်ကုန်သားတို့ကတော့ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ယဉ်ပါးကာနေသည်မှာ ကြာကြာချေပြီ။ မီးမလာ ရေမရလျှင်လည်း ကိုယ့်ဘာသာကြံဆ၊ ရေမရလည်း ကိုယ့်ဘာသာကြံဆ၊ လမ်းပျက်လျှင်လည်း ကိုယ့်ဘာသာကြံဆဖြင့် စခန်းသွားနေကြရသည်မှာ ကြာမြင့်လှပေပြီ။

လျှပ်စစ်မီးပျက်ချိန် များလာ၍ မီးစက်ကြီးများ အပြိုင်အဆိုင် နှိုးကြရပုံများကဖြင့် အီရတ်စစ်ပွဲထဲ ရောက်နေသလို အာဖဂန်မှာ တာလီဘန်နှင့် သူနိုင်ကိုယ်နိုင် ကြဲနေသလိုပင် ဆူပွက်လှ၏။ နားများပင် လေးလာသည်ဟု မိမိကိုယ်တိုင် ခံစားမိ၏။ လေထုညစ်ညမ်းမှုကတော့ ဘယ်လိုတိုင်းထွာရမှန်းပင် မသိသောကြောင့် ရန်ကုန်သားတို့ စိတ်မပူလှ။ အက်ဆစ်မိုး ရွာသွန်းရင်ဖြင့် ဇော်ဝင်းထွဋ် နိမိတ်ဖတ်သည်ဟူ၍ အာဏာပိုင်တို့က လမ်းလွှဲချဦးမည့်ဟန် ကြိုမြင်ရလေသည်။

အက်ဆစ်မိုး လာမလာ မသေချာသော်လည်း ရန်ကုန်သားများအကြား အဆုတ်နာကတော့ တိုးပွားလာနေသည်ကြောင့် 3D Fund လည်း အပြေးအလွှား ဝင်ရောက်လာရသည်ကတော့ သေချာလှသည်။

ရန်ကုန် ဘဝပျက်နေသော်လည်း နေပူတော်မြို့မှာကတော့ မနာလိုစရာ ကောင်းလောက်အောင် အလျှံတညီးညီးနှင့် ငရဲမီးများအလား ဝင်းဝင်းပပ၊ ထိန်ထိန်ပြောင်နေသည်။ ဗိုလ်ဂျူတ်ကြီး သေလွန်သော သွားရာလမ်းအတွက် ကြိုတင်ပြင်ဆင်ပြီး လျှပ်စစ်မီးနှင့် အပူချိန်ခံနိုင်အောင် ကျင့်ကြံအားထုတ်နေဟန်ရှိသည်။

မြို့တော်ဟောင်း ရန်ကုန်တွင် တချိန်က ချမ်းသာခဲ့သမျှကိုလည်း ရွှေမြို့တော်သစ် နေပြည်တော်သို့ ပုံပေးလိုက်ရသဖြင့် ရန်ကုန်မြို့မှာ အခွံဗလာချည်းသာ ကျန်ပေတော့သည်။ မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်၊ အမျိုးသားယဉ်ကျေးမှု ပြတိုက်များမှ ပစ္စည်းအဖုံဖုံနှင့် နေပြည်တော် တိရစ္ဆာန်ရုံတို့အတွက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က အကောင်မျိုးစုံတို့အပြင် ရွှေ့ပြောင်းနိုင်သမျှ နေပြည်တော်သို့ သယ်မသွားကြလေသည်။ ရန်ကုန်မြို့မှ ရှေးဟောင်း အမွေအနှစ်လက်ရာ အဆောက်အအုံဟောင်းများကိုလည်း ထိန်းသိမ်းထားရမည်ကို လက်ညှိုးထိုး ရောင်းစားပစ်လေသည်မှာ မည်သူတွေ သပိတ်ဝင်အိတ်ဝင် ရသွားလေသည် မသိပေ။

ဗိုလ်ဂျုတ်ကြီးသည် မြို့တော်ဟောင်း ရန်ကုန်အပေါ် မည်သည့်အတွက်ကြောင့် အငြှိုးကြီးစွာ နှိပ်ကွပ်နေသည် မပြောတတ်တော့ပေ။ သူစိတ်ဆိုးရလေသည်ဟု ယူဆရလေသော အချက်မှာ ရန်ကုန်မြို့သားတို့က အာဏာရှင် စစ်အစိုးရ ဆင်းပေးရေး ဆန္ဒ ၄-၅ ခါလောက် ပြဖူးသည်သာ ရှိပါသည်။ ရန်ကုန်မြို့ကို စုတ်သထက် စုတ်၊ နိမ့်ကျသထက် နိမ့်ကျအောင် လုပ်ကာ နေပြည်တော် ရွှေမြို့တော်ကို ပြောင်းနေချင်စိတ် ပေါက်အောင်များ စနစ်တကျ အကွက်ချစီမံနေသည်လား မပြောတတ်တော့ပေ။ နေပြည်တော် ဒေသဖွံ့ဖြိုးရေး ဗိုလ်ဂျူတ်ကြီး မားကတ်တင်း ဆင်းပုံကတော့ ပြောပြရင် အောချလောက်ပါသည်။ လမ်းနာမည် နှစ်ခု ဆက်တိုက်ကို မှန်မှန်ကန်ကန် ရွတ်ရခက်လောက်လေသော ပဝေသနီဗာရာဏသီခေတ်က အမည်နာမများဖြင့် မြို့ကွက်သစ်များ ထပ်မံဖော်ထုတ်ကာ မြို့တော်သစ် နေပြည်တော်ကို ဝန်းရံစေပြန်သည်။

ရွှေမြို့တော်သစ် နေပြည်တော်ကြီး စည်သထက် စည်ကား၊ ဖွံ့ဖြိုးသထက် ဖွံ့ဖြိုးလာအောင် ဘက်ပေါင်းစုံက မြှင့်တင်ပေးကြရသည့် လုပ်ငန်းရှင်များဘဝကလည်း အရှုံးတော့ ရှိနိုင်မည် မဟုတ်ပါ။ နေပြည်တော် ရေပန်းဥယျာဉ်၊ နေပြည်တော် တိရစ္ဆာန်ရုံ၊ နေပြည်တော် အပန်းဖြေ စခန်းသာယာ၊ ရွှေတိဂုံပုံတူ စေတီတော်ကြီးနှင့် မကြာခင်ကမှ ဖွင့်ပြီးလေသော တိုင်းနှင့် ပြည်နယ်အနှံ့ရှိ အထင်ကရ နေရာအထိမ်းအမှတ် ပြကွက်များဖြင့် နေပြည်တော် Land Mark အပန်းဖြေဥယျာဉ်ကြီးတို့က ရန်ကုန်သားတို့အတွက် အလှမ်းဝေးသွားပေပြီ။

ရန်ကုန်သူ၊ ရန်ကုန်သားတို့ကို ယနေ့အချိန်တွင် “နယ်က လူတွေ” ဟု ကြပ်ပြေးနေပူတော်သားတို့က နှိမ့်ချခေါ်ဝေါ်နေလေပြီ။ သူတို့၏ နေပြည်တော် ရွှေမြို့တော်ကြီးမှာ ကမ္ဘာ့အလယ်တွင် မကောင်းသတင်းများနှင့် ပိုနာမည်ကျော်လေသော မြန်မာပြည်ကြီး၏ မြို့တော်ကြီး ဖြစ်လေသောကြောင့်ပင်။

နေပြည်တော်တွင် ခေတ်မီနိုင်ငံတကာ လေဆိပ်ကြီးလည်း ဆောက်နေပြန်ရာ ပြီးစီးပြီဆိုလျှင်ဖြင့် နိုင်ငံခြားခရီးသွားမည့်သူများ အဆိုပါလေဆိပ်ကနေများ ထွက်ရလေမည်လား မပြောတတ်။ မှန်းရခက်သော ဗိုလ်ဂျူတ်ကြီး၏ စိတ်က ထင်ရာမြင်ရာ စွတ်လုပ်တတ်၍ ဖြစ်မလာဘူး မပြောနိုင်။ နေပြည်တော်ထိ တူးမြောင်းဖောက်ကာ နိုင်ငံတကာ ဆိပ်ကမ်းတခုတော့ မတည်ဆောက်လောက်ဟုတော့ တွေးထင်မိပါသည်။ နေပျော်၊ သေပျော်စရာ ကောင်းလောက်အောင်တော့ နေပြည်တော်ကြီးကို ဖန်တီးတည်ဆောက်နေသည်မှာ မြင်သာလှပေ၏။ ရန်ကုန်မှာ မွေး၊ ရန်ကုန်မှာ လူဖြစ်ခဲ့သမျှ သူတွေမှာတော့ ခုအခါ လူဖြစ်ရှုံးသော ဘဝနှင့် ရင်ဆိုင်နေကြရပေပြီ။

တချိန်က မော်ကြွားခဲ့လေသမျှ ရန်ကုန်သားတို့ ခံစားနေရလေပြီ။ ဝဋ်ဆိုသည် လည်တတ်၏။


No comments: