Tuesday, March 9, 2010

ပုဂ္ဂလိက စီးပွားရေးကို အားပေးသင့်သည် ဆိုသော်လည်း

ဇော်မင်း (လူ့ဘောင်သစ်)

ယခုတလော မြန်မာပြည်တွင်း၌ နိုင်ငံတော်နှင့်၊ ပြည်သူများနှင့် ပတ်သက်ပိုင်ဆိုင် ဆက်စပ်နေသော ပိုင်ဆိုင်မှုများကို ပုဂ္ဂလိက လက်များသို့ လွှဲပြောင်းပေးနေသည်ကို မြင်တွေ့ကြားသိနေရသည်။ ရန်ကုန်ဆိပ်ကမ်း၊ ပြည်သူ့လွှတ်တော် အဆောက်အဦ၊ ပြည်သူ့ရင်ပြင် အစရှိသည်တို့ အပါအဝင် များမြောင်လှသော အဆောက်အဦများ မြေနေရာများကို ပုဂ္ဂလိကလက်များသို့ လွှဲပြောင်းပေးနေကြသည်မှာ မြန်ဆန်လွန်းလှသည်။

ထိုထိုသော နိုင်ငံပိုင် ပြည်သူပိုင် ပိုင်ဆိုင်မှုများ ပစ္စည်းများကို ရရှိသွားသော သူများမှာလည်း စစ်အစိုးရနှင့် နီးစပ်အလွမ်းသင့်သူ စီးပွားရေးသမားများသာ ဖြစ်သည်။ တနည်းပြောရရင်လည်း ထိုစီးပွားရေးသမားများသည် ဗိုလ်ချုပ်များ၏ သားသမီး ဆွေမျိုးများနှင့်လည်း စီးပွားဘက်များ ဖြစ်နေကြသည်။ ခေတ်အဆက်ဆက် နိုင်ငံတော်က ပိုင်ဆုင်ခဲ့သော ပြည်သူများ ပိုင်ဆိုင်ခဲ့သော ပိုင်ဆိုင်မှုများကို လက်လွတ်စပယ် ပုဂ္ဂလိကလက်များသို့ လွှဲပြောင်းပေးနေခြင်းသည် မရိုးမသား ပြုလုပ်ခြင်းဖြစ်သည်။ ဥပဒေစကားဖြင့် ပြောရပါက မြန်မာပြည်တွင် တသီးပုဂ္ဂလ ပိုင်ဆိုင်မှု အခွင့်အရေးနှင့် မြေယာပိုင်ဆိုင်မှု အခွင့်အရေးများ ရှင်းရှင်းလင်းလင်း မရှိသည့်အပေါ် ရှုတ်ထွေးနေသည့်အပေါ်တွင် အခွင့်ကောင်းယူခြင်းလည်းဖြစ်သည်။ ထို့အပြင် အုပ်ချုပ်သူက စစ်အစိုးရ ဖြစ်နေသောကြောင့် ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလို ငါတို့လုပ်ချင်ရာ လုပ်မည်ဆိုသည့် သဘောလည်း ပါသည်။

ရန်ကုန်ဆိပ်ကမ်းနှင့် လေဆိပ်တို့ကို တသီးပုဂ္ဂလလက်သို့ လွှဲပြောင်းခြင်းသည် ကြီးစွာသော အမှားဖြစ်သည်။ နိုင်ငံတိုင်းတွင် လေဆိပ်နှင့် ဆိပ်ကမ်းဆိုသည်မှာ အရေးကြီးသော နေရာများဖြစ်သည်။ နိုင်ငံတော် လုံခြုံရေးအတွက် အထူးအရေးကြီးသည့် နေရာများ ဖြစ်သည်။ ဥပမာ တင်ပြရပါက ထိုင်းနိုင်ငံတွင် သင်္ဘောဆိပ်များ အားလုံးကို (ထိုင်းနိုင်ငံ ဆိပ်ကမ်းအာဏာပိုင်) Port Authority of Thailand က အစစအရာရာ စီမံကွပ်ကဲသည်။ ပုဂ္ဂလိက ကုမ္ပဏီများက စီမံပိုင်ခွင့် မရှိပေ။ ပုဂ္ဂလိက ကုမ္ပဏီများကသာ စီမံပါက မူးယစ်ဆေး တင်ပို့မှုများ၊ လက်နက်မှောင်ခို တင်ပို့မှုများနှင့် အခြား တရားမဝင်သော ကုန်ပစ္စည်း တင်ပို့မှု တင်သွင်းမှုများ ဖြစ်လာနိုင်သောကြောင့်ပင်။ စီးပွားရေး ကုမ္ပဏီများသည် အမြတ်အစွန်းကိုသာ အဓိကထားသောကြောင့် တိုင်းပြည်၏ လုံခြုံရေးနှင့် အကျိုးစီးပွားကို ဂရုစိုက်လေ့မရှိတာကလည်း သဘာဝဖြစ်သည်။

ထို့ပြင် လုံခြုံရေးအတွက် မဟုတ်သော်လည်း တိုင်းပြည်တခု၏ သမိုင်းဝင် နေရာများ၊ အဆောက်အဦများကို တသီးပုဂ္ဂလ လက်များသို့ လွှဲပြောင်းခြင်းသည်လည်း မှားယွင်းသော ဆုံးဖြတ်ချက်များ ဖြစ်သည်။ တိုင်းပြည်၏ တည်ရှိခဲ့သော ဖြစ်စဉ်များ၊ သမိုင်းအစဉ်အလာများကို ဖျောက်ဖျက်ပစ်သည့် သဘော သက်ရောက်နေသည်။ ထို့အတူ ယဉ်ကျေးမှု အမွေအနှစ်များနှင့် သက်ဆိုင်သော နေရာများကို စီးပွားရေး ကုမ္ပဏီများလက်သို့ ထိုးအပ်လိုက်ခြင်းသည်လည်း တိုင်းပြည်တခုလုံးအတွက် ဆုံးရှုံးမှုသာ ဖြစ်သည်။

ပြည်တွင်းထုတ် ဂျာနယ်တခုက စစ်အစိုးရ၏ အဆိုပါ လုပ်ရပ်များကို ချီးကျူးထောပနာ ပြုနေသည်။ နိုင်ငံတော်က တသီးပုဂ္ဂလ စီးပွားရေးကို နိုင်ငံရေး အပြောင်းအလဲနှင့်အညီ လုပ်ဆောင်နေသည်ဟု ဆိုထားသည်။ တိုင်းသူပြည်သားများ၏ ပိုင်ဆိုင်မှုများကို အာဏာဖြင့် အလွဲသုံးစား လုပ်နေခြင်းကို ဘယ်လိုမှ ချီးကျူးစရာ မရှိပါ။ စနစ်တခုနှင့် တခု၊ ခေတ်တခုနှင့် တခုအကြား အပြောင်းအလဲ ကာလများတွင် ဥပဒေအရ စနစ်တကျ ဖြစ်ဖို့လိုသည်။ ငါတို့ မထွက်ခင်၊ ငါတို့နှင့် ငါတို့လူများ၏ နောင်လာမည့် အကျိုးစီးပွားအတွက် လုပ်ခြင်ရာလုပ်ခဲ့မည်ဆိုသော လုပ်ရပ်သည် နောင်လာမည့် စီးပွားရေးကို အထောက်အကူဖြစ်သည်ထက် ပြဿနာများကိုသာ ပိုမိုသယ်ဆောင်လာမည် ဖြစ်သည်။

ဤနေတွင် အင်္ဂလိပ်များ မြန်မာပြည်ကို လွတ်လပ်ရေးမပေးခင် မလွတ်လပ်သေးသော မြန်မာအစိုးရနှင့် (လွတ်လပ်ရေးပေးရန် ကတိကဝတ် ပြုထားပြီးဖြစ်) သဘောတူညီချက်များ လုပ်ဆောင်ခဲ့သည့်အထဲမှ နမူနာယူစရာ၊ အတုယူစရာတခုကို တင်ပြလိုသည်။ မြန်မာကိုလိုနီတွင် ထားရှိသုံးစွဲခဲ့သော ဗြိတိသျှရေတပ်ပိုင် ရေတပ်သင်္ဘောများကို မြန်မာအစိုးရသို့ လွှဲပြောင်းပေးခဲ့သည့် ကိစ္စတခု ဖြစ်သည်။ ယခင်အစိုးရမှ နောင်လာမည့် အစိုးရသို့ အစိုးရပိုင်ဆိုင်မှုများကို လွှဲပြောင်းပေးရာတွင် နှစ်ဖက်ခေါင်းဆောင်များ အပြန်အလှန် ရေးသားပေးပို့သည် စာများလည်း ဖြစ်သည်။

ဗြိတိသျှ ကာကွယ်ရေး မစ်ရှင်အဖွဲ့ (သဘာပတိ) ဂျေ၊ ဖရီးမင်း၊ အမ်၊ ဘီ၊ အီး၊ အမ်၊ ပီ ထံမှ မြန်မာနိုင်ငံတော် အစိုးရ ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ျာထံပေးစာ

နေ့စွဲ ၁၉၄၇ ခု၊ သြဂုတ်လ ၁၇ ရက်၊ ရန်ကုန်။

ကာကွယ်ရေး သဘောတူညီချက်၏ နောက်ဆုံးအကြမ်းစာမူ၌ ပါရှိသော ရေတပ်ဆိုင်ရာ သင်္ဘောများနှင့် သက်ဆိုင်သည့် အချက် ၅ ၏ နောက်ပိုင်းကို နှစ်ပြည်ထောင်ချုပ်ဆိုကြသော သဘောတူညီချက် တစောင်တဖွဲ့ထဲတွင် ထည့်သွင်းဖော်ပြထားပါက၊ နှစ်ပြည်ထောင်၏ ဂုဏ်သိက္ခာနှင့် မတန်မရာဖြစ်မည်ဟု ကျွန်ုပ်ထင်ပါသည်။ သို့သော် သင်္ဘောများကို အသုံးချခြင်း၊ ထုခွဲရောင်းချခြင်းနှင့် သက်ဆိုင်သော အချက်မှာလည်း၊ အရေးကြီးသော အချက်ပင် ဖြစ်သောကြောင့် ကျွန်ုပ်က အကြံပေးလိုသည်မှာ ခင်ဗျားက ကျွန်ုပ်ထံသို့ စာတစောင် ရေးပို့ပါ။ ထိုစာတွင် ကျွန်ုပ်၏ ပေးစာရရှိကြောင်း ဖော်ပြပါ။ ထို့ပြင် ခင်ဗျား၏ အစိုးရသည် ကာကွယ်ရေး သဘောတူညီချက်၌ရှိသော အချက် ၅ ချက်၏ နောက်ဆက်တွဲ၌ ညွှန်းဆိုထားသည့် ရေတပ်ဆိုင်ရာ သင်္ဘောများကို အစိုးရကိစ္စများ အတွက်သာလျှင် သုံးမည်ဖြစ်ကြောင်း။ ကုန်သွယ်ရေးအတွက်ဖြစ်စေ အခြားနည်း အသုံးပြုရေးအတွက်ဖြစ်စေ ရောင်းချမည် မဟုတ်ကြောင်းတို့ကိုလည်း ဖော်ပြရန် ဖြစ်ပါကြောင်း။

ထိုအခါ ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ျာထံမှ ဤသို့ အကြောင်းပြန်ပါသည်။

မြန်မာနိုင်ငံတော်အစိုးရ ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ျာထံမှ၊ ဗြိတိသျှ ကာကွယ်ရေး မစ်ရှင်အဖွဲ့ (သဘာပတိ)
ဂျေ၊ ဖရီးမင်း၊ အမ်၊ ဘီ၊ အီး။ အမ်၊ ပီ ထံပေးစာ

နေ့စွဲ ၁၉၄၇ ခု၊ သြဂုတ်လ ၁၇ ရက်၊ ရန်ကုန်။

ဤနေ့၊ နေ့စွဲပါ ခင်ဗျား၏ စာကို ရရှိပါသဖြင့် ကျေးဇူးတင်ပါသည်။

မြန်မာနိုင်ငံ အစိုးရသည်၊ ကာကွယ်ရေး သဘောတူညီချက်၌ရှိသော အချက် ၅ ၏ နောက်ဆက်တွဲ၌ ညွှန်းဆိုထားသည့် ရေတပ်ဆိုင်ရာ သင်္ဘောများကို အစိုးရကိစ္စများ အတွက်သာလျှင် သုံးမည်ဖြစ်ပါသည်။ ကုန်သွယ်ရေကြောင်းအတွက်ဖြစ်စေ၊ အခြားနည်း အသုံးပြုရေးအတွက်ဖြစ်စေ ရောင်းချမည်မဟုတ်ပါကြောင်း။

တိုင်းပြည် မကြာခင် အင်္ဂလိပ်ကိုလိုနီများ လက်မှ လွတ်လပ်ရေးရတော့မည်။ ငါတို့လက်ထက်တွင် ငါတို့ကြိုက်တာ လုပ်မည်၊ သင်းတို့ အပူလားဆိုသည့် သဘောကို ဗိုလ်လက်ျာ၏ စာထဲတွင် မတွေ့ရပါ။ အလားတူ လုံးဝလွတ်လပ်ရေး ရပြီးသည့် ကာလတွင်လည်း မြန်မာရေတပ်မှ သင်္ဘောများကို မြန်မာအစိုးရက ပုဂ္ဂလိကလက်သို့ ရောင်းစားသည် (သို့မဟုတ်) လုပ်ချင်သလို လုပ်ပစ်သည်ဟုလည်း တခါမှ မကြားဖူးပါ။

အခုစစ်အစိုးရကတော့ သူတို့ရရှိထားသော တိုက်ရိုက်အာဏာ သက်ဆင်းသည့်စနစ်မှ ကြားခံတဆင့် အာဏာသက်ဆင်းသည့် စနစ်သို့ မကူးပြောင်းမီ စီးပွားရေးအရ ကောင်းတာတွေ အကုန်လုံး တို့လက်ထဲမှာ ရောက်နေအောင် လုပ်မှဖြစ်မည်ဟူသော သဘောဖြင့် ပရမ်းပတာ လုပ်နေကြသည်။ နယ်ချဲ့ကိုလိုနီ အစိုးရပင် မလုပ်ခဲ့သော အလုပ်များကို မြန်မာစစ်အစိုးရက လုပ်ဆောင်နေသည်မှာ ပြည်သူတို့အတွက် ဝမ်းနည်းဖွယ်ဖြစ်သည်။ နယ်ချဲ့အစိုးရဆိုသည်မှာ လက်အောက်ခံ ကိုလိုနီနိုင်ငံများအပေါ်တွင် အမြတ်ထုတ်စမြဲ ဖြစ်သည်။ သို့သော် စနစ်တကျ အမြတ်ထုတ်သည်။ ပရမ်းပတာ အမြတ်မထုတ်။ ရေရှည်ကို ကြည့်သည်။

နောက်ထပ် ဥပမာတခုကို ပြလိုသည်။ အင်္ဂလိပ်တွေ မြန်မာပြည်ကို အုပ်ချုပ်နေတုန်းက သစ်တောနှင့် သစ်ထုတ်လုပ်ရေး လုပ်ငန်းများတွင် စနစ်တကျ လုပ်ဆောင်ခဲ့သည်။ မြန်မာတွေကို တနေ့ လွတ်လပ်ရေး ပေးရရင် အကုန်မရလိုက်မှာ စိုးသောကြောင့် ရတုန်းရခိုက် ယူထားမှဆိုသည့် သဘောနှင့် လုပ်ဆောင်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။ သစ်တောမြေပုံသည် အသေးစိတ်လွန်းသဖြင့် စစ်သုံးမြေပုံအဖြစ်နှင့်တောင် အသုံးပြု၍ ရသည်ဟု ဆိုကြသည်။ သတ်မှတ်ထားသော အရွယ်ရောက်သည့် ကျွန်းပင် တပင်တိုင်းတွင် ကိုယ်ပိုင်နံပါတ်တောင် ရှိသည်ဟု သိရသည်။ သတ်မှတ်ထားသည့်အတိုင်း သစ်ကို ခုတ်ယူကြသည်။ သစ်တောတခုလုံး အပြောင်ရှင်းတာမျိုးကို လုပ်လေ့မရှိ။ သတ်မှတ်ထားသော သစ်ကွက်တခုတွင် သတ်မှတ်ထားသော အပင်များကိုသာ ခုတ်သည်။ ခုတ်ပြီးသည်နှင့် သစ်ပင်များ ပြန်လည်စိုက်ပျိုးသည်။ နောင် အနှစ် ၂ဝ၊ ၃ဝ ရောက်သည့်အခါတွင်မှ ထိုသစ်ကွက်သို့ ပြန်လည်လာရောက် သစ်ထုတ်သည်။

အခုကတော့ သည်လိုမဟုတ်တော့။ သစ်ခုတ်ခွင့်ရသည့် ကုမ္ပဏီသည် အခွင့်အရေး ရတုန်းရခိုက် သစ်ပင် အကြီးအသေးမချန် အကုန်ထုတ်ယူသွားသည်။ တောပြုန်းတာ တောင်တွေ ကတုံးဖြစ်တာ သူတို့ကိစ္စမဟုတ်။ လုပ်ပိုင်ခွင့်ရတုန်း အကုန်လုံးယူလိုက်သည့် သဘောဖြစ်နေသည်။ တောတွေထဲက သစ်တွေ ကုန်သလောက် ဖြစ်နေတော့ အခုလာပြန်ပါပြီ၊ အချက်အခြာကျသော နေရာများ၊ သမိုင်းဝင်နေရာများ၊ ယဉ်ကျေးမှု အမွေအနှစ်များနှင့် ပတ်သက်နေသော နေရာများကို ပုဂ္ဂလိကလက်သို့ လွှဲပြောင်းသည်တဲ့။ ဒါကို ဈေးကွက်စီးပွားရေး ဦးမော့လာအောင် ပုဂ္ဂလိက စီးပွားရေးကို ဖွင့်ပေးတယ်လို့ ဆိုသတဲ့။ စာဖတ်သူများ စဉ်းစား၍သာ ကြည့်ကြပါကုန်။

အသိဥာဏ်နှင့် ယှဉ်သော သိမှု၊ မြင်မှု၊ ကြားမှု၊ အတုယူမှုတို့ ပျောက်ကွယ်ကုန်လေပြီဟုသာ ပြောလိုတော့သည်။

(အထက်တွင် ဖော်ပြခဲ့သော စာနှစ်စောင်မှာ ၁၉၉၅ ခုနှစ်က ပထမအကြိမ် ထုတ်ဝေခဲ့သော (တပ်မတော်သမိုင်း တတိယတွဲ ၁၉၄၅—၁၉၄၈ ) စာအုပ် စာမျက်နှာ ၂၃၁ မှ မူရင်းအတိုင်း ပြန်လည် ကူးယူဖော်ပြခြင်း ဖြစ်သည်။ မြန်မာ့သမိုင်းတွင် လူသိများသော လက်ျာဖရီးမင်း စာချုပ်ကို ၁၉၄၇ သြဂုတ်လ ၂၉ ရက်နေ့က ရန်ကုန်မြို့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ဗိုလ်လက်ျာမှာ ရဲဘော်သုံးကျိပ်ဝင်တဦးဖြစ်ပြီး၊ ဖရီးမင်းဆိုသူမှာ ထိုအချိန်က ဗြိတိသျှပါလီမန် အမတ်တဦးဖြစ်သော John W. Freeman ဂျွန် ဒဘလျှူ ဖရီးမင်း ဖြစ်သည်။)

No comments: