အောင်ကျော်ခင်
မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖျက်မှုကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကို ၁၉၉၂ မှာ စတင်ခန့်အပ်ခဲ့တာမို့ ကိုယ်စားလှယ်သက်တမ်းဟာ (၁၈) နှစ်ရှိလာပါပြီ။ ပထမကိုယ်စားလှယ်က ဂျပန်ပါမောက္ခ ယိုဇိုယိုကိုတာ ဖြစ်ပြီး (၄) နှစ် အမှုထမ်းတယ်။
ဒုတိယကိုယ်စားလှယ်က မော်ရစ်ရှတရားသူကြီး ရာခ်ျစိုးမားလာလား ဖြစ်ပြီး ပြည်ဝင်ခွင့် မရတာနဲ့ လုပ်သက် (၄) နှစ်မှာ စိတ်ပျက်ပြီး နုတ်ထွက်သွားတယ်။ တတိယကိုယ်စားလှယ်က ဘရာဇီးက ပါမောက္ခ ပီညဲရိုးဖြစ်ပြီး (၇) နှစ်ကျော် အမှုထမ်းတယ်။ အာဂျင်တီးနားနိုင်ငံက ရှေ့နေ တိုးမတ်စ် အိုဟေးရား ကင်တားနားဟာ စတုတ္ထမြောက် ကိုယ်စားလှယ်ဖြစ်ပြီး ၂၀၀၈ ခုနှစ် မေလ (၁) ရက်နေ့ကစပြီး တာဝန်ထမ်းဆောင်သူဖြစ်လို့ လုပ်သက် (၂၂) လပဲ ရှိသေးတယ်။
ကင်တားနားရဲ့ မိဘတွေဟာ အာဂျင်တီးနား စစ်အစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့တာကြောင့် သူသုံးမယ့်နည်းလမ်းဟာ ထူးခြားနိုင်တယ်လို့ မြင်သူလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကင်တားနားအရင်က လူ့အခွင့်အရေး အထူးကိုယ်စားလှယ် (၃) ဦးကတော့ မအောင်မြင်ပါဘူး။ လုပ်သက်အများဆုံးဖြစ်တဲ့ ပီညဲရိုးရဲ့ အတွေ့အကြုံလေးကို မှတ်မိသေးတယ်။ ၂၀၀၃ ခုနှစ် မတ်လ (၂၀) ရက်နေ့မှာ မြန်မာပြည်ကို (၅) ကြိမ်မြောက် ပီညဲရိုးသွားတယ်။ တွေ့နေကြဖြစ်တဲ့ ခင်ညွန့်၊ ၀င်းအောင်၊ ခင်မောင်ဝင်း၊ တင်လှိုင် (ပြည်ထဲရေး) ကို တွေ့တယ်။ သူတို့ကတော့ ပြောနေကျအတိုင်း အနှောင့်အယှက်မရှိ လွတ်လပ်စွာ စုံစမ်းစစ်ဆေးနိုင်ကြောင်း ပီညဲရိုးကို အာမခံတယ်။ သူနဲ့တွေ့တဲ့ မြန်မာတွေကို ဒုက္ခမပေးဘူးလို့ နအဖ က ကတိပေးတယ်။ ဒီတော့ စိတ်ချလက်ချ ပီညဲရိုးက လုပ်ငန်းစတာပေါ့။
မတ်လ (၂၂) ရက်နေ့က အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို တွေ့ဆုံမေးမြန်းနေစဉ် စားပွဲအောက်မှာ လျှို့ဝှက်အသံဖမ်းစက် တတ်ထားတာကို ပီညဲရိုးတွေ့သွားတော့ စိတ်ဆိုးပြီး မတ်လ (၂၄) ရက်နေ့မှာ မြန်မာပြည်က ထွက်သွားတယ်။ နအဖကို အထင်ကြီးပြီး ၀ိုင်းဝန်းကူညီကြပါလို့ မေတ္တာရပ်ခံခဲ့တဲ့ ပီညဲရိုး အလိမ်ခံရတဲ့အတွက် ရှက်ရမ်းရမ်းတာပါပဲ။ ဗြောင်လိမ်မှု၊ အကောက်ကြံမှု၊ ခိုးကြောင်ခိုးဝှက်လုပ်မှု၊ လှည့်စားမှု၊ ပလီစိချောက်ချက်ပြောမှု၊ အလွဲသုံးစားလုပ်မှု၊ အသံကောင်းဟစ်မှု၊ အနိုင်ကျင့်မှု စတာတွေဟာ မြန်မာစစ်အစိုးရရဲ့ အကျင့်တွေပါ။
ပီညဲရိုးနေရာကို ဆက်ခံတဲ့ ကင်တားနားကလည်း မြန်မာစစ်အစိုးရကို ဝေဖန်ရှုတ်ချနေရင် ဘာမှလုပ်နိုင်မှာမဟုတ်ဘဲ လက်တွဲလုပ်ကိုင်နိုင်မှသာလျှင် လူ့အခွင့်အရေးအခြေအနေ ကောင်းမွန်လာမယ်လို့ ယုံကြည်တယ်။ ကင်တားနားရဲ့ ပထမခရီးစဉ် ၂၀၀၈ ခုနှစ် သြဂုတ်လ (၃) ရက်နေ့က (၇) ရက်နေ့အထိ ဖြစ်တယ်။ ရည်ရွယ်ချက်က နအဖရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရယူဖို့ဖြစ်တဲ့အတွက် ပထမခရီး အောင်မြင်တယ်လို့ဆိုတယ်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့က (၁၉) ရက်နေ့အထိ ဒုတိယအကြိမ် မြန်မာပြည်ကိုသွားတယ်။ ဒုတိယခရီးစဉ်မှာ ရွေးကောက်ပွဲမတိုင်မီ ကျင့်သုံးမယ့် လူ့အခွင့်အရေးအခြေခံမူ (၄) ရပ် ကျင့်သုံးဖို့ တင်ပြတာကို နအဖက လက်ခံစဉ်းစားနေလို့ အောင်မြင်တယ်လို့ဆိုတယ်။
ပထမနဲ့ ဒုတိယခရီးစဉ်အောင်မြင်ကြောင်း ၂၀၀၉ ခု မတ်လ (၁၁) ရက်နေ့က အထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ (၂၂) မျက်နှာ အစီရင်ခံစာမှာ ဖော်ပြထားတယ်။ ကင်တားနားတင်ပြတဲ့ လူ့အခွင့်အရေးအခြေခံမူ (၄) ချက်နဲ့ နအဖရဲ့ တုံ့ပြန်ပုံဟာ စိတ်ဝင်စားဖို့ကောင်းတယ်။ ပထမအချက်က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံသတ်မှတ်ချက်နဲ့အညီ ပြည်တွင်းဥပဒေတွေကို ပြင်ဆင်ရေးဆွဲဖို့ဖြစ်တယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေနဲ့အညီ ပြည်တွင်းဥပဒေ (၃၈၀) ကို ပြန်လည်ပြုပြင်ဖို့ သက်ဆိုင်ရာဌာနတွေကို ညွှန်ကြားထားတယ်လို့ အစိုးရရှေ့နေချုပ်က အကြောင်းကြားတယ်လို့ ကင်တားနားက ဆိုပါတယ်။ ဒုတိယတင်ပြချက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တဖြည်းဖြည်းချင်း လွှတ်ပေးရေးကိုတော့ စဉ်းစားနေတယ်လို့ နအဖအစိုးရက အကြောင်းပြန်တယ်တဲ့။
တတိယအနေနဲ့ ရဲသားနဲ့စစ်သားကို လူ့အခွင့်အရေး သင်တန်းပေးဖို့ အကြံပြုထားတဲ့အတိုင်း သင်တန်းတွေပေးထားပြီမို့ သင်ရိုးညွှန်းတမ်းကို မစ္စတာ ကင်တားနားကို ပြမယ်လို့ နအဖအစိုးရက အကြောင်းပြန်တယ်တဲ့။ စတုတ္ထတင်ပြချက်က တရားဥပဒေစိုးမိုးရေး အာမခံနိုင်ဖို့အတွက် တရားစီရင်ရေးဌာနကို လွတ်လပ်စွာ သီးခြားထားရှိရေးဖြစ်တယ်။ မြန်မာ့တရားစီရင်ရေးဟာ လွတ်လပ်ပြီးသားဖြစ်တယ်လို့ နအဖတရားသူကြီးချုပ်က အကြောင်းပြန်တယ်ဆိုပဲ။
နအဖစစ်အစိုးရဟာ အမြဲတမ်း အပြောတမျိုး အလုပ်တမျိုး လုပ်တတ်တာကိုလည်း ကင်တားနားက သဘောပေါက်ပုံရတယ်။ ပထမခရီးစဉ်အပြီး ၂၀၀၈ သြဂုတ်လမှာ လွှတ်ပေးတဲ့ အကျဉ်းသား (၉,၀၀၀) ကျော်မှာ နိုင်ငံရေးအကျဉ်းသားက (၆) ဦးသာ ပါဝင်တယ်။ ပထမတော့ (၇) ဦး လွှတ်ပေးပြီး စစ်ဗိုလ်ဟောင်း ဦးဝင်းထိန်ကို လွှတ်ပေးပြီးမှ ပြန်ဖမ်းလိုက်လို့ (၆) ဦးသာ ကျန်တာပါ။ ဒီကိစ္စကို ကင်တားနားက မေးကြည့်တော့ မှားလွှတ်လို့ ပြန်ဖမ်းတာလို့ ဆင်ခြေပေးတယ်ဆိုပဲ။ မှားဖမ်းလို့ လွှတ်ပေးတာမျိုးတော့ ကင်တားနား ကြားဖူးမှာမဟုတ်ပါဘူး။ နိုင်ငံရေးအကျဉ်းသား (၆) ဦးကို လွှတ်ပေးပြီး (၄၀၀) ကျော်ကို ထောင်ဒဏ် (၄) နှစ်က အနှစ် (၁၀၀) ကျော်အထိ ချမှတ်မှု၊ ရှေ့နေကို မလေးစားဘဲ အပြစ်ရှာပြီး ထောင်ချမှု၊ ထောင်ပြောင်းမှု၊ ကျန်းမာရေးဆိုးဝါးမှု စတာတွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ၂၀၀၉ ဖေဖော်ဝါရီ ဒုတိယခရီးစဉ်ပြီးတော့ အကျဉ်းသား (၆,၀၀၀) ကျော်လွှတ်ပေးပေမယ့် နိုင်ငံရေးအကျဉ်းသား (၂၉) ဦးသာ ပါတာကိုလည်း ဖော်ပြတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အလွန်ဆိုးဝါးတဲ့အခြေအနေကိုလည်း ဖော်ပြထားတယ်။
ဟာသဆရာ ဇာဂနာကို ထောင်ဒဏ် (၅၉) နှစ်၊ ၈၈ မျိုးဆက်အုပ်စုဝင် (၂၃) ဦးမှာ တဦးကို ထောင်ဒဏ် (၆၅) နှစ်စီ၊ ဦးဂမ္ဘီရကို (၆၈) နှစ်၊ ဦးဂမ္ဘီရရဲ့ ရှေ့နေ (၂) ဦးကို ထောင် (၄) လစီ၊ ခွန်ထွန်းဦးကို ထောင်ဒဏ် (၉၄) နှစ်၊ ဗကသကျောင်းသားသမဂ္ဂ၀င် အသက် (၂၀) ကျော် မင်းယုကို ထောင်ဒဏ် (၁၀၄) နှစ် နအဖတရားရုံးတွေက ချမှတ်တာကို ကင်တားနားအစီရင်ခံစာမှာ ဖော်ပြပါတယ်။ နအဖဟာ ဥပဒေကို အလွဲသုံးစားလုပ်နေတာ ကင်တားနား သဘောပေါက်ပါလိမ့်မယ်။
အတည်ပြုပြီးတဲ့ နအဖအခြေခံဥပဒေကိုသာ အကောင်အထည်ဖော်ဖို့ ကင်တားနားက တိုက်တွန်းထားပါတယ်။ နအဖရဲ့ အခြေခံဥပဒေပုဒ်မ (၃၅၄) မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာဆန္ဒပြခွင့် စတာတွေကို ဖော်ပြထားပေမယ့် သတင်းသမား (၁၆) ဦးကို ထောင်ချထားတာကို ထောက်ပြထားတယ်။ ပုဒ်မ (၄၀၆) မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း နိုင်ငံရေးပါတီတွေကို လွတ်လပ်စွာစည်းရုံးရေးဆင်းခွင့်ပေးဖို့လည်း တောင်းဆိုထားတယ်။ အကြံပေးတင်ပြချက် (၄) ခုကို အကောင်အထည်ဖော်ဖို့ နအဖအစိုးရက သဘောတူထားပေမယ့် တကယ်တမ်း အကောင်အထည်ဖော်မဖော်ဆိုတာကို မကြာခင် ကင်တားနား သိပါလိမ့်မယ်။
ဖေဖော်ဝါရီလ (၁၅) ရက်က (၁၉) ရက်အထိ စုံစမ်းစစ်ဆေးခဲ့တဲ့ တတိယမြောက် မြန်မာပြည်ခရီးစဉ်အကြောင်း လာမယ့်မတ်လမှာ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာတင်ပါလိမ့်မယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဟာ လူ့အခွင့်အရေးချိုးဖျက်တဲ့ အစိုးရတွေရဲ့ ပရိယာယ်မှာ တ၀ဲလည်လည် ဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က ၂၀၁၀ ဇန်န၀ါရီလထုတ် နှစ်လည်အစီရင်ခံစာမှာ သုံးသပ်ထားတယ်။ အစ္စရေးရဲ့ လူ့အခွင့်အရေးချိုးဖျက်မှုကို ထပ်ခါတလဲ ဝေဖန်ရှုတ်ချနေတဲ့ လူ့အခွင့်အရေးကောင်စီဟာ သီရိလင်္ကာပြည်တွင်းစစ်မှာ တမီးလ်သူပုန်ကို ပြစ်တင်ရှုတ်ချပြီး သီရိလင်္ကာအစိုးရကို ချီးကျူးတယ်။ ဒါကြောင့် အစိုးရတပ်က အရပ်သားကို သတ်ဖြတ်တာနဲ့ ထိန်းသိမ်းတာကို စုံစမ်းနိုင်ခြင်းမရှိတာလို့ဆိုတယ်။
အစိုးရတွေရဲ့ လူ့အခွင့်အရေးမှတ်တမ်းကို (၄) နှစ်တကြိမ် စိစစ်တဲ့ကိစ္စမှာလည်း အစိုးရအချင်းချင်း စစ်ဆေးနေတဲ့အတွက် ထိထိရောက်ရောက် အရေးမယူနိုင်ဘဲ ဖြစ်နေပါတယ်။ လူ့အခွင့်အရေးကောင်စီက အရေးယူမယ့် အစိုးရတွေဟာ လူ့အခွင့်အရေးကောင်စီကို ကြီးစိုးနေလို့ လုပ်ရကိုင်ရ ခက်တာလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။
No comments:
Post a Comment