Saturday, March 13, 2010

ဗုဒ္ဓဘာသာတွေတဲ့လား

စိုးနေလင်း

(Bangkok Post သတင်းစာ လက်ထောက်အယ်ဒီတာ (Outlook) Sanitsuda Ekachai ရဲ့ ”And we still call ourselves Buddhists” ကို ဘာသာပြန်ဆိုပါတယ်။)

မခါဘူချာ (Makha Bucha) ဥပုသ်ကြီးနေ့လို နေ့မျိုးမှာ အစစဆင်းရဲနွမ်းပါးလှတဲ့ သန်းချီတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို မြန်မာနိုင်ငံမှာ ဆိုးဝါးပြင်းထန်တဲ့ ဖိနှိပ်မှုတွေကို ရင်ဆိုင်ရအောင် မြန်မာနိုင်ငံကို ပြန်မောင်းထုတ်ဖို့ ကျမတို့ရဲ့ ရွေးချယ်ဆုံးဖြတ်မှုကို လုပ်လိုက်တဲ့ အချိန်မှာတော့ ကျမတို့ တိုင်းပြည်ကို ပြောစရာ အများကြီး ရှိလာပါတယ်။

မခါဘူချာနေ့ဆိုတာ ဗုဒ္ဓမြတ်စွာဘုရားက မကောင်းမှု အားလုံးကို ရှောင်ကြဉ်ပြီး ကောင်းမှုကို စိုက်ပျိုးပြုစု၊ စိတ်အညစ်အကြေးတွေကို ဖယ်ရှားရှင်းလင်းပစ်ဖို့ သူ့ရဲ့ အခြေခံဓမ္မ တရားတော်တွေကို စတင်ပို့ချခဲ့တဲ့ နေ့ဖြစ်ပါတယ်။ လူသားတွေဖြစ်တဲ့ ကျမတို့က အဲဒီလို မနေနိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် မခါဘူချာနေ့လို နေ့မျိုးမှာတော့ ကျမတို့ဟာ အကြမ်းဖက်မှု ပုံသဏ္ဍာန်အားလုံးကို ရှောင်ရှား၊ လိုအပ်နေတဲ့ သူတွေကို စွန့်ကြဲပေးကမ်းပြီး ကျမတို့ရဲ့ အတ္တတွယ်ငြိမှုတွေကို ခွာချဖို့ အနိစ္စတရားကို အနည်းဆုံး ပွားများဆင်ခြင်ဖို့ ကြိုးစားသင့်ကြပါတယ်။ ကျမတို့ကိုယ် ကျမတို့ ဗုဒ္ဓဘာသာတွေလို့ စဉ်းစားနေကြသေးတယ် ဆိုရင်ပေါ့လေ။

ပထမဆုံး မခါဘူချာနေ့ဟာ ဗုဒ္ဓမြတ်စွာဘုရားအဖြစ် ဥာဏ်အလင်းရပြီး ၉ လအကြာ၊ တတိယမြောက်လရဲ့ လပြည့်နေ့မှာ စခဲ့တာပါ။ ဒီနှစ်မှာတော့ အဲဒီနေ့ဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကျရောက်ပြီး အဲဒီနေ့မှာပဲ အစိုးရက မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ ဖိစီးနှိပ်ကွပ်နဲ့ ကြမ်းတမ်းခက်ထန်တဲ့ ဆင်းရဲမွန်းကြပ်မှုကနေ ထွက်ပြေးလာကြတဲ့ အရူးအမူး အကူအညီ လိုအပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် သက်ညှာကင်းလွတ်ခွင့် ပေးထားတာကို ရပ်ဆိုင်းပစ်ခဲ့ပါတယ်။

ကျမပြောနေတာက ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မတိုင်ခင်မှာ နိုင်ငံသား စီစစ်မှုကို ပြီးအောင် မလုပ်နိုင်ကြသေးတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အားလုံးကို ပြန်ပို့ပစ်မယ့် ထိုင်းနိုင်ငံရဲ့ အကြင်နာကင်းမဲ့ ရက်စက်တဲ့ မူဝါဒကို ပြောနေတာပါ။ ၂ သန်း၊ ၃ သန်းလောက်ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အဲဒီသက်ရောက်မှုကို ခံကြရပါလိမ့်မယ်။ အဲဒီအလုပ်သမား အများစုဟာ မြန်မာနိုင်ငံ စစ်အစိုးရရဲ့ ပြင်းထန်တဲ့ ဖိစီးနှိပ်ကွပ်မှုကို ခံနေကြရတဲ့ မွန်၊ ကရင်နဲ့ ရှမ်း စတဲ့ လူနည်းစု တိုင်းရင်းသားတွေပဲ ဖြစ်ကြပါတယ်။ နောက် မြန်မာနိုင်ငံက နိုင်ငံသားအဖြစ်ကို စဉ်းစားပေးစရာ အခွင့်အလမ်း မရှိသလောက် ဖြစ်နေတဲ့ ရိုဟင်ဂျာတွေ ဖြစ်ကြပါတယ်။

လူ့အခွင့်အရေး အဖွဲ့တွေရဲ့ အနူးအညွတ် မေတ္တာရပ်ခံချက်ကို တုံ့ပြန်တဲ့အနေနဲ့ ဝန်ကြီးချုပ် အက်ဘ်ဟီးဆစ်ရဲ့ အစိုးရအဖွဲ့က နိုင်ငံသား စီစစ်ရေးလုပ်ငန်းစဉ် ပြီးအောင်လုပ်ဖို့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ သတ်မှတ်ထားရာကနေ နောက်ထပ် သက်တမ်း ၂ နှစ် ထပ်တိုးပေးလိုက်ပါတယ်။

အဲဒီလိုပျော့ပျော့ပျောင်းပျောင်း ဆောင်ရွက်လိုက်တာဟာလည်း နိုင်ငံခြား ရွှေ့ပြောင်းလုပ်အားနဲ့ ပတ်သက်တဲ့ ထိုင်းနိုင်ငံရဲ့ ရှင်းမရနိုင်တဲ့ ပြဿနာကို ပြေပျောက်သွားဖို့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါဟာ မှားယွင်းတဲ့ ကောက်ချက်ချမှုတွေ အများကြီးပေါ်မှာ အခြေခံထားလို့ပါပဲ။

ဥပမာအားဖြင့် ရွှေ့ပြောင်းအလုပ်သမားတွေဟာ နိုင်ငံသား စီစစ်ရေးနဲ့ ပတ်သက်တဲ့ မူဝါဒနဲ့ သူ့ရဲ့ လုပ်ထုံးလုပ်နည်းတွေကို ကောင်းကောင်း သိနေကြပြီဆိုတဲ့ ကောက်ချက်ဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမား အလုပ်အဖွဲ့ (Migrant working group) ရဲ့ စစ်တမ်းကောက်ယူမှုအရ ၂ဝ % က သူတို့ အဲဒါနဲ့ ပတ်သက်ပြီး တခါမှ မကြားဖူးသေးဘူးလို့ ဆိုပါတယ်။ ၅၄ % က သူတို့ တရားဝင် မဟုတ်တဲ့ နေရာတွေကရတဲ့ သတင်းတွေဟာ ရှင်းရှင်းလင်းလင်း မရှိပါဘူးလို့ ပြောပါတယ်။ ၂၅ % ကတော့ နိုင်ငံသား စီစစ်မှုဟာ မလုပ်မဖြစ် မဟုတ်ဘူးလို့ ယုံကြည်ထားကြပါတယ်။

အလုပ်သမားတွေဟာ နိုင်ငံသား စီစစ်မှုလုပ်ဖို့ ဆန္ဒရှိကြတယ်ဆိုတဲ့ အယူအဆဟာလည်း ပြောင်းလဲသွားပါပြီ။ စစ်တမ်းကို တုံ့ပြန်ဖြေကြားသူ ၅ဝ % က ဖမ်းဆီးခံရမှာကို ကြောက်နေကြပါတယ်။ ၅၇ % က အိမ်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေ အန္တရာယ်အပေးခံရမှာကို ကြောက်ကြပါတယ်။ ၄၈ % အဲဒီအတွက် ကုန်ကျစရိတ်ကို မတတ်နိုင်ကြပါဘူး။ ၄၆ % ကတော့ အဲဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိကြပါဘူး။ ၂၉ % က မြန်မာနိုင်ငံထဲမှာ ဘာတရားဝင် အထောက်အထားမှ မရှိပါဘူး။ ၂ဝ % ကတော့ နိုင်ငံရေးအရ ဖိစီးနှိပ်ကွပ်ခံရမှာကို ကြောက်ရွံ့နေကြတယ် ဆိုတာကို ပြဆိုနေပါတယ်။ ဒါပေမဲ့ သဘောတူ လက်ခံမှု ထောက်ခံမှုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ၆၈ % ကတော့ အိမ်ကို ပြန်ကိုမပြန်ချင်ဘူးလို့ ပြောကြပါတယ်။

နောက်ကောက်ချက်တခုကတော့ ထိုင်းနဲ့ မြန်မာ ဗျူရိုကရေစီ ယန္တရားတွေဟာ တိုးချဲ့ပေးလိုက်တဲ့ သက်တမ်းအတွင်းမှာ နိုင်ငံသား စီစစ်ရေး လျှောက်လွှာ ၁ ဒဿမ ၄ သန်းလောက်ကို ပြီးအောင် ကိုင်တွယ်ဆောင်ရွက်ပေးနိုင်မယ်ဆိုတဲ့ အယူအဆပါ။ ဒါပေမဲ့ သူတို့ လုပ်နိုင်ပါ့မလား။

မနှစ်က ရွှေ့ပြောင်းအလုပ်သမား ၂ဝဝဝဝဝ ပဲ လျှောက်လွှာတင်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက လျှောက်လွှာ ၆ဝဝဝ လောက်ကိုပဲ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံက သူတို့ ပိုပြီး မြန်အောင် လုပ်ပေးပါမယ်လို့ ကတိပေးထားပေမယ့် မှတ်ပုံတင်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁ ဒဿမ ၄ သန်းလုံးကို ၂ နှစ်တာ သက်တမ်းကာလအတွင်း နိုင်ငံသား စီစစ်ရေးလုပ်ငန်းနဲ့ ပတ်စ်ပို့ ထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကို ပြီးအောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်ကြမယ်ဆိုရင်တော့ ကျမတို့ မိုက်မဲရူးနှမ်းတာပဲ ဖြစ်ပါလိမ့်မယ်။

ဒါဆို နောက်ထပ်သက်တမ်းတခု၊ နောက်ထပ်သက်တမ်းတခု၊ နောက်ထပ်သက်တမ်းတခု မျှော်လင့်ကြည့်လိုက်ပါ။

မှတ်ပုံတင်ထားတဲ့ အလုပ်သမားတွေက မရေရာတဲ့ မူဝါဒနဲ့ ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားနေရတဲ့ အချိန်မှာ သေချာတာ တခုကတော့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ပိုင်းမှာ တရားမဝင် နေထိုင်နေကြတဲ့ အလုပ်သမား ၂ သန်းလောက်ရဲ့ ဘဝတွေကတော့ ပိုပြီး ပြင်းထန်ဆိုးဝါးတဲ့ ဒုက္ခတွေနဲ့ ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။ ပြန်ပို့ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုက သူတို့ကို ကျေးကျွန်ဘဝထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း တွန်းသွင်းပေးပါလိမ့်မယ်။

ဒါကို ရင်ဆိုင်လိုက်ပါ။ ပြဿနာက ကြိုးနီစနစ်တခုထဲရဲ့ ပြဿနာ မဟုတ်ပါဘူး။ နှလုံးသားကင်းမဲ့မှု အကြင်နာတရား ကင်းမဲ့မှု ပြဿနာ ဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဆိုးဝါးခက်ခဲတဲ့ အခြေအနေကို ကျမတို့ မသိလို့လည်း မဟုတ်ပါဘူး။ ကျမတို့က ဂရုကို မစိုက်ကြလို့ပဲ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာကတော့ ဒီလူမဆန်တဲ့ လုပ်ရပ်ကနေ လူအတော်များများဟာ ငွေရအောင် ရှာနေကြတာပဲ ဖြစ်ပါတယ်။

ကျမတို့ဟာ ဘယ်လိုလူတွေဆိုတာကို ကြီးကြီးမားမား ပြဋ္ဌာန်းဆုံးဖြတ်မှာက ကျမတို့က တခြားသူတွေကို ဘယ်လိုဆက်ဆံသလဲ။ ကျမတို့ရဲ့ တွေးမြင်ယုံကြည်မှုက ဘာလဲဆိုတာပါပဲ။ တကယ်လို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်တွေမှာတောင် အားနည်းသူတွေကို ဒုက္ခပေးနေတာနဲ့ ပတ်သက်ပြီး ကျမတို့မှာ ဒုတိယ စိတ်ကူးတွေးမြင်မှု မရှိဆိုရင်တော့ နောက်လာမယ့် မခါဘူချာနေ့ (ဥပုသ်ကြီးနေ့) ကို ကျမတို့ကိုယ် ကျမတို့ ဗုဒ္ဓဘာသာဝင်တွေလို့ ခေါ်လို့ရနိုင်ပါဦးမလားဆိုတာ အလေးအနက် စဉ်းစားဖို့ အသုံးပြုသင့်တယ် ထင်ပါတယ်။ ။

No comments: