Friday, March 19, 2010

နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၂)

ဝေလင်း

သဘာဝစွမ်းအင်ရင်းမြစ်များ

လတ်တလော သဘာဝ ဓာတ်ငွေ့ လိုအပ်ချက်က ဘင်္ဂလားဒေ့ရှ် အစိုးရအတွက် နေ့စဉ်လိုလို ခေါင်းခဲနေရတဲ့ ကိစ္စတရပ်ပါ။ တနိုင်ငံလုံး အတွက် နေ့စဉ်သုံးစွဲနေတဲ့ ဓာတ်ငွေ့ သန်း (၂,၂၀၀) ကုဗပေမှာ နောက်ထပ် သန်း (၂၂၀) ကုဗပေလောက် လိုအပ်နေဆဲပါ။ သဘာဝဓာတ်ငွေ့သိုက်ပမာဏ (၇.၂) တြီလီယံကုဗပေ ရှိတဲ့အနက် (၅.၅) တြီလီယံ ကုဗပေသာ ထုတ်ယူနိုင်ပါတယ်။ သဘာဝဓာတ်ငွေ့လိုအင်က (၁၀) ရာခိုင်နှုန်း မြင့်မြင့်တက်လာနေတာကလည်း နေ့စဉ်နဲ့အမျှ ဖြစ်နေတာမို့ ဒီပမာဏ လိုအပ်ချက်ဟာ ၂၀၁၅ ခုနှစ်ကျရင် လောင်စာ ကုန်ခန်းပြီး တိုင်းပြည်မှာ ကြီးမားတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့လာနိုင်စရာ ရှိနေပါတယ်။

ကုန်းတွင်းပိုင်းလုပ်ကွက် (၂၄) ခုနဲ့ ပင်လယ်ပြင်လုပ်ကွက် (၂၈) ခုကနေ အမေရိကန်၊ သြစတြေးလျ၊ ကိုရီးယား၊ တရုတ်၊ ဆိုက်ပရပ် စတဲ့ ဓာတ်ငွေ့ထုတ်လုပ်သူ နိုင်ငံစုံကုမ္ပဏီကြီး (Unocal / Shell / Occidental / Cairn Energy/ Rexwood/ Texaco / Chevron / Euron / Helliburton / UMC / British Petroleum /Mobil / Tullow Oil / Maersk Oile) တွေကလည်း ဘင်္ဂလား ကုန်း၊ ရေ နှစ်ထွေ ရေနံလုပ်ကွက်တွေကို လုပ်ခွင့်ရဖို့ ကြိုးပမ်းနေကြသလို ၁၉၆၀ ခုနှစ်တွေကတည်းကပဲ ပြင်ပကုမ္ပဏီကြီးတွေ ဘင်္ဂလားဒေ့ရှ်မှာ စတင်ဝင်ရောက် တူးဖော်လုပ်ကိုင်နေခဲ့ကြတာပါ။

၂၀၀၉ သြဂုတ်လမှာ အမေရိကန်အခြေစိုက် Conoco Phillips ကုမ္ပဏီနဲ့ ရေနက်ကွင်းလုပ်ကွက် (၂) ခု ရေတိမ်လုပ်ကွက် (၁) ခု တူးဖော်လုပ်ကိုင်ဖို့ ဒေါ်လာ (၁၆၀.၅) သန်းဖိုး သဘောတူ စာချုပ်ချုပ်ဆိုနိုင်ခဲ့လို့လည်း ဘင်္ဂလားဒေ့ရှ် ရေနံသဘာဝဓာတ်ငွေ့ ၀န်ကြီးက မိမိတို့တိုင်းပြည်အတွက် ၀င်ငွေ (၂) ဆတိုးပြီး ၂၀၂၀ ခုနှစ်ထဲမှာ အလယ်အလတ်အဆင့် စီးပွားဖွံ့ဖြိုးတဲ့ နိုင်ငံအဆင့်ကို ရောက်တော့မှာဖြစ်ကြောင်း ထကြေညာခဲ့ပါတယ်။ ၂၀၂၀ မရောက်ခင် အခုလတ်တလော သဘာဝဓာတ်ငွေ့ လိုအပ်ချက်တွေကို ကျော်လွှားဖို့အရေးက ဘင်္ဂလားဒေ့ရှ်အတွက် လက်တွေ့ သေရေးရှင်ရေးပြဿနာကြီးပါ။ ဒါကြောင့်လည်း ဘင်္ဂလားပင်လယ်ကွေ့ ရေနံသဘာဝဓာတ်ငွေ့ ရေပြင်ပိုင်နက်ကိစ္စဟာ ဘင်္ဂလားအတွက် နောက်ဆုတ်လို့ မဖြစ်တဲ့ ကိစ္စတရပ် ဆိုရင်လည်း မှန်ပါတယ်။

သဘာဝဓာတ်ငွေ့အတွက် အခက်ကြုံနေရတာတင်မက ဘင်္ဂလားဒေ့ရှ် လျှပ်စစ်စွမ်းအင်ကဏ္ဍကလည်း လုံလောက်မှုမရှိပါဘူး။ ၂၀၀၈ ခုနှစ် အိန္ဒိယခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံကြားမှာ ၂၀၀၁-၂၀၀၆ ခုနှစ်အတွင်း ယခင်ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာလက်ထက် (၂၀၀၁-၂၀၀၆ ခုနှစ်တွေ) တုန်းက တင်းမာသွားခဲ့တဲ့ ဆက်ဆံရေးတွေ ပြန်လည်ကောင်းမွန်ပြီး စီးပွားရေး၊ စွမ်းအင်၊ ကုန်သွယ်ရေး အခွန်ကင်းလွတ်ခွင့် ကိစ္စများပါ အဆင်ပြေခဲ့ပါတယ်။ အိန္ဒိယက လျှပ်စစ်ဓာတ်အား (၂၅၀) မီဂါဝပ် ထောက်ပံ့ကူညီပေးမယ့်အပြင် နီပေါဘက်ကနေ ဘင်္ဂလားဒေ့ရှ် သင်္ဘောဆိပ်ကမ်းများသို့ အိန္ဒိယနယ်မြေကိုဖြတ်ပြီး ကုန်စည်ပို့ဆောင်ခွင့်၊ ဘူတန်နိုင်ငံက ရေအားလျှပ်စစ်တွေ အိန္ဒိယကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် သွယ်ယူခွင့်ပြုခဲ့ပါတယ်။

ဒါကလည်း မြန်မာရခိုင်ကမ်းလွန် ရေနံလုပ်ကွက် A1 / A2 တွေက ထွက်မယ့် ရေနံနဲ့သဘာဝဓာတ်ငွေ့တွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းဖြတ်ပြီး ကီလိုမီတာ (၉၆၀) ရှည် ဓာတ်ငွေ့ပိုက်လိုင်းဖောက်ဖို့အတွက် အပြန်အလှန် အပေးအယူလုပ် နားလည်မှု ရသွားတဲ့ ကိစ္စတခုလည်းဖြစ်ပါတယ်။ ဒီ့အပြင် ပင်ကိုယ်သဘာဝလျှပ်စစ်စွမ်းအင် ရင်းမြစ်ချို့တဲ့မှုကြောင့် အိမ်နီးချင်းနိုင်ငံတွေ ဆီက လျှပ်စစ်ကို ၀ယ်ယူသုံးစွဲနေရပါတယ်။ အိန္ဒိယ၊ ဘူတန်နိုင်ငံတွေအပြင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက စိုင်တင်ချောင်း၊ အမ်းချောင်း၊ သရက်ချောင်းတို့မှာ ဆည်တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဝယ်ယူဖို့ ကြိုးပမ်းဆောင်ရွက် နေတာလည်း ရှိပါသေးတယ်။

သဘာဝရင်းမြစ် လောင်စာနဲ့ စွမ်းအင်ပြဿနာတွေဟာ ဘင်္ဂလားဒေ့ရှ်က တက်လာမယ့် အစိုးရတိုင်းအတွက် အိန္ဒိယ၊ မြန်မာလို အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးတင်းမာမှု အဖြစ်မခံနိုင်တဲ့ ကိစ္စကြီးတခုပါ။ နောက်ထပ် ဘင်္ဂလားဒေ့ရှ်အတွက် မြန်မာနဲ့ မလွှဲမရှောင်သာ ဆက်ဆံလုပ်ကိုင်ရမယ့် လုပ်ငန်းတွေလည်း ရှိနေပါသေးတယ်။ ဒါကတော့ နှစ်နိုင်ငံကို ဖြတ်ဖောက်လုပ်ဖို့ စီစဉ်ထားတဲ့ အာရှဖြတ်လမ်းကြီးတွေပါပဲ။ ဒီလမ်းကြီးတွေက ဘင်္ဂလားဒေ့ရှ်ထဲကို လမ်းကြောင်းကြီးသုံးခု ပွင့်သွားစေမှာ ဖြစ်သလို ဘင်္ဂလားရေနက်ဆိပ်ကမ်းတွေကိုလည်း ပိုဖွံ့ဖြိုးလာစေမှာပါ။ ဘင်္ဂလားဝန်ကြီးချုပ် ရှိတ်ဟာစီနာနဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (တောင်အာရှဌာနမှူး) ဆူလတန် ဟာဖက်ရာမန်တို့ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ မြန်မာနိုင်ငံဖြတ်ဖောက်လုပ်မယ့် ကူမင်း-စစ်တကောင်း မီးရထားလမ်းအတွက် ဘင်္ဂလားဘက်က ပြန်လည်စိတ်ဝင်တစား ကြိုးပမ်းခဲ့သလို ဘင်္ဂလားဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ဒီကိစ္စကို ဆက်လက်အကောင်အထည် ဖော်သွားမှာဖြစ်ပါတယ်။

နယ်စပ်သံဆူးကြိုးများနဲ့ ရွှေ့ပြောင်းဒုက္ခသည်ပြဿနာ

လက်တွေ့မှာ ဘင်္ဂလား-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် မိုင်ပေါင်း (၂,၅၀၀) ရှိတဲ့အနက် မိုင် (၈၀၀) ကျော် ခြံစည်းရိုး ကာရံထားတဲ့ကြားကနေ ဘင်္ဂလားဒေ့ရှ်ဘက်မှ ခိုးဝင်သူများ၊ ခိုးဝင်မယ်လို့ သံသယရှိသူများကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ (၁၃) လအတွင်း (၉၅) ဦး သေဆုံးခဲ့ပါတယ်။ ၂၀၀၀ ကနေ ၂၀၁၀ ခုနှစ်အထိ (၁၀) နှစ်ကာလအတွင်း ဒဏ်ရာရသူ (၈၅၈) ဦးရှိခဲ့ပြီး လူပေါင်း (၈၉၇) ဦး ဖမ်းဆီးခံရပါတယ်။ နေ့စဉ်လိုလို ဘင်္ဂလားဘက်ကနေပြီး မူးယစ်ဆေးဝါး၊ လက်နက်၊ ငွေစက္ကူအတု မှောင်ခိုဖြတ်သန်းသယ်ဆောင်မှုတွေကြောင့် အင်အား (၅၀၀) ရှိတဲ့ အမျိုးသမီး နယ်ခြားလုံခြုံရေးတပ်ရင်းကိုပါ ပူးတွဲတာဝန်ချထားပေးပြီး နယ်စပ်ဖြတ်သန်းသူ အမျိုးသမီးမှန်သမျှကို အသေးစိတ် ရှာဖွေစစ်ဆေးနေကြရပါတယ်။

အလားတူ ၁၉၇၆ ခုနှစ် မြန်မာနိုင်ငံက မောင်းထုတ်လိုက်တဲ့ ဘင်္ဂလီ၊ ရိုဟင်ဂျာ (၂၈၀,၀၀၀) ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ဒုက္ခသည်စခန်းတွေမှာ ဆက်သောင်တင်နေတုန်းပါပဲ။ ၂၀၀၉ ခုနှစ်ထဲမှာ ရိုဟင်ဂျာဒုက္ခသည် (၉,၀၀၀) လောက်ကို စိစစ်ပြီး ပြန်လက်ခံမယ်ဆိုတာကလည်း မြန်မာအစိုးရဘက်က ပါးစပ်အပြောသာ ရှိပါသေးတယ်။ ၁၉၇၇ ခုနှစ် နဂါးမင်းစစ်ဆင်ရေးနဲ့ ရိုဟင်ဂျာ (၂၅၀,၀၀၀) မောင်းထုတ်ခံရပြီးတဲ့နောက် ၁၉၇၉ ခုနှစ်မှာ နိုင်ငံတကာရဲ့ဖိအားကြောင့်သာ ရိုဟင်ဂျာ (၁၀,၀၀၀) လောက်ကို မြန်မာဘက်က ပြန်လည်လက်ခံခဲ့တာပါ။ ဒါပေမယ့် နယ်စပ်တရားမ၀င် ခိုးဝင်လာသူ ရှင်းလင်းရေး (နဂါးမင်းစစ်ဆင်ရေး) စီမံချက်ကို မြန်မာစစ်အစိုးရ ဆယ်စုနှစ်ကျော်လောက် ထပ်မံဆောင်ရွက်ခဲ့ပြီး ရိုဟင်ဂျာတွေ ဆက်လက်မောင်းထုတ်နေခဲ့ပါသေးတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက သတ်မှတ်ပေးထားတဲ့ ရိုဟင်ဂျာဒုက္ခသည် (၂၁,၁၁၇) ဦး ပြန်လက်ခံရေးကိစ္စမှာ မြန်မာဘက်က လူ (၇,၅၃၅) ဦးကိုသာ အသိမှတ်ပြုပါတယ်။ ကျန်လူ (၁၃,၅၈၂) ဦးကို ဘင်္ဂလားဒေ့ရှ်ဘက်ကပါ လက်မခံတော့တာမို့လည်း သူတို့အားလုံး နိုင်ငံမဲ့များ ဖြစ်ကုန်ကြပါတော့တယ်။ ၂၀၀၉ ခုနှစ် စာရင်းများအရ ရိုဟင်ဂျာဒုက္ခသည် လူပေါင်း (၁၉,၂၀၀) ဘင်္ဂလားဒေ့ရှ်မှာ ဆက်လက်ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ ၁၉၉၁ မှာတော့ ဒုတိယအသုတ် မောင်းထုတ်မှုတွေ လုပ်ခဲ့ရုံသာမက နယ်စပ်ဒေသ စစ်ဆေးကြီးကြပ်ရေးလို့ခေါ်တဲ့ နစကတပ်ရင်းတွေကို နယ်မြေ (၉) ခုအဖြစ် ထပ်မံဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အတွင်း တိုးချဲ့နေရာချထားလာခဲ့တဲ့အပြင် အကျဉ်းထောင်ထဲက နှစ်ရှည်ပြစ်ဒဏ်ကျ အကျဉ်းသားများ၊ စစ်မှုထမ်းဟောင်းများ၊ မြန်မာပြည်မက ဆင်းရဲသား အိုးမဲ့အိမ်မဲ့များစွာကို ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတော (ဘင်္ဂလားနဲ့ ထိစပ်ရာ ဒေသတလျှောက်) ဒေသတွေမှာ နတလ စီမံကိန်းနဲ့ ရွာပေါင်း (၄၀) ကျော် တည်ဆောက်နေရာချထားပေးခဲ့ပါတယ်။

ဒါတင်မက ၂၀၀၈ ခုနှစ် ပင်လယ်ပြင်ပိုင်နက် အရေးအခင်းပြီးနောက် ကီလိုမီတာ (၂၃၀) ရှည်တဲ့ မြန်မာ-ဘင်္ဂလား နယ်စပ်တလျှောက် သံဆူးကြိုးကာရံခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ရာ၂၀၀၉ ခုနှစ်ကုန်မှာ (၇၀) ကီလိုမီတာအထိ ပြီးစီးခဲ့ကြောင်း သိရပါတယ်။ စိုင်တင်မြစ် ရေအားလျှပ်စစ်ကနေရရှိတဲ့ လျှပ်စစ်ကိုသုံးပြီး ဓာတ်အားလွှတ် နယ်စပ်သံဆူးကြိုး စီမံချက်အရ မြန်မာဘက်က အမြန်ဆုံးပြီးအောင် ကာရံနေတာပါ။ တကယ်တော့ ဘင်္ဂလားဒေ့ရှ်အတွက် နှစ်ဘက်လက်ခံဖို့ ခက်ခဲနေတဲ့ ဘင်္ဂလီခေါ် ရိုဟင်ဂျာအရေးကိစ္စမှာ နယ်စပ်စစ်ပွဲတွေ ဖြစ်ခဲ့ရင် အဲဒီလူတွေ အစုအပြုံလိုက် ဘင်္ဂလားဒေ့ရှ်ဘက် ပြေးခိုဝင်လာမယ့် အန္တရာယ်လည်း ရှိနေဆဲပါ။

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် နှစ်နိုင်ငံကြား ရေပိုင်နက်ပြဿနာဖြစ်ချိန်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာ (၁) သောင်းလောက်ကို အရန်သင့်ခေါ်ယူ လူစုခိုင်းထားပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်မောင်းဖို့ ပြင်ဆင်ထားတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာလည်း ရှိပါသေးတယ်။ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်ချင်းထိစပ်ဒေသမှာ သံဆူးကြိုးတွေ ကာရံထားတဲ့ ကြားကနေ နှစ်ဘက်ဘင်္ဂလီတွေ အပြန်အလှန် ၀င်ရောက်နေတဲ့ ပြဿနာကလည်း ဆက်ရှိနေဆဲပါ။ စစ်ဖြစ်လိုက်တာနဲ့ အလုံးအရင်းနဲ့ချီပြီး ထပ်ဝင်လာမယ့် ဒုက္ခသည်အရေးကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ မဖြေရှင်းချင်တာကတော့ အမှန်ပါ။ မကြာသေးခင်ကမှ စစ်တကောင်းတောင်တန်းဒေသမှာ သွားနေရာချထားပေးတဲ့ ဘင်္ဂလီတွေနဲ့ ဒေသခံတွေကြားက သတ်ဖြတ်မှုတွေ ပျံ့နှံ့ပြီး ထပ်မကြီးထွားလာအောင် လုပ်ဖို့အတွက်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရ အတော်ကြီး ခေါင်းစားနေရပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ အနာဂတ်

လာမယ့် ၂၀၅၀ ခုနှစ်ရောက်ရင် ပင်လယ်ရေမျက်နှာပြင်တွေ မြင့်တက်လာတာကြောင့် ဘင်္ဂလားလူဦးရေ သန်း (၁၅၆) သန်း ထဲက လူပေါင်း (၁၅) သန်းလောက်ကို အတိဒုက္ခရောက်သွားစေနိုင်သလို မြေဧရိယာ (၁၇) ရာခိုင်နှုန်း ဆုံးရှုံးသွားမယ့် ဘေးဆိုးကြီးတခု ကြုံနိုင်ကြောင်း ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ တဘက်ကလည်း အဆမတန် တိုးပွားလာနေတဲ့ လူဦးရေဟာ ၂၀၅၀ ခုနှစ်ကျရင် နှစ်ဆတိုးလာလို့ သန်းပေါင်း (၃၀၀) လောက်အထိ ဖြစ်လာနိုင်ပြီး အိမ်နီးချင်းနိုင်ငံတွေအတွက် စိုးရိမ်ဖွယ်ကောင်းလောက်တဲ့ ဒုက္ခသည်အင်အားစုကြီးကို ဖြစ်ပေါ်လာစေနိုင်တာမို့လည်း အိန္ဒိယဘက်က ဘင်္ဂလားနယ်စပ် မိုင်ပေါင်း (၂,၅၀၀) ကျော်မှာ လျှပ်စစ်ဓာတ်အားလွှတ် သံဆူးကြိုးကာရံခြင်းလုပ်ငန်းတွေ ပြီးသလောက် နီးပါးဖြစ်နေပါပြီ။

ဘရပ်ဆဲလ်မှာ ကျင်းပသွားတဲ့ တတ်သိပညာရှင်များ အွန်လိုင်းညီလာခံ ရရှိချက်တွေအရ လာမယ့်အနာဂတ်မှာ ကမ္ဘာ့စစ်ရေး၊ လုံခြုံရေးဆိုင်ရာ စဉ်းစားစီမံချက်တွေထဲမှာ သဘာဝနဲ့ ရာသီဥတုပြောင်းလဲခြင်းကိစ္စဟာ အရေးပါလာမှာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ အခုကိုပဲ ပင်လယ်ရေမြင့်တက်မှုနဲ့ ဆိုးဝါးတဲ့ မုန်တိုင်းတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မန်ဟာ (Manha) မြစ်ဝက စတုရန်းကီလိုမီတာ (၆,၄၀၀) ရှိ ဘိုလာ (Bola) ကျွန်းလေး နစ်မြုပ်ပြီး လူဦးရေ သန်းတ၀က်လောက်ကို အရေးပေါ် နေရာရွှေ့ပြောင်းပေးခဲ့ရပါသေးတယ်။

ထပ်ပြီး ဆိုးဝါးလာစေမှာကတော့ လူဦးရေပေါက်ကွဲမှုနောက်ကွယ်က ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းအလုပ်လက်မဲ့ ဒုက္ခသည် အလုံးအရင်းကြီးရဲ့ ပြဿနာပါ။ ကမ္ဘာ့လူဦးရေအထူထပ်ဆုံး နိုင်ငံတခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ အမျိုးသမီးတိုင်း ထက်ဝက်လောက် လျှော့ပြီးမွေးကြဖို့ စီမံချက်နဲ့ ကလေးမွေးဖွားနှုန်းလျှော့ချရေး ကြိုးပမ်းဆောင်ရွက်နေပေမယ့် တိုးတက်မှုက အနည်းငယ်ပါ။ ဒါကြောင့် ၂၀၅၀ ခုနှစ်မှာ လူဦးရေ သန်း (၃၀၀) ဖြစ်လာမှာက မြေကြီးလက်ခတ်မလွဲဆိုတဲ့ ကိန်းမျိုးဆိုက်နေပါပြီ။

အာဟာရဓာတ်၊ သန့်စင်တဲ့ သောက်သုံးရေ၊ နေစရာ အိုးအိမ် စတဲ့ အခက်အခဲတွေကပါ ထပ်ဆင့်လိုက်တော့ လက်ရှိ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ဖြေရှင်းမစွမ်းဖြစ်လာမှာ အသေအချာပါပဲ။ ဒါကြောင့်လည်း သံမဏိသက်တမ်းရှည် ချစ်ကြည်ရေးရထားတဲ့ အိမ်နီးချင်း အိန္ဒိယလိုနိုင်ငံကတောင် လက်ရှိ သူ့နိုင်ငံထဲမှာ ဘင်္ဂလားဒုက္ခသည် ရွှေ့ပြောင်းအလုပ်သမား (၁၅) သန်းကျော်နေပြီလို့ ထုတ်ပြောနေပါတယ်။ နောက်ထပ် ရာသီဥတုဖောက်ပြန်မှုကနေ ထပ်ပြီးထွက်လာမယ့် လူတွေကို လက်မခံနိုင်ဘူးလို့ ပွင့်ပွင့်လင်းလင်း သတိပေးလိုက်တဲ့သဘောပါ။ နယ်စပ်သံဆူးကြိုးတွေကို ဖြတ်ပြီး နောက်ထပ်ထွက်လာမယ့် ဘယ်သူတဦးတယောက်ကိုမှ ထပ်လက်မခံတော့တဲ့ လက္ခဏာလည်း ဆောင်နေပါတယ်။ ဒီအချက်တွေကတော့ ဘင်္ဂလားဒေ့ရှ်မျိုးချစ် ဗိုလ်မှူးကြီးဟောင်း မုနိရာဇမန်ရဲ့ ကိုယ်တိုင်သုံးသပ်ထားချက်တွေပါပဲ။

ပြည်တွင်း နိုင်ငံရေးမတည်ငြိမ်မှု စစ်ရေး၊ စီးပွားရေး၊ လူမှုရေးတွေတင်သာမက သဘာ၀၀န်းကျင် ပထ၀ီအနေအထားအရ သယံဇာတနဲ့ စွမ်းအင်ရင်းမြစ်ချို့တဲ့မှု စတဲ့ အကြောင်းအချက်ပေါင်းစုံကလည်း ဘင်္ဂလားဒေ့ရှ်ကို တခြားနိုင်ငံတွေ (အထူးသဖြင့် အိန္ဒိယ၊ မြန်မာ) တို့နဲ့ စစ်ဖြစ်ဖို့ အခြေအနေမပေးပါဘူး။ နိုင်ငံရေး၊ စီးပွားရေး သယံဇာတ လိုအပ်ချက် ဘက်ပေါင်းစုံကနေ မပြည့်စုံ ချူချာလွန်းလှတဲ့ ဘင်္ဂလားဒေ့ရှ်အတွက် နောင်မှာလည်း စစ်ရေးအရ မြန်မာနဲ့ယှဉ်ဖို့ သိပ်မလွယ်ကူကြောင်းကို မြန်မာနအဖစစ်အစိုးရ သိပါတယ်။ မြန်မာပြည် အနာဂတ်စစ်ရေး ပြင်ဆင်ချက်တွေထဲမှာ နယ်နိမိတ်ချင်းဆက်စပ် နိုင်ငံတွေအနက် ပြည်ပကျူးကျော်ရန်သူအဖြစ် သတ်မှတ်ထားခံရတာ ထိုင်းနိုင်ငံတခုပဲရှိတယ်လို့ နအဖက သူ့တပ်မတော် အရာရှိတွေကို ချပြထားပါတယ်။ စစ်ရေးအရ ဘင်္ဂလားဒေ့ရှ်ကို ထိုင်းနိုင်ငံလောက် နအဖတို့ အလေးထားမနေပါဘူး။ လက်ရှိ မြန်မာစစ်အစိုးရ နေရာချထားတဲ့ အမြောက်၊ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ အရလည်း ထိုင်း-မြန်မာ နယ်စပ် တလျှောက်မှာ ပိုပြီးနေရာချထားတာ အဲဒီအချက်ကြောင့်ပါပဲ။ တကယ်တော့ မြန်မာပြည်အရေးကိစ္စတွေမှာ ဘင်္ဂလားဒေ့ရှ် ပြဿနာဟာ အခုရော နောင်ရော ထည့်စဉ်းစားစရာမလိုတဲ့ အချက်တခုသာဖြစ်ကြောင်းပါ။ ။


No comments: