ဒေါက်တာ ဇာနည်
မြန်မာနိုင်ငံမှာ ဒီနှစ်ထဲလုပ်ဖို့ ကတိခံထားတဲ့ ရွေးကောက်ပွဲ ဆိုတာကြီးက ပြောစရာကြီးတခု ဖြစ်နေပါ ပကော။ စစ်အစိုးရနဲ့ အတိုက်အခံ နှစ်ဘက်လုံး အတွက် မရေမရာ ထွေတလာတွေ ရှိလှတဲ့ ဒီရွေးကောက်ပွဲ ဝင်ရေး လမ်းကြောင်းကြီးကို သမိုင်းအတိတ် မေ့ရောဂါလို့ပဲ နာမည်သစ် ပေးချင်လှပါရဲ့။ သမိုင်းအသိ ခေါင်းပါးလှသူတွေ အတွက်တော့ သမိုင်းဘီးကြီး ထပ်တလဲလဲ လည်တတ်တယ်ဆိုတဲ့ ဆိုရိုးဟောင်းပဲ ပြောနေရပါဦး မယ်။
စပြောရရင်တော့ လွန်ခဲ့တဲ့ ၇ နှစ်က ဒီပဲယင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေကို ချောင်းမြောင်း တိုက်ခိုက်လို့ မအောင်မြင်ခဲ့တဲ့ အာဏာရ နအဖ အစိုးရဟာ နိုင်ငံရေးနည်းနဲ့ NLD ကို အလဲထိုးဖို့ ကြံစည်နေခြင်း ပါပဲ။
စစ်အစိုးရလက်သုံး “ဒီမိုကရေစီ လမ်းပြမြေပုံ”မှာလဲ ပြည်တွင်း နိုင်ငံရေးဖိနှိပ်မှုဆိုတဲ့ လမ်းဟောင်းကြီးကနေ သွေဖီလို့ မရသေးပါဘူး။ နိုဝင်ဘာလထဲမှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ကနေ မြန်မာစစ်အစိုးရရဲ့ အဓမ္မဖမ်းဆီးချုပ်နှောင်မှု၊ စုံစမ်းလို့မရတဲ့ ဖမ်းဆီးပျောက်ဆုံးမှု၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်ခြင်း စတဲ့ ကျူးလွန်စော်ကားမှုတွေ၊ လူမဆန် ကြမ်းကြုတ်တဲ့ ညှဉ်းပန်းစစ်ဆေးမှု စတဲ့စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးစုံကို ပြစ်တင် ရှုတ်ချခဲ့ပါပြီ။
ဒီနှစ်ထဲ ကျင်းပမယ်ဆိုပြီး ကတိပေးထားတဲ့ ရွေးကောက်ပွဲတွေမလာခင် လပိုင်းအလိုမှာတောင် လိုအပ်ချက် တွေ တပုံတခေါင်းနဲ့ နိုင်ငံရေး၊ စီးပွားလူမှုရေးဆိုတာတွေမှာ ပြုပြင်ပြောင်းလဲရေးလုပ်မယ့် အရိပ်အယောင် စစ်စစ် ကို မမြင်ရသေးပါဘူး။ လမ်းပြမြေပုံအတိုင်း ဆက်လျှောက်လို့က ပြည်သူတွေ တောင့်တနေတဲ့ လစ်ဘရယ် အိပ်မက်တွေဝေးလို့ မြန်မာပြည်ကို “ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ” တည်ဆောက်ရေး ဆိုတဲ့ စစ်အစိုးရ ကိုယ်တိုင် ကြေညာထားတဲ့ ဦးတည်ချက်ကိုတောင် ရောက်ဖို့လမ်း မရှိပါ။
တကယ်တမ်း စစ်ဗိုလ်ချုပ်များရဲ့ အနှစ် ၅၀နီးပါး လက်ထက်တော်ကြီးအတွင်း စီးပွားရေး၊ လူမျိုးစုများအရေး နဲ့ နိုင်ငံရေး ခေါင်းဆောင်မှုအပိုင်းတွေမှာ ပေးထားတဲ့ ကတိတွေ ဘာတခုမှ ဖြစ်မလာဘဲ အတက်မရှိ ကျ သည်ချည်းမို့ ဆိုတာလို ဖွတ်သထက်ညစ်လာတာမို့ “ကျုပ်တို့ပြည်သူတွေ” ဘဝကတော့ သူတို့လက်ချက် လူဆင်းရဲစက်ထဲမှာ ထောင်းလမောင်းကို ကျေလို့နေပါပြီ။
ကျုပ်တို့ဖြတ်သန်းခဲ့ရတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ စစ်အာဏာရှင်ခေတ် ၂၆ နှစ်တုန်းကလည်း “တပါတီအာဏာရှင်ပုံစံ” ဖြစ်မသွားရအောင် ရေးဆွဲထားတာပါလို့ ဗိုလ်ချုပ်ကြီး ကိုယ်တိုင် အာမခံခဲ့တဲ့ ဆိုရှယ်လစ်အခြေခံဥပဒေကို ၁၉၇၃ က မဲဆန္ဒရှင် ၉၂ ရာခိုင်နှုန်းက တခဲနက် ထောက်ခံပါတယ်ဆိုတဲ့ ဆန္ဒခံယူပွဲအတုအယောင်ကြီးနဲ့ အတည်ပြုလိုက်ကြပါသေးတယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ဦးဆောင်မှုကို ခံယူပြီး“ဆိုရှယ်လစ်ဒီမိုကရေစီ” ရွေးကောက်ပွဲဆိုတာတွေ မှာလဲ ကျုပ်တို့ ဝင်မဲပေးခဲ့ကြရသေးပါသော်ကော။
ပြည်သူ့လွှတ်တော်ကြီး ခေါ်ယူလိုက်တဲ့အခါမှာတော့ တိုင်းရင်းသားစုံ လူမှုအလွှာစုံက လွှတ်တော် ကိုယ်စားလှယ်တွေဟာ ထထကြွကြွနဲ့ ဆွေးနွေးငြင်းခုံဖို့ဝေးစွ၊ ဦးနေဝင်း မိန့်ခွန်းပြောနေတုန်း “တပိုတပါး” ထသွားဖို့တောင် မဝံ့ကြတာ တွေ့ရတော့ ကျုပ်တို့ ပိုပြီး ဓာတ်ပျက်ကုန်တာပေါ့။
ခုတလော လွှတ်တော်ထဲမှာ “နေရာ”ကို ချဲ့ယူမယ်ဆိုတဲ့ မြန်မာ့ရေးရာ ပုရောဟိတ်များနဲ့ “လက်တွေ့အလုပ်ဖြစ်ရေး” ၀ါဒီ ရှေ့နေရှေ့ရပ်များရဲ့ အသံတွေကို ကြားတိုင်း လွှတ်တော်ခန်းမထဲမှာ စီတန်းထိုင်နေကြတဲ့ ပိုးလုံချည်ဝတ် အမတ်မင်းများ ဥက္ကဋ္ဌကြီး ဦးနေဝင်းက “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်”ရဲ့ ဂုဏ်ရည်တွေ အောင်မြင်မှုတွေကို မိန့်ခွန်းချွေနေတာကို စက်ရုပ်လို ခေါင်းတညိတ်ညိတ်နဲ့ တောင့်တောင့်ကြီး ထိုင်နားထောင်နေကြတာကိုပဲ မျက်စိထဲပေါ်လာပါတယ်။
၂၀၁၀အလွန်ခေတ်က ပြည်သူ့လွှတ်တော်မှာလဲ စစ်ဗိုလ်ချုပ်တွေလုပ်တဲ့ ရွေးကောက်ပွဲက တက်လာမယ့် ဒီမိုကရက် အမတ်တွေဟာ ဒီ “နေရာ”ထဲကရော အပြင်မှာပါ ပြည်သူတွေအတွက် ဘာမှ ဦးဆောင်တိုက်ပွဲ ဝင်မယ့်ပုံ မမြင်ပါဘူး။ ပန်းမွေ့ရာ ရွှေကော်ဇောမှာ ရောနှောလို့ထိုင်ဆိုတဲ့ လူစားတွေများပါလိမ့်မယ်။ နအဖရဲ့ “စည်းကမ်းပြည့်ဝသော” ဒီမိုကရေစီမှာ ဇတ်ဇတ်ကြဲ နိုင်ငံရေးသမားမျိုးတွေ မပါနိုင်အောင် ထောင်ထဲ ဆက်ထည့်ထားခြင်း၊ အကျယ်ချုပ်ချခြင်း သို့မဟုတ် ပြည်ပြေးဘဝရောက်အောင် လုပ်ခြင်း၊ ဝင်အရွေးမခံနိုင်အောင် တားမြစ်ခြင်း၊ အနိုင်ရခဲ့ရင်တောင် ဥပဒေကြောင်းအရ ပယ်ဖျက်ပစ်ခြင်းစတဲ့ ကူလီ ကူမာ နည်းမျိုးစုံနဲ့ ပေါင်းသင် ဖယ်ရှားပစ်ပါလိမ့်မယ်။
“အရပ်သားပုံစံ စစ်အစိုးရ” နဲ့ စစ်တပ်ကဖန်တီးတဲ့ “ဆိုရှယ်လစ် ဒီမိုကရေစီ” ဆိုတာတွေကို ဖြတ်သန်းခဲ့ရလို့များ ကျနော် စိတ်အနာတရ ဖြစ်နေ သလား။
ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ “ဆိုရှယ်လစ် ဒီမိုကရေစီ”ခေတ်ကြီးမှာ စစ်အစိုးရကို “အရပ်ဝတ်လဲခြင်း” နဲ့ အစိုးရယန္တရားကြီးကို စစ်ပုံစံသွင်းပစ်ခြင်းဆိုတာတွေ ကျနော်တို့ တွေ့မြင်လာခဲ့ရတာပါ။
ဒါ ဘာလဲဆိုတော့ တတိုင်းပြည်လုံးကို အုပ်စီးထားမဟဲ့ဆိုတဲ့ ဧရာမ ရည်မှန်းချက်ကြီးနဲ့ အစိုးရ ရုံးတွေမှာ ထောင်နဲ့ချီတဲ့ စစ်ဗိုလ်ဟောင်းတွေနဲ့ ထမ်းဆောင်ဆဲ စစ်အရာရှိတွေကို ဆွဲခန့်ပစ်တာကို ဆိုလိုတာပါ။ ဒီလူအများစုဟာ အစိုးရရုံး လုပ်ထုံးဆောင်တာကို အပါးမဝတဲ့အပြင် စီမံခန့်ခွဲနိုင်တဲ့ အစွမ်းအစ၊ စိတ်နေသဘောထားတွေနဲ့လည်း မပြည့်ဝကြပါဘူး။
ကချော်ကချွတ်နဲ့ လည်ပတ်လာခဲ့တဲ့ စစ်အစိုးရယန္တရားဟာ မဆလတပါတီစံနစ် ပြိုလဲပြီးသွားတာတောင် ဆက် သက်ဆိုးရှည်နေတုန်းပါ။ ဘာအပြောင်းအလဲပဲ လုပ်လုပ်၊ အမြင်မှန်တဲ့နိုင်ငံရေးခေါင်းဆောင်ပိုင်းရယ် သူတို့ ညွှန်ကြားသမျှ စွမ်းဆောင်နိုင်တဲ့ စံချိန်မီ အစိုးရယန္တရားရယ် ရှိထားမှ အောင်မြင်ပါလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” စနစ်မှာ ခေတ်မီ ဒီမိုကရေစီနိုင်ငံသစ် ပေါ်ထွန်း တည်တံ့နိုင်အောင် ဒါမှမဟုတ် စီးပွားရေးဖွံ့ဖြိုးလာအောင် စစ်နိုင်ငံတော်ကြီးကို ဘယ်ပုံဘယ်နည်း အသွင် ပြောင်း ပစ်မယ်ဆိုတဲ့ အစီအစဉ်တခုတလေများ ပါမလား မျှော်မိပါတယ်၊ ခုထိတော့ ဘာအစအနမှ မမြင်ရ သေးပါ။
အခုတော့လည်း အမေရိကန်နဲ့ ဗြိတိန်တို့က လမ်းပြမြေပုံရဲ့ နောက်ဆုံးအဆင့် ရွေးကောက်ပွဲဟာ “လွတ်လပ် မျှတပြီး အားလုံးပါဝင်နိုင်တယ်” ဆိုရင် “နေပြည်တော်”က စည်းချက်နဲ့အညီ ကလိုကြောင်း လူသိရှင်ကြား ပြောလာပါပြီ။ စစ်အစိုးရကတော့ ဒီမိုကရေစီခရီးကို ပဲ့ကိုင်မယ်ဆိုပြီး “ကလိမ်ကကျစ်”ကျဦးမှာကတော့ မပြောမရှိကြပါနဲ့။
အမေရိကန်အစိုးရရဲ့ မြန်မာပြည် ပြုပြင်ပြောင်းလဲရေး စီမံချက်မှာတော့ “ပွင့်လင်းပြီး တရားမျှတတဲ့ နိုင်ငံရေး အင်အားစုအားလုံး ယှဉ်ပြိုင်ခွင့်ရှိတဲ့” ရွေးကောက်ပွဲတွေ ဖြစ်ပေါ်လာရင် လူမှုဖွံ့ဖြိုးရေးအကူအညီတွေ ဒေါ်လာတွေ များများကြီးပေးမယ်၊ မြန်မာပြည် စစ်အစိုးရ ကို “တကိုယ်တော်” ဂူအောင်း ဘဝကနေ လွတ်မြောက်စေမယ် စသဖြင့် ပိတ်ဆို့မှုတွေ လျော့ကျသွားပြီး တရုတ်ရဲ့သြဇာကို မဲတင်းပေးတဲ့ တွန်းအား ပေးချက်တွေ ပါပါတယ်။ သို့သော် အရန်စီမံချက်တော့ ရှိပုံမပေါ်ပါ။
၂၀၁၀ ရွေးကောက်ပွဲတွေမှာ “မျှတတာတွေ သန့်ရှင်းတာတွေ အကုန်လုံး ဝင်ပြိုင်တာတွေ” ဘာမှဖြစ်မလာ ဘူးဆို အတိုက်အခံအင်အားစုတွေကို ထောက်ခံပေးနေတဲ့ အနောက်နိုင်ငံတွေ ဘယ့်နှယ်လုပ်ပ။
ရွေးကောက်ပွဲသံတွေ ညံလာချိန်မတော့ အရင်ရွေးကောက်ပွဲမှာ နိုင်တုန်းက ဒီဗိုလ်ချုပ်ကြီးတွေ လျစ်လျူရှု တာပဲ ခံထားရဘူးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် တက်ရပိမ့်လော ဆုတ်ပိမ့်လောဆိုတဲ့ ဆုံးဖြတ်ရခက်တဲ့ အနေအထား ရောက်နေပါတယ်။ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ ဒါမှ မဟုတ် သူတို့လက်ခွဲပါတီတွေပဲ ဝင်ပြိုင်စေကာမူ နေရာအတော်များများမှာ ဝင်ပြိုင်လို့မရအောင်ကို ဗိုလ်ချုပ်ကြီးများက စီရင်ပြီးသားပါ။ ပြည်လုံးကျွတ် နောက်တခါ ထပ်နိုင်ဖို့ ဆိုတာကတော့ ဝေးလှပါတယ်။
ဗမာပြည်အရေး တိုးတက်စရာရှိဦးမလားဆိုပြီး ဒီမိုကရေစီစော်မနံတဲ့ အခြေခံဥပဒေကြီး နံဘေးချိတ်၊ အဓိက ထောက်ခံမှုရထားတဲ့ အတိုက်အခံပါတီနဲ့ ခေါင်းဆောင်ကိုပဲ ဝိုင်းမှုမနေဘဲ ဘေးဘီကြည့်ကြပါဦးစို့ရဲ့။
ဒီမိုကရေစီလမ်းကြောင်းကို ကူးပြောင်းဖို့အရေး စစ်အစိုးရဘက်က တခြားဘာများ မယ်မယ်ရရပြင်ဆင် ထားပြီးတုန်း ကြည့်မိပါတယ်။
နမူနာပြောရရင် စာနယ်ဇင်းနဲ့ တခြားမီဒီယာတွေမှာ အင်တာနက်မှာ ချုပ်ချယ်ဖြတ်တောက်မှုတွေကို စလွှတ်ပေး နေပြီလား။ အစိုးရမူဝါဒနဲ့ ဦးဆောင်မှုဘက်မှာ ယိုယွင်းကျဆုံးနေတာတွေကို လူထုကြားချ ဝေဖန်ခွင့်တွေ ရနေပြီ လား။ တည်ဆဲပါတီတွေ ပြန်လည်စည်းရုံးခွင့် ပြည့်ပြည့်ဝဝ ရကြပြီလား။ လူမျိုးစုအတိုက်အခံတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ် ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းတဲ့အသံတွေ ထွက်လာပြီလား။ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေအားလုံး မဲဆွယ်ထွက်ဖို့ နိုင်ငံပိုင် ပစ္စည်းတွေကို တန်းတူညီတူသုံးခွင့်၊ အစိုးရပိုင် သတင်းဌာနတွေမှာ သာတူညီမျှ ပြောရေးဆိုခွင့်တွေ ရကြပြီလား။ ကဲ နောက်ဆုံး မြန်မာပြည်သူတွေကို မဲပေးခွင့်နဲ့ ပတ်သက်ပြီး ပညာပေးနှိုးဆော်မှုတွေ ရှိလာပြီလား။ ပြီးတော့ ဒီမိုကရေစီတိုင်းပြည် ဖြစ်ခါနီးမှာ လူတွေ အခြေခံနိုင်ငံသားအခွင့် အရေး ဘာတွေများ ရနေကြပြီလဲဆိုတာ တွေ့မိကြပါရဲ့လား။
ပြောကြစို့ဆိုရင် ဒီမိုကရေစီ နိုင်ငံဖြစ်လာဖို့ဆိုတာ ရွေးကောက်ပွဲလေးလုပ်၊ အခြေခံဥပဒေအတည်ပြု၊ ပါလီမန် တနှစ် နှစ်ခါလောက် ခေါ်တာနဲ့ မပြီး၊ အဆင့်တွေ အများကြီး ရှိပါသေးတယ်။ နိုင်ငံသားတွေ လူ့အဖွဲ့အစည်းတွေ အတွက် လူမှု ယဉ်ကျေးမှု အရေးအခွင့်တွေ ကာကွယ်စောင့်ရှောက်မယ့် နိုင်ငံရေး စီးပွားရေး လွတ်လပ်ခွင့်တွေ ပေးမယ့် တရားလမ်းကျ တင်မြှောက်ထားတဲ့ အစိုးရဆိုတာတွေ ခိုင်ခိုင်မာမာ မရှိဘဲနဲ့ ဒီမိုကရေစီဆိုင်းဘုတ် ကောက်တင်လို့ မရသေးပါဘူး။
ဒီမိုကရေစီဇာတ်သွင်းတယ်ဆိုတာ လူမှုရေးပိုင်းကကြည့်ရင် အာဏာပိုင် လူ့မလိုင်များက ကမကထပြုပြီး လူများ စု ကြီးရဲ့ယဉ်ကျေးမှုစံနှုန်းတွေ၊ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံဆက်ဆံရေး၊ လူမှုထုံးတမ်း အရိုးအစဉ်လာ ယုံကြည်မှုနဲ့ သဘောထားတွေ စတာတွေကို တိုးတက်ပွင့်လင်းလာအောင် ဦးဆောင် ပညာပေး လှုပ်ရှားမှုပါပဲ။ ဒီလိုမှပဲ မြန်မာပြည်လို ရှေးရိုးစွဲ ပဒေသရာဇ်တပိုင်း ယဉ်ကျေးမှုထွန်းကားရာ လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီမျိုးစေ့ အမြစ် တွယ်ပြီး ရှင်သန်ကြီးထွားလာနိုင်မှာပါ။
ဒါပေသိ “ နေပြည်တော်က မင်းဘုရားများ ”ဟာ အာဏာတွေ ဘဏ္ဍာတွေ အခွင့်ထူး အရာထူးတွေနဲ့ မိန့်မိန့်ကြီး နေသားကျ ဖြစ်နေရုံမက လူထုကို ဖိနှိပ် ချုပ်ကိုင် အာဏာပြရမှာလည်းကောင်း၊ တိုင်းပြည်ကြီး တခုလုံးနဲ့ ငွေရ ပေါက် ဟူသမျှကို ကျားနာခဲ ခဲရာမှာလည်းကောင်း ဧတဒဂ်ရနေကြတာဟာဖြင့် လူထုကြီးအတွက် အလွန်ကံဆိုး တယ် ပြောရပါမယ်။ ဒီလိုပုံနဲ့တော့ သိကြားမင်းကြီး နားကင်းနဲ့ဆင်း ရင်ကြားစေ့ပြီး ရွှေလမ်းငွေလမ်းတွေ ဖွင့်ဖွင့်၊ ပေယျာလကန်လုပ်ပြီး ဒီထက်ပိုပိတ်တာ ဆို့တာတွေပဲ ထပ်လုပ်လုပ် ဒီမောင်တွေဟာ အပြောင်းအလဲကို ရှေ့ဆောင်မယ့်ပုံမပေါက်လှပါဘူး။
တိုင်းရင်းသား လူမျိုးစုတွေ၊ ဘာသာရေးဥသျှောင်တွေနဲ့ အသင်းအပင်းတွေ၊ အသက်မွေးဝမ်းကျောင်းပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ ပညာရေးလောကသားတွေ၊ အနုပညာသည်နဲ့ ပညာတတ်တွေ၊ နိုးကြားတဲ့ စစ်အရာရှိအုပ်စု ကလေးတွေ၊ နောက်ပြီး ရွက်ပုန်းသီး အစုလေးတွေ စတဲ့ ပြည်သူတွေကိုယ်နှိုက်ကိုပဲ သမိုင်းအသစ်ဖွင့်မယ့် ဇာတ်ဆောင်တွေအဖြစ် ရှုမြင် အားပေးကြရပါမယ်။
အနောက်အုပ်စုက ဗိုလ်ချုပ်တွေနဲ့ နှစ်ပါးသွားဖို့ ကြိုးစားတာကို ကြိုဆိုနေရတဲ့ အချိန်မှာ အပြောင်းအလဲ စစ်စစ် ကတော့ မြန်မာပြည်သူတွေနဲ့ လူ့အဖွဲ့အစည်းကိုယ်တိုင်က ပြောင်းယူမှ ရမှာပါပဲ။
မြန်မာပြည်ရဲ့ သမာသမတ်မကျတဲ့ ရွေးကောက်ပွဲ ရာဇဝင်ရယ်၊ အာဏာရ စစ်အုပ်စု အသိုင်းအဝိုင်းတွေရဲ့ အလွန် လစ်ဘရယ်မကျတဲ့ သဘောသရုပ်နဲ့ မှန်းရခက်တဲ့ ကစားကွက်တွေရယ်ကြောင့် (ဥပမာ- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဘာမှမသိရတဲ့ တွေ့ဆုံမှုတွေပေါ့) နိုင်ငံရေးပဏ္ဍိတ်တွေအဖို့တော့ ရွေးကောက်ပွဲဝင်ဖို့ ဆွယ်တဲ့ ရွှေကြိုတွေရဲ့ သမိုင်းယုတ္တိမဲ့ပြီး အနှစ်မဲ့တဲ့ လမ်းကြောင်းတွေကို နားကြားပြင်းကတ်လှပါတယ်။
မြန်မာပြည်မှာ တကယ်တမ်း အပြောင်းအလဲဆိုတာတွေ ဖြစ်လာခဲ့ရင်တော့ လက်သည်က ဗိုလ်ချုပ်ကြီးများရဲ့ ရွေးကောက်ပွဲဆိုတာတွေ မဟုတ်တာက ကျိန်းသေလှပါသဗျား။
Beware of the Generals’ Election By Dr Zarni ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
No comments:
Post a Comment