မင်းဇင်
သံဃာတော်များ ဦးဆောင်သည့် “ရွှေဝါရောင် တော်လှန်ရေး” အပြီး မြန်မာ စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းမှုများဖြင့် ချက်ချင်း တုံ့ပြန် အရေးယူ ပြီးသည့် နောက်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာ ပြေလည်စေရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံက ပို၍ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက် လာခဲ့သည်။
ထိုအတောအတွင်း တရုတ်နိုင်ငံက မြန်မာစစ်အစိုးရအပေါ် ထားရှိသည့် မူဝါဒနှင့် ပတ်သက်၍ အယူအဆတရပ် အုပ်ဆိုင်း အားကောင်းလာခဲ့သည်။ ထိုအယူအဆက မြန်မာစစ်ဗိုလ်ချုပ်များအပေါ်တွင် တရုတ်နိုင်ငံအနေဖြင့် အကန့်အသတ်ဖြင့်သာ သြဇာလွှမ်းမိုးနိုင်စွမ်းရှိသည်၊ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများနှင့် အနောက်နိုင်ငံများရှိ မြန်မာ့အရေး ထောက်ခံ သူများကလည်း မြန်မာစစ်ဗိုလ်ချုပ်များအပေါ် တရုတ်နိုင်ငံက သြဇာညောင်းနိုင်မှုအပေါ် ပို၍ တွက်ဆထားခဲ့ကြသည် ဟု ဆိုသည်။
ထိုသို့ယူဆချက်မှာ လုံးဝ မှားယွင်းသည်။ ကံအကြောင်း မသင့်လျှင် တရုတ်နိုင်ငံ၏ ၀ါဒဖြန့်ချိရေး အယူအဆပင် ဖြစ်နိုင်သေးသည်။ သေချာသည်မှာ တရုတ်နိုင်ငံက တခြားနိုင်ငံများထက်စာလျှင် မြန်မာ စစ်ဗိုလ်ချုပ်များအပေါ် ပို၍ အာဏာရှိ၊ သြဇာလွှမ်းမိုးနိုင်သည်မှာ အသေအချာပင် ဖြစ်သည်။ သို့သော်လည်း မေးခွန်းထုတ်စရာ ရှိသည်မှာ တရုတ် ကွန်မြူနစ် အစိုးရက မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာစေရေးအတွက် သူတို့၏ လုပ်ပိုင်ခွင့် အစွမ်းကိုသုံး၊ မသုံး ဆိုသည့် အချက် ဖြစ်သည်။ သို့ဆိုခြင်းအားဖြင့် တရုတ်နိုင်ငံက နောက်ကွယ်က ကြိုးဆွဲနေသည့် ရုပ်သေးဆရာ၊ လွဲမှားနေသည့် အထီးကျန် မြန်မာစစ်အစိုးရက ရုပ်သေးဟု ဆိုလိုခြင်း မဟုတ်ပါ။
တရုတ်နိုင်ငံက မဟာဗျူဟာအရ မြန်မာနိုင်ငံအပေါ် သိသိသာသာ သြဇာ လွှမ်းမိုးလာနေကြောင်းကို မြန်မာစစ်ဗိုလ်ချုပ်များ က ကောင်းကောင်းသိနေကြပါသည်။ သို့အတွက်ကြောင့် ၁၉၉၀ ခုနှစ် အလယ်ပိုင်းမှစ၍ တရုတ်နိုင်ငံအပေါ် လုံးဝ မှီခို အားထားရမှုကို လျှော့ချနိုင်စေရေး၊ တခြားသော အင်အားစုများကို အားကိုးအားထား ရှာနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။
စစ်အစိုးရက တရုတ်နိုင်ငံအပေါ် စစ်ရေးအရ၊ စီးပွားရေးအရ အလွန်အကျွံ မှီခိုအားထားရမှု မဖြစ်ရလေအောင် စီမံ လာခဲ့ ကြသည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ နိုင်ငံရေးနှင့် သံတမန်ရေး ထီးမိုး အကာအကွယ်ပေးမှုကတော့ မြန်မာ စစ်အစိုးရ ၏ ဆက်လက် ရပ်တည်ရှင်သန်ရေးအတွက် အရေးပါနေဆဲ ဖြစ်သည်။ ထိုမျှမက တရုတ်နိုင်ငံ အနောက်တောင်ဘက် ဒေသများနှင့် နယ်စပ်ချင်းထိစပ်နေသည့် ဒေသများရှိ အပစ်အခတ်ရပ်ထားသည့် တိုင်းရင်းသား အဖွဲ့များ အပေါ်တွင် လည်း တရုတ်နိုင်ငံက သြဇာလွှမ်းနေနိုင်ဆဲ ဖြစ်သကဲ့သို့ ဤကိစ္စအတွက်ကြောင့်လည်း နှစ်နိုင်ငံအကြား ဆက်ဆံရေးတွင် ရှုပ်ထွေး နေကြရဆဲ ဖြစ်သည်။
အကယ်၍ ဘေဂျင်းအစိုးရက မြန်မာစစ်အစိုးရ၏ တိုင်းရင်းသား အုပ်စုများကို ကိုင်တွယ်သည့်အရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရေး မူကို မကျင့်သုံးပါက စစ်အစိုးရ၏ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများ၌ အကြီးအကျယ် အခက်အခဲ ကြုံကြရဖွယ် ရှိသည်။ သို့အတွက်ကြောင့် (စစ်အစိုးရက တခြားကိစ္စများ မည်သို့ပင် စိတ်ကူးဆောင်ရွက် နေသည်ဖြစ်စေ) ရွေးချယ်စရာ တခြားလမ်းမရှိပေ။ တရုတ်ကိုသာ နိုင်ငံရေးနှင့် သံတမန်ရေး အကာအကွယ်အတွက်၊ ပူးပေါင်း ဆောင်ရွက်မှုအတွက် မှီခိုအားထားရလိမ့်မည်သာ ဖြစ်သည်။ တနည်းဆိုရသော် မြန်မာနိုင်ငံက တရုတ်နိုင်ငံ အပေါ် မှီခိုအားထားနေရသည့် အနေအထားသည် ဘ၀ပေး အခြေအနေအလား ဖြစ်နေသည်။ စစ်အစိုးရက အမျိုး သားရေး ၀ါဒကြောင့်ဖြစ်စေ၊ တရုတ်အပေါ် ကြောက်ရွံ့စိုးရိမ်မှုကြောင့်ဖြစ်စေ မည်သို့ပင် ဆောင်ရွက်နေနေ၊ စစ်အစိုးရ၏ တည်မြဲရပ်တည်ရေး အတွက်ဆိုလျှင် တရုတ်နိုင်ငံသာ အားထားရာ ဖြစ်နေသည်။
သို့အတွက်ကြောင့် တရုတ်နိုင်ငံက သြဇာလွှမ်းနိုင်သည့် အားသာချက် ရှိနေသည်။ စစ်အစိုးရကို မြှူဆွယ်နိုင်မည့် မက်လုံး သာမက၊ စစ်အစိုးရကို ထိခိုက်နစ်နာစေနိုင်သော ကြိမ်လုံးလည်း လက်ဝယ်ရှိနေသည်။ သို့သော်လည်း တရုတ်နိုင်ငံက ဗိုလ်ချုပ်ကြီးများကို ပြုပြင်ပြောင်းလဲမှုများ ပြုလာစေရေးအတွက် ဆုံးမရန် ကြိမ်မသုံးခဲ့သည်မှာ အကြောင်း ၂ ခု ရှိနေ သည်။ ပထမအချက်မှာ တရုတ်နိုင်ငံက သူ၏ အနောက်တောင်ဘက်ကျောတွင် အနောက်နိုင်ငံများပုံစံ ဒီမိုကရေစီ နိုင်ငံများ အဖြစ် ပြောင်းလဲလာမည်ကို မလိုလားနိုင်ခြင်းကြောင့်ဖြစ်ပြီး ဒုတိယတချက်မှာ ဘေဂျင်းအစိုးရကို အိမ်နီးချင်း နိုင်ငံများက “အန္တရာယ်တရပ်” အဖြစ် မမြင်စေလိုခြင်းကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံတွင် စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် တရုတ်နိုင်ငံက မြင်လိုသော်လည်း၊ တရုတ်နိုင်ငံ က မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားနေကြသည့် အဖွဲ့များနှင့် တိုက်တွန်းပြောဆိုနေကြ သူများအပေါ် လုံးလုံး မရှုစိမ့်နိုင်ပါ။ အကွဲအပြဲများလှသော နိုင်ငံတခုတွင် တည်ငြိမ်မှု ထိန်းထားနိုင်မည့်အရေး အတိုက်အခံ အင်အားစု များ၏ စွမ်းဆောင်ရည် အပေါ်တွင် တရုတ်က ယုံကြည်မှုမရှိလှပါ။ ပို၍အရေးကြီးသည့် အချက်မှာ အထီးကျန် နာမည်ဆိုး နေသည့် စစ်အစိုးရအပေါ် ထောက်ခံမှုပေးနေခြင်းဖြင့် သူတို့က စီးပွားရေးအကျိုးအမြတ်ကို ပြိုင်ဖက်မရှိ မြိုးမြိုးမြက်မြက် လည်း ခံစားနေနိုင်သေးသည်။
သူ၏ သြဇာလွှမ်းနိုင်မှုကို မသုံးသည့် ဒုတိယအချက်မှာ တရုတ်နိုင်ငံ၏ ပထ၀ီနိုင်ငံရေး မဟာဗျူဟာနှင့်လည်း သက်ဆိုင် ပြီး အမေရိကန်က သူတို့အပေါ် ချမှတ်ကျင့်သုံးနေသည့် ၀ိုင်းပတ်ရေးမူဝါဒကို ချေဖျက်နိုင်ရန်လည်း ရည်ရွယ်ထားခြင်း ဖြစ် သည်။ အိမ်နီးချင်း နိုင်ငံငယ်များ၊ တခြား အင်အားကြီးနိုင်ငံများနှင့် ခိုင်မာတည်မြဲသော အလုပ်ဖြစ်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားခြင်းဖြင့် အမေရိကန်နိုင်ငံကို ခရီးမပေါက်နိုင်အောင် ဟန့်တားထားနိုင်မည် ဖြစ်သည်။
တရုတ်နိုင်ငံက ၁၉၉၀ ခုနှစ်များတွင် ၎င်း၏ စီးပွားရေးနှင့် စစ်ရေး ခေတ်မီစေရန် အစီအစဉ်များ ချမှတ်ဆောင်ရွက်နေဆဲ ကာလ၌ တခြားသူများ၊ အထူးသဖြင့် အရှေ့တောင်အာရှ အသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများက ၎င်းအပေါ် အထူး ခြိမ်းခြောက်မှု အန္တရာယ်တခုအဖြစ် မမြင်စေရန် သတိထားကြိုးပမ်းခဲ့သည်။ အန္တရာယ်ခြိမ်းခြောက်မှုတခုအဖြစ် စိုးရိမ် သောကြောင့် ကြိုကန်မည့်အနေအထားကို တရုတ်က မလိုလားပေ။
တရုတ်နိုင်ငံက မြန်မာနိုင်ငံအရေးတွင် ၁၉၆၀ ခုနှစ်များ၊ ၁၉၇၀ ခုနှစ်များက မြန်မာ ကွန်မြူနစ်သူပုန်များကို ကျောထောက် နောက်ခံပေး ရပ်တည်ခဲ့သည့်အတိုင်း ၁၉၉၀ ခုနှစ်များအတွင်း ၀င်ရောက်စွက်ဖက်ခဲ့ပါလျှင် အာဆီယံအဖွဲ့ အတွင်း အကြီး အကျယ် စိုးရိမ်ပူပန်လာကြလိမ့်မည် ဖြစ်သည်။ တရုတ်နိုင်ငံကိုလည်း ဗိုလ်ကျစိုးမိုးလိုသည့် နိုင်ငံတခုအဖြစ် မြင်လာ ကြမည်မှာ မလွဲပေ။
တောင်တရုတ် ပင်လယ်အတွင်း တရုတ်နိုင်ငံနှင့် တချို့သော အာဆီယံနိုင်ငံများအကြား နယ်မြေနှင့် သဘာဝ ရင်းမြစ် ဆိုင်ရာ အငြင်းပွားမှုများလည်း ဖြစ်ပေါ်နေရာ ဤသို့ စိုးရိမ်ပူပန်မှုများကို ပို၍ လှုံ့ဆော်ပေးသည့်နှယ် ရှိတော့မည်။ တရုတ်နိုင်ငံ ခေါင်းဆောင်များက တိန့်ရှောင်ဖိန်၏ လျှို့ဝှက်သေသပ်လှသည့် လမ်းညွှန်အတိုင်း လိုက်နာကျင့်သုံးရန် ဆုံးဖြတ်ခဲ့ကြသည်။
“သင့်ခွန်အားကို ၀ှက်ထားပါ၊ အချိန်ကို စောင့်စားပါ၊ သို့သော်လည်း တခုခု ရနိုင်အောင် လုပ်ပါ” ဟူသည့်နည်းနာအတိုင်း ကျင့်သုံးခဲ့ကြသည်။ တရုတ်နိုင်ငံက အခွင့်အလမ်းကို မျှော်ကြည့်သော နိုင်ငံခြားရေးမူဝါဒကို ချမှတ်ကျင့်သုံးခဲ့ပြီး တရုတ်နိုင်ငံနှင့် မိတ်ဆွေဖြစ်နိုင်သမျှ အစိုးရအားလုံးကို ထိန်းသိမ်းဆက်ဆံခဲ့ကြသည်။ တရုတ်နိုင်ငံ၏ လုံခြုံရေးနှင့် အကျိုး စီးပွားကို သယ်ပိုးပေးနိုင်မည့် အစိုးရဟူသမျှကို ဆက်ဆံရေး ကောင်းမွန်အောင် ထိန်းထားခဲ့ကြသည်။ ထိုအစိုးရများ ပြုပြင်ပြောင်းလဲရေး လိုလားသည်၊ မလိုလားသည် ဆိုသည်က ၎င်းတို့၏ အမှုကိစ္စ မဟုတ်ပေ။
သို့သော်လည်း မိမိအကျိုးကိုသာ ကြည့်သည့် လက်တွေ့ဝါဒက ဆက်လက်ထိန်းသိမ်း ကျင့်သုံးရန် အလားအလာ ပို၍ ပို၍ နည်းလာနေသည်။ အကြောင်း ၂ ချက်ကြောင့် ဖြစ်သည်။ ပထမအချက်မှာ မြန်မာပြည်တွင်း နိုင်ငံရေးအာဏာ ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်ပေါ်လာလျှင် စစ်အစိုးရအတွက် နစ်နာဆုံးရှုံးရနိုင်သည့် အခြေအနေ ရှိနေပြီး တရုတ်နိုင်ငံက ရှေ့တိုး နောက်ဆုတ်ရ ခက်သည့် အကျဉ်းအကျပ် ကြုံနေရသည်။ ဥပမာပြရလျှင် ၁၉၉၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲတွင် အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနိုင်ရရှိသည့်အခါ ဘေဂျင်းအစိုးရအဖို့ မည်သို့ မူဝါဒချရမည်ကို မသိနိုင်ဘဲ တွေဝေနေခဲ့ဖူးသည်။
၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားစဉ်ကလည်း တရုတ်နိုင်ငံအဖို့ ကသိကအောင့် အနေ အထား ကြုံခဲ့ရသည်။ တရုတ်နိုင်ငံက “မြန်မာနိုင်ငံ၏ မူရှာရက်ဖ်” ပါကစ္စတန် စစ်အာဏာသိမ်းခေါင်းဆောင် ဟု မြင်နေ ကြသည့် ယခင်ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် ၂၀၀၄ ခုနှစ်တွင် ဖြုတ်ချဖယ်ရှားခံရသည့် အခါတွင်လည်း စစ်အစိုးရ၏ အာဏာအဆောက်အအုံအပေါ် သူတို့ သြဇာ တစုံတရာ လက်လွှတ်ရတော့မည်ဟု မြင်ခဲ့ကြသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆက်လက် ကျင့်သုံးသည့် အမြတ်ထုတ် လူလည်ကျလှသော နိုင်ငံခြားရေး မူဝါဒကြောင့်လည်း ၎င်းတို့ တိုး၍ စိတ်ပျက်ခဲ့ ကြရပြန်သည်။
ဗိုလ်ချုပ်ခင်ညွန့် ကျဆုံးခန်းနှင့် မရှေးမနှောင်းမှာပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အိန္ဒိယသို့ သွားရောက်လည်ပတ်၍ အိန္ဒိယက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းချက်ကို ထောက်ခံသဘောတူကြောင်း ပြသခဲ့သည်။ နောက်ပိုင်း ဤရပ်တည်ချက်အပေါ် သူက ပြန်၍ ဆုတ်လာခဲ့ပြန်သည်။ စစ်အစိုးရ၏ ထိပ်သီးခေါင်းဆောင်ကြီးက ရုရှားနှင့် မြောက်ကိုရီးယားသို့ လှမ်းမီရန်လည်း လက်ကမ်းခဲ့ပြန်ပြီး ဤအပြုအမူများက တရုတ်နိုင်ငံအတွက် စိတ်မသက်မသာ ဖြစ်စေခဲ့ရသည်။ ဤကိစ္စများ၏ အမြင့်ဆုံး လုပ်ရပ်အဖြစ် မကြာသေးမီက တရုတ်နိုင်ငံမှ လျှော့ဈေးဖြင့် J-10 နှင့် FC-1 တိုက်လေယာဉ်များ ရောင်းချပေးမည်ဟု ကမ်းလှမ်းနေလျက်ကပင် မြန်မာစစ်အစိုးရက ရုရှားနိုင်ငံမှ MiG - 29 ဂျက် တိုက်လေယာဉ် တအုပ်ကို ၀ယ်ယူခဲ့ပြန်သည်။
ဘေဂျင်းရှိ ကွန်မြူနစ် ဗျူရိုကရက်များက “ရွှေဝါရောင်တော်လှန်ရေး” အတွင်း ထိခိုက်နစ်နာရမှုများကို မသိကျိုးကျွံပြု၍ နေ နိုင်သော်လည်း ၎င်းတို့နှင့် နယ်စပ်ချင်း ကပ်လျှက်ရှိ အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသားအဖွဲ့များကို မြန်မာစစ်တပ်က တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာရသည့် အကျိုးဆက်များကိုတော့ လျှော့တွက်၍ မနေနိုင်ကြပါ။ များမကြာမီက မြန်မာစစ် တပ်များက 'ဟန်' မျိုးနွယ်ဝင်ဖြစ်သည့် ကိုးကန့်လူမျိုးစုများနေထိုင်ရာ ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင် ဒုက္ခသည် အမြောက်အမြား တရုတ်နိုင်ငံတွင်းသို့ ပြေးဝင်ခိုလှုံမှုများလည်း ကြုံတွေ့ခဲ့ကြရသည်။
အမှန်ဆိုရလျှင် မြန်မာနိုင်ငံတွင် "ဘော်လကန်ဒေသကဲ့သို့ ကွဲပြဲထွက်သွားမည့် အခြေအနေကို အရင်းခံကျကျ မဖြေရှင်းဘဲ ထိန်းရုံထိန်းထားသည့် မူဝါဒ" ကြောင့် ဒေသအလိုက် မြန်မာစစ်တပ်နှင့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား တချို့ နေရာများတွင် တိုက်ပွဲငယ်များလည်း ပြန်ဖြစ်လာရန် အလားအလာ ရှိနေသည်။ ဝ နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အခြေပြုရာ တရုတ် - မြန်မာနယ်စပ်တွင် အထူး မတည်မငြိမ် ရှိနေသည့် အလျှောက် တရုတ်နိုင်ငံအဖို့ ၎င်း၏ အနောက်တောင်နယ်စပ်တွင် မတည်ငြိမ်မှုများ တိုး၍ ကြုံတွေ့ရရန် အကြောင်းရှိနေပြီး စီးပွားရေးနှင့် မဟာဗျူဟာမြောက် အကျိုးစီးပွားများလည်း သိသိသာသာ ပျက်စီးနစ်နာရဖွယ် ရှိနေသည်။
စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲများ ကျင်းပမည်ဟု သတ်မှတ်ကြေညာခဲ့သည့် အချိန် ဤသို့ လက်လွှတ် ဆုံးရှုံးရမည့်အရေးက ပို၍ ထင်ရှားလာသလို၊ ပို၍ အလျှင်စလို ဖြစ်လာနေသည်။ ထို့အပြင် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း မြန်မာ့တပ်မတော်အောက် နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်း ကြရေးအတွက် နောက်ဆုံးရက်ကို သတ်မှတ်ပေးထားပြန်သည်။
မြန်မာစစ်အစိုးရက ဒီမိုကရေစီ အတိုက်အခံများနှင့် တိုင်းရင်းသား အင်အားစုများအပေါ် ဖိနှိပ်ဗိုလ်ကျသည့် ဆက်ဆံရေး ဆက်လက် ကျင့်သုံးနေသည့် အတွက်ကြောင့်လည်း နိုင်ငံတကာ မျက်နှာစာတွင် မြန်မာစစ်အစိုးရကို ထောက်ခံ ပံ့ပိုး နေသည့် တရုတ်နိုင်ငံအပေါ် ဖိအားများ ကျလာရသည်။ မြန်မာနိုင်ငံအပေါ် အကျိုးစီးပွားကို ကြည့်၍ ဆက်ဆံနေသည့် တရုတ်နိုင်ငံခြားရေးမူဝါဒကို နိုင်ငံတကာ စင်မြင့်တွင် စိန်ခေါ်မေးခွန်းထုတ်မှုများ ကြုံတွေ့လာကြရသည်။
ဤသည်မှာ ယခုကျင့်သုံးနေသည့် မူဝါဒကို ဆက်လက်ထိန်းသိမ်းထားရန် မဖြစ်နိုင်တော့ကြောင်း တိုး၍ပြသနေသည့် ဒုတိယ အချက်တခုပင် ဖြစ်သည်။ မြန်မာနိုင်ငံအရေးက တရုတ်ခေါင်းဆောင်များ မျက်နှာပျက်ဖွယ် အကြောင်းတခု ဖြစ်နေသကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်အုပ်ချုပ်နေသည့် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် တပူးတွဲတွဲ အမြင်ခံရမည့် အရေးမှ ရှောင်လွှဲလိုလာသည်။
တရုတ်နိုင်ငံမှ သတင်းရင်းမြစ်များအရ ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် “ရွှေဝါရောင်တော်လှန်ရေး” အပြီးတွင် တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်က အမေရိကန်ပြည်ထောင်စု သမ္မတ ဂျော့ ဒဗလျူ ဘုရှ်၊ ဂျပန် ၀န်ကြီးချုပ် ဖူကူဒါ ယာဆူအို၊ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း တို့ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး လက်ငင်း အခြေအနေနှင့် မည်သို့ ဆက်လက် ဆောင်ရွက်သင့်သည်ကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
တရုတ်နိုင်ငံက နောက်ဆုံး ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလတွင် ထွက်ပေါ်လာသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ ထုတ်ပြန်ကြေညာချက် အပေါ်တွင်လည်း လိုက်လျော သဘောတူခဲ့ရသည်။ ဤ ထုတ်ပြန်ချက်အရ “မြန်မာ နိုင်ငံတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအပေါ် အကြမ်းဖက်နည်း သုံးခဲ့သည်ကို ပြင်းထန်စွာ ရှုတ်ချသည်” ဟူသည့် အသုံးအနှုန်းများလည်း ပါဝင်ဖော်ပြထားခဲ့သည်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ မြန်မာနိုင်ငံသို့ ပထမ သွားရောက်မည့် ခရီးစဉ်ဖြစ်ပေါ်လာစေရေး အတွက်လည်း တရုတ်နိုင်ငံက ကြားဝင် ညှိနှိုင်း ပေးခဲ့သေးသည်။
ချုပ်၍ ဆိုရသော် နိုင်ငံတကာ စနစ်တွင် တရုတ်နိုင်ငံက အခန်းကဏ္ဍသစ်မှ ပါဝင်ဆောင်ရွက်တော့မည် ဆိုလျှင် ၎င်း၏ အကျိုးအမြတ်ကိုသာ ကြည့်သည့် နိုင်ငံခြားရေးမူဝါဒကိုလည်း ပြန်လည်သုံးသပ်ရန် တာဝန်ရှိနေပြီ ဖြစ်သည်။
ကိုးကန့်ဒေသ တိုက်ပွဲများကဲ့သို့သော တရုတ်နိုင်ငံနယ်စပ်မှ ကီလိုမီတာ အနည်းငယ်မျှသာ ဝေးသည့်ဒေသတွင် ဖြစ်ပွား နေသည့် အရေးကိစ္စများကို တိုးတိုးတိတ်တိတ် ဆက်ဆံရေး နိုင်ငံခြားရေး မူဝါဒဖြင့် အလုပ်မဖြစ်နိုင်တော့သည့် အခြေ အနေတွင်၊ တရုတ်နိုင်ငံက ၎င်း၏နိုင်ငံခြားရေး မူဝါဒကို ပြန်လည်သုံးသပ်ကာ ဖြေရှင်းရတော့မည် ဖြစ်သည်။
သတင်းရပ်ကွက်များက ဆိုကြရာတွင် ယခုအခါ တရုတ်နိုင်ငံက “အချက်အလက်ရှာဖွေ လေ့လာရေး ကော်မရှင်” တရပ်ကို ဖွဲ့စည်းထားပြီး ပြီးခဲ့သည့်နှစ် ကိုးကန့်အရေးနှင့် တရုတ်နိုင်ငံအပေါ် ရိုက်ခတ်မှုများကို လေ့လာဖော်ထုတ်ကြမည်ဟု သိရသည်။
အကယ်၍ တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် အမှန်တကယ် အမျိုးသားပြန်လည် သင့်မြတ်ရေး ဖြစ်ပေါ်လာစေရန် ကမကထပြု ဆောင်ရွက်ပေးမည်ဆိုပါက တရုတ်နိုင်ငံ အကျိုးစီးပွားအတွက် ပို၍ အထောက်အကူပြုစေနိုင်လိမ့်မည် ဖြစ်သည်။
တချို့က ဝေဖန်ပြောဆိုကြရာတွင် တရုတ်နိုင်ငံက လက်ရှိမူဝါဒကို ပြင်ဆင်ရန် စိတ်မ၀င်စားစေသည့် အချက် ၂ ချက် ရှိနေသည်ဟုလည်း ဆိုကြသည်။ ပထမအချက်မှာ မြန်မာစစ်အစိုးရက တရုတ်နိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ကမောက်ကမ ဖြစ်စေရန် လက်စားချေနိုင်သေးသည်ဟု ဆိုသည်။ ဥပမာအားဖြင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကဲ့သို့သော ကိစ္စမျိုး ဖြစ်သည်။ ဒုတိယအချက်မှာ ၀ါရှင်တန်ရှိ အမေရိကန်ပြည်ထောင်စု အစိုးရက မြန်မာစစ်အစိုးရအပေါ် ချမှတ် ကျင့်သုံးလာမည့် မူဝါဒအသစ်နှင့်လည်း ပတ်သက်နေပြန်သည်။
ပထမလမ်းကို ရွေးချယ်ခဲ့မည်ဆိုပါက ဗိုလ်ချုပ်မှူးကြီးသန်းရွှေအဖို့ မိမိကိုယ်ကို သတ်သေသည့်နှယ်သာ ရှိခြိမ့်မည်။ မြန်မာစစ်အစိုးရက ၁၉၆၀ ပြည့်နှစ်များ၏ အခြေအနေအတိုင်း မြန်မာ - တရုတ်ဆက်ဆံရေးသို့ ပြန်သွား၍ မရနိုင်တော့ပါ။ ဒုတိယအချက်မှာ တရုတ်နိုင်ငံရှိ ထိပ်ပိုင်း မူဝါဒချမှတ်သူ အရာရှိများအကြား အမှန်တကယ် စိုးရိမ်ပူပန်နေမှု ဖြစ်သည်။
သြဇာတိက္ကမ ကြီးမားသည့် ရှန်ဟိုင်းမြို့ ဖူဒန်တက္ကသိုလ် နိုင်ငံတကာရေးရာ လေ့လာရေးသိပ္ပံမှ ဒေါက်တာ ဂျီယန် ဂျွန်ဘို က ၂၀၀၉ ခုနှစ်အတွင်း အေရှားတိုင်းမ် သတင်းစာတွင် ဆောင်းပါးရေးသား သတိပေးခဲ့ရာ၌ “တရုတ်နိုင်ငံသည် အရှေ့တောင် အာရှဒေသတွင် အရေးကြီးသည့်နိုင်ငံတခု ဖြစ်သည်ကို အမေရိကန်ပြည်ထောင်စုက အသိအမှတ် ပြုသင့်သည်။ အကယ်၍သူတို့က မြန်မာနိုင်ငံနှင့် ဆက်ဆံရေးမူဝါဒကို ချမှတ်ကျင့်သုံးမည် ဆိုပါက မြန်မာနိုင်ငံရေးရာ မူဝါဒသစ်၌ တရုတ်ကို ဖယ်ချန်ထားမည်ဆိုလျှင် အမေရိကန်ပြည်ထောင်စုအဖို့ ကြီးစွာ အခက်အခဲတွေ့ရဖွယ်ရှိသည်” ဟု ရေးသားထားခဲ့သည်။
အကယ်၍ တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် ကမကထပြု ဆောင်ရွက်မည် ဆိုပါကလည်း အာဆီယံအဖွဲ့အနေနှင့် ငြင်းပယ်မည့် အလားအလာ မရှိပါ။ အကြောင်းမှာ ၎င်းအဖွဲ့ ကိုယ်နှိုက်က မြန်မာ စစ်အစိုးရကို ယဉ်ကျေးလာစေရန် သိမ်းသွင်းဆက်ဆံမည့် အပြုသဘော ဆက်ဆံရေးမူအပေါ် စိတ်ပျက် တွေဝေ လာနေသောကြောင့် ဖြစ်သည်။ ထိုမျှမက အာဆီယံနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးကလည်း ၁၉၉၇ ခုနှစ်၊ အာရှငွေကြေး အကျပ်အတည်း နောက်ပိုင်းအချိန်မှစ၍ ပိုမို တိုးတက် ကောင်းမွန်လာနေခဲ့သည်။
အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်၏ “တရုတ်နိုင်ငံက ခြိမ်းခြောက်နေမှု” အမြင်နှင့် “တရုတ် နိုင်ငံကို ထိန်းချုပ်ရေး ချဉ်းကပ်မှု” များကို တရုတ်က စိုးရိမ်နေကြသည်။ အမှန်ဆိုရလျှင် အထက် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်၏ ထိတ်လန့်တကြား သတိပေးနှိုးဆော်သည့်အမြင်က မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံက စီးပွားရေးနှင့် နိုင်ငံရေး သြဇာတိုးတက်ချဲ့ထွင်လာခြင်းကြောင့် "ဒေသအတွင်း အန္တရာယ်ရှိနိုင်သည့် မဟာဗျူဟာအရ ချိန်ခွင်လျှာ ဘက် မညီမှု" ဖြစ်ပေါ်လာနိုင်စေသည်ဟု ယူဆသည်။ ဤအမြင်အပေါ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကောင်းမွန်စွာ အသုံးချ ကစားနိုင်ခဲ့ သည်။ ယခုအခါ သူက အမေရိကန်ဖဲချပ်ကိုသုံး၍ တရုတ်နိုင်ငံကို ပြန်လည် ခြောက်စားနေပြန်ပြီ ဖြစ်သည်။
အကယ်၍ အမေရိကန်ပြည်ထောင်စုနှင့် အာဆီယံအဖွဲ့၏ ထိပ်ပိုင်း အမြင့်ဆုံး ခေါင်းဆောင်များက တရုတ်နိုင်ငံရှိ ခေါင်းဆောင်များထံ ရှင်းလင်းအောင် နားချနိုင်ပါက သူတို့အချင်းချင်း ပူးပေါင်း၍ မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာစေရေးအတွက် တရုတ်နိုင်ငံက ကမကထပြုရန် တိုက်တွန်းနိုင်ကြလိမ့်မည် ဖြစ်သည်။ နေပြည်တော်ရှိ မြန်မာစစ်ခေါင်းဆောင်များနှင့် ဘေဂျင်းအစိုးရ ခေါင်းဆောင်များအကြား သူတို့အကျိုးစီးပွားအတွက် အထူးတလည် အနှောင့်အယှက် မဖြစ်စေမည့် အငယ်စား ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ကျင့်သုံးနိုင်လျှင် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာစေရေးအတွက် တရုတ်နိုင်ငံက ရှေ့ဆောင်သည့်အခန်းကဏ္ဍ ယူကောင်း ယူလိမ့်မည် ဖြစ်သည်။(ပို၍တိတိ ကျကျဆိုရလျှင် ထိုသို့ တရုတ်နိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်ရေး အားထုတ်မှုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်မခံပါက ၎င်းအား ဖြုတ်ချ ဖယ်ရှားရေး ဖြစ်သည်)။
အကယ်၍ ဤသို့သော စစ်တပ်အတွက်ပါ အကျိုးရှိနိုင်မည့် အနိမ့်ဆုံး ရည်မှန်းချက်မျိုးကိုပင် တိုက်တွန်း၍ မရနိုင်ပါက တရုတ်နိုင်ငံက 'တုတ်' ကိုလည်း သုံးကောင်းသုံးရန် လိုလိမ့်မည် ဖြစ်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ကြားနေ လိုက်ခြင်းမျိုး၊ သို့မဟုတ် “ပိုနေမြဲ ကျားနေမြဲ”အခြေအနေကို ဆက်လက်ထောက်ခံထားခြင်းမျိုး ဖြစ်သည်။(ဥပမာအားဖြင့်- တိုင်းရင်းသား အပစ်အခတ် ရပ်စဲရေးအဖွဲ့များက စစ်အစိုးရကို ဆက်လက် အာခံနေစေရန် တွန်းထိုးပေးခြင်းမျိုး ဖြစ်သည်)။
ဤနည်းအားဖြင့်လည်း မူဝါဒအပြောင်းအလဲ မအောင်မြင်ပါက လုပ်ဆောင်ရန် နည်းလမ်းများ ကျန်ရှိနေပါသေးသည်။ ဤရည်ရွယ်ချက် အထမြောက်စေရေး အတွက် အမေရိကန်ပြည်ထောင်စုက ပထမဦးဆုံး စတင် လှုပ်ရှားရလိမ့်မည် ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ညှိနှိုင်းပူးပေါင်းမှုများ ပြုရမည် ဖြစ်သည်။ ဤနည်းအားဖြင့် ဘုံအကျိုးစီးပွားအတွက် အကောင်းဆုံး အကျိုးဆောင်ပေးနိုင်မည် ဖြစ်ပြီး မကြာသေးမီက အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်ကျွန်းသို့ လက်နက်များ ရောင်းချခဲ့မှု၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုများနှင့် ဘုန်းတော်ကြီး ဒလိုင်းလားမားကိစ္စ၊ ဆိုင်ဘာ နယ်ပယ်တွင် သူလျှိုလုပ် ထောက်လှမ်းနေသည့် ကိစ္စများအပေါ် ဖြစ်ပေါ်နေသည့် တရုတ် - အမေရိကန် ဆက်ဆံရေး တင်းမာနေမှုမှလည်း အလုပ်ဖြစ်နိုင်သည့် နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည် အစပျိုးနိုင်လိမ့်မည် ဖြစ်ပေသည်။
မင်းဇင်ရေးသားသည့် The Case for China's Intervention in Burma ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
No comments:
Post a Comment