မင်းဆွေသစ်
စာအုပ်အမည် အရိုင်းစံပယ်
ရေးသူအမည် အောင်လင်း
ထုတ်ဝေသူ ဦးသန်းဆွေ
(စစ်သည်တော်စာပေ)
ခွင့်ပြုချက်အမှတ် ၅၆၇/၉၈(၁ဝ)
ပုံနှိပ်ခြင်း ၁၄ ကြိမ်၊ နိုဝင်ဘာလ ၂ဝဝဝ ခုနှစ်
အုပ်ရေ ၁ဝဝဝ
တန်ဖိုး ၂ဝဝဝ ကျပ်
(က)
အမည်ရင်းက (ဦး)တင်ဖေဖြစ်သည်။ အောင်လင်းက (ဦး)တင်ဖေ၏ ဖက်ဆစ်တော်လှန်ရေးအတွင်း မြေအောက်လုပ်ငန်းများ လုပ်ဆောင်စဉ် ပေးထားသည့် လျှို့ဝှက် အမည်ဝှက်ဖြစ်သည်။ နောင် .. (ဦး)တင်ဖေ စာရေးသည့်အခါ၌ ဤအမည်ဝှက် အောင်လင်းအား ကလောင်အမည်အဖြစ် ယူခဲ့သည်။ အောင်လင်းက တော်လှန်ရေးနှင့် စပ်ဆက်နေသော ကလောင်ဖြစ်သည်။
(ဦး)တင်ဖေသည် ဒုတိယ ကမ္ဘာစစ်အတွင်း ရေစကြို အာရှလူငယ် အစည်းအရုံးတွင်ပါခဲ့၏။ ဖက်ဆစ်တော်လှန်ရေးတွင် ပခုက္ကူခရိုင်၏ လူငယ်ခေါင်းဆောင် တဦး...။ တို့ဗမာအစည်းအရုံးဝင် အသက်အငယ်ဆုံးသော ‘သခင်’ တဦးလည်း ဖြစ်သည်။ နေသူရိန် လူထုအစည်းအဝေးကြီးသို့ ပခုက္ကူခရိုင်မှ ကိုယ်စားလှယ်တဦးအဖြစ် တက်ရောက်ခဲ့၏။ စစ်ပြီးခေတ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့၏။ ကျောင်းသင်ခန်း ပညာရေးနှင့် စာပေဂီတနှင့် အနုပညာတို့ အားပြိုင်မှုတွင် (ဦး)တင်ဖေသည် စာပေဂီတနှင့် အနုပညာဘက်သို့ အလေးသာပေးခဲ့၏။
(ဦး)တင်ဖေက ၁၉၄၇ ခုနှစ်တွင် ကျင်းပသည့် ရန်ကုန်တက္ကသိုလ်မှ ပြုလုပ်သော ဂီတပြိုင်ပွဲတွင် ပတ္တလား၊ မယ်ဒလင်၊ တယော သုံးမျိုးလုံး၌ ဆုရခဲ့၏။ ပထမဆု ၂ ဆုနှင့် ဒုတိယဆု.....။ ထို့နောက် (ဦး)တင်ဖေသည် ကျောင်းမှထွက်ပြီး အနုပညာနယ်ပယ်တွင်သာ စီးမျော၍ နေတော့သည်။ ‘အပုလေး’ အမည်နှင့် စာစရေးသည်။ စာပေသစ်မဂ္ဂဇင်းအား စတင်တည်ထောင်သူများထဲတွင် ပါဝင်ခဲ့သည်။ စာပေသစ်တွင် ‘စာပေတရားခွင်’ အမည်နှင့် စာပေ ဝေဖန်ရေး ဆောင်းပါးများ ရေး၏။ ‘စာပေသစ်အောင်လင်း’ ဟူ၍ပင် ခေါ်လာကြရသည်။ သရုပ်မမှန်သော စာများအား စာပေတရားခွင်မှာ စာပေသစ်အောင်လင်းက စီရင်၏။ မြန်မာနိုင်ငံ စာရေးဆရာအသင်း အကွဲအလွဲများတွင် ပါပြန်၏။ (ဆရာ)ဒဂုန်တာရာ၊ (ဆရာ)ဗန်းမော်တင်အောင်တို့က တဖက် .......။ သူက တဖက် .......။ (ဆရာ) စိန်ခင်မောင်ရီနှင့် သူက တွဲဖော်တွဲဘက်။
အောင်လင်းအမည်နှင့် ဝတ္တုရှည်ပေါင်း ၇ဝ ကျော် ရေးခဲ့၏။ အရိုင်းစံပယ်က ဆရာဝတ္တုများထဲမှ စာပေဗိမာန်ဆုရသည့် စာအုပ်ဖြစ်သည်။ ၁၄ ကြိမ်ထိ ပြန်လည်ပုံနှိပ်ရသော စာအုပ်လည်း ဖြစ်သည်။ အရိုင်းစံပယ်အား ရုပ်ရှင်လည်း ရိုက်၏။ ရုပ်ရှင်မင်းသားကြီး (ဦး)ထွန်းဝေတို့၊ ပန်းချီစိုးမိုးတို့နှင့်......။
(ခ)
အရိုင်းစံပယ်တွင် အဓိကဇာတ်ကောင်မှာ ‘မ’ ဟု ဆိုချင်သည်။ အမျိုးသားဇာတ်ကောင် ‘ကိုဘခက်’ သည်ပင် ‘မ’ နှင့် ယှဉ်လျှင် အားပျော့၍ နေသည်။ အခြားဇာတ်ကောင်များမှာ ‘မ’ တို့၏ မိသားစု၊ ‘မ’ ၏ အဖေ ဦးကျော်ဒင်၊ အမေ ဒေါ်ခင်မျိုးသန့်နှင့် အမ ‘မွန်’၊ နှင့် ညီမ ‘မော်’တို့ ဖြစ်ကြ၏။ ပြီးလျှင် ….. ဇာတ်ရံများအဖြစ် ဘလှသန်းထွန်းနှင့် ကိုခင်မောင်ကြည်တို့ ပါကြသည်။ နှစ်ယောက်စလုံးမှာ ပညာတတ်၊ ငွေကြေးပြည့်စုံသည့် အသိုင်းအဝိုင်းမှ ဖြစ်ကြသည်။ အရိုင်းစံပယ်တွင် ပါဝင်ကြသည့် အဓိက ဇာတ်ရုပ်များက ဤမျှသာပင် .....။ ‘မ’ ‘ကိုဘခက်’၊ ‘ဦးကျော်ဒင်’ တို့နှင့် ကျန်သည့်သူများ၏ အားပြိုင်မှုတို့ဖြင့် အရိုင်းစံပယ်အား ဆွဲခေါ်၍ သွားသည်။ အမှန်မှာ .......။
(ဂ)
အမှန်မှာ .........။
‘မ’၊ ‘ကိုဘခက်’၊ ‘ဦးကျော်ဒင်’ နှင့် ကျန်သည့် ဇာတ်ကောင်များ၏ အားပြိုင်မှုမျှသာမဟုတ် .....။ ရေပေါ်ဆီ အီလစ်များ၏ ဥရောပယဉ်ကျေးမှုနှင့် ယင်းယဉ်ကျေးမှုအား လက်မခံသူတို့၏ အားပြိုင်မှုဟု ဆိုရမည်။ ဟောင်းနွမ်းဖောက်ပြန်သော ယဉ်ကျေးမှုဟောင်းနှင့် တိုးတက်သန့်စင်သည့် ယဉ်ကျေးမှုအသစ်တို့ တိုးတိုက်မိကြခြင်း ဖြစ်၏။ ယဉ်ကျေးမှုချင်း တိုးတိုက်မိရာမှ အရိုင်းစံပယ် ဖြစ်လာရသည်။
ဇာတ်လမ်းအရမူ သာမန်အချစ်ဇာတ်လမ်း တပုဒ်မျှပင်။ ကိုဘခက်နှင့် မ' တို့၏ ရင်ခုန်လွမ်းမောဖွယ် အချစ်ဇာတ်လမ်း ရိုးရိုးပင်။ မဲပြာပုဆိုး မြန်မာအချစ်ဝတ္တု တပုဒ်မျှသာ .....။ သို့သော် ......။
(ဃ)
သို့သော်......။
ဆရာအောင်လင်းသည် မဲပြာပုဆိုး အချစ်ဇာတ်လမ်း တပုဒ်မျှဖြင့် အရိုင်းစံပယ်အား ရေးဖွဲ့ထားခြင်း မဟုတ်။ အထက်တန်းလွှာ အီလစ်တို့၏ ဖောက်ပြန်မှုများအား အရိုင်းစံပယ်အဖြစ် ရေးသားထားခြင်း ဖြစ်သည်။ ယဉ်ကျေးမှု အဟောင်း၏ ရွံရှာဖွယ်များအား အနုပညာဖြင့် ဖော်ပြခြင်းဖြစ်သည်။
ကိုဘခက်သည် ဂီတ၊ အနုပညာသမား လူငယ်တဦး ဖြစ်သည်။ ရန်ကုန်မှမဟုတ် နယ်မှဖြစ်သည်။ ဂီတသုခုမ အဖွဲ့ချုပ်ကြီးမှ ကျင်းပသည့် ဂီတပြိုင်ပွဲသို့ ဝင်ရန် ရန်ကုန်သို့ ဆင်းလာခဲ့၏။ ပြိုင်ပွဲတွင် စောင်း၊ တယော၊ စန္ဒယား သုံးမျိုးစလုံး၌ ဝင်၍ပြိုင်သည်။ မရ ......။ မည်သည့်ဆုမျှ ကိုဘခက်မရ။ ကိုဘခက်၏ ဂီတ အနုပညာရေချိန် နိမ့်၍မဟုတ်။ အကဲဖြတ် လူကြီးမင်းများက သူ့လူသူ ရွေးချယ်လိုက်ကြ၍ ဖြစ်သည်။ အခြေအနေမှန်ကို သိလိုက်ရသော ကိုဘခက်သည် တယောနှင့် ဘိုးတံကို ကိုင်ရင်း မတ်တပ်ရပ်လိုက်သည်။ ပြီးလျှင် အကဲဖြတ် လူကြီးများအား ကြည့်၍ စကားအား အော်၍ပြောသည်။
“ဒီမှာခင်ဗျာ --- ကျနော် စကားနည်းနည်း ပြောချင်ပါတယ်။ ကျနော်ဟာ ဒီဂီတ ပညာကို ချစ်လို့၊ မြတ်နိုးလို့ ရန်ကုန်နဲ့ မိုင်ပေါင်း ဝေးတဲ့ခရီးက လာရောက်ယှဉ်ပြိုင်တဲ့ သူတယောက်ပါ၊ ကျနော်ယှဉ်ပြိုင်တဲ့ စောင်း၊ တယော၊ စန္ဒယားသုံးမျိုးစလုံးမှာ ကျနော်ရဲ့ ပညာကို အကဲဖြတ်လို့ ရနိုင်ပါတယ်။ ကျနော် နားလည်ခဲ့တဲ့ ဂီတအနုပညာဆိုတာ ပုဂ္ဂိုလ်သံယောဇဉ်နဲ့ မပါပါဘူး။ မဆိုင်တဲ့ဂုဏ်ဒြပ် ဘွဲ့ထူးတွေလည်း မပါပါဘူး။ စည်းဝါးမင်မောင်းကို လှအောင် မတီးတတ်ဘဲ အတွဲအဖက် ဒရွန့်ဒွန့်မှန်အောင် မတီးနိုင်ဘဲ အကဲဖြတ် လူကြီးများက အနိုင်ပေးပြီး ဆုံးဖြတ်တာဟာ ဂီတကို ဆုံးဖြတ်တာလို့ ကျနော် လုံးဝ မယုံကြည်ပါဘူး။ ပုဂ္ဂိုလ်သံယောဇဉ် လိုက်ပြီး ဆုံးဖြတ်တာ၊ ဂိုဏ်းဂဏအရ ဆုံးဖြတ်တာ၊ ဂုဏ်အရှိန်အဝါကို လိုက်ပြီး ဆုံးဖြတ်တာပဲ ဖြစ်တယ်။ ဒီလိုဂီတပညာကို အလွဲသုံးစားလုပ်တဲ့ ပြိုင်ပွဲကို ဝင်ခဲ့မိတာ ကျနော့်ရဲ့ အမှားပါပဲ။ ဒီလိုပြိုင်ပွဲမျိုးတွေ ကြီးစိုးနေသမျှ ကျနော်ဟာ တသက်နှင့်တကိုယ် ပြိုင်ပွဲမဝင်တော့ဘူးလို့ ကြေညာပါတယ်” (စာမျက်နှာ ၄ မှ )
ဆရာအောင်လင်း ပြလိုသော ယဉ်ကျေးမှုဟောင်း၏ ဖောက်ပြန်မှု ဖြစ်မည်။
(ဃး ၁)
‘မော်’က ‘မ’ တို့ ညီအမများအထဲ၌ အငယ်ဆုံးဖြစ်သည်။ ယောက်ျားလေး သူငယ်ချင်းများ ရှိသည်။ ပါတီပွဲများသို့ သွား၏။ အမျိုးသားများနှင့်တွဲ၍ ‘က’ ၏။ ‘ဝိုင်’ ကိုလည်း သောက်၏။ တခါတရံ အရက်ပါ သောက်၏။ ညနက်သည်အထိ ကပွဲများ ပါတီပွဲများတွင် အချိန်ကုန်နေတတ်၏။ မိဘများက သူတို့၏ လူကုံထံ အသိုင်းအဝိုင်းအတွင်း၌ ဖြစ်နေကြခြင်းဖြစ်၍ မည်သို့မျှ မတား။ လွှတ်ထားသည်။ ‘မ’ ကမူ သူ့ညီမ ‘မော်’ အား ဆင်ခြင်ရန် သတိပေး၏။ မရ။ ကိုခင်မောင်ကြည်နှင့် မော်တို့ လွန်လွန်ကြူးကြူးအထိ ဖြစ်ခဲ့ကြ၏။ ကပွဲများမှအပြန် ညည့်နက်နက်ညများအတွင်း အကြိမ်ကြိမ် ဖြစ်ခဲ့သည်။ ကိုခင်မောင်ကြည်က အမေရိကမှ ပညာသင်ပြီး ပြန်လာသည့် ပညာတတ်တယောက်။ ‘မ’ တို့၏ မိသားစုနှင့်လည်း ရင်းနှီးသူဖြစ်ပြီး ‘မ’ ကိုလည်း လက်ထပ်ရန် ကမ်းလှမ်းထားသူ ဖြစ်သည်။ ‘မ’ ဘက်မှ အဖြေမပေးသေးသည့်အတွက် မင်္ဂလာအခမ်းအနား မကျင်းပဖြစ်ခြင်း ဖြစ်သည်။ ဤအခြေအနေ၌ ကိုခင်မောင်ကြည်သည် ‘မ’ ၏ ညီမ ‘မော်’ နှင့် လွန်လွန်ကြူးကြူး ဖြစ်နေကြခြင်း ဖြစ်သည်။
‘မော်’ က ကိုခင်မောင်ကြည်နှင့် ဖြစ်နေသလို တခြားတွင်လည်း ဘလှသန်းထွန်းနှင့်လည်း လွန်လွန်ကြူးကြူး ဆက်ဆံ၍ နေပြန်သည်။ ဘလှသန်းထွန်းသည်လည်း ‘မော်’ တို့လိုပင်။ လူကုံထံ အသိုင်းအဝိုင်းမှ ဖြစ်သည်။ သူ့အဖေက ဆရာဝန်ကြီးတဦး။ ဘလှသန်းထွန်းက ‘မော်’ အား လက်ထပ်ရန် ကမ်းလှမ်းဖူး၏။ ချုပ်ရသော် နောက်ဆုံး မော်သည် ကိုယ်ဝန်ရလာခဲ့၏။ ၃ လ ...။ မရှူနိုင် မကယ်နိုင် ဖြစ်၍လာတော့သည်။ မည်သူ့ကိုယ်ဝန်ဟူ၍ပင် ပြောရန် ခက်သည်။ ကိုခင်မောင်ကြည်က မော်အား အတွေ့မခံတော့။ ရှောင်၍နေ၏။ ဘလှသန်းထွန်းဆီသို့ မော်သွား၏။ ဘလှသန်းထွန်းနှင့်တွေ့ပြီး သူ့တွင် ကိုယ်ဝန်ရှိနေကြောင်း ပြောသည်။ လက်ထပ်ကြရန်လည်း တိုက်တွန်းကြသည်။
“ကိုယ့်ကိုယူဖို့ မင်းမှာ တာဝန်ရှိတယ်။ ကိုယ့်အရှက်ကို ကာကွယ်ဖို့ မင်းတယောက်ပဲ ရှိတယ်။ မင်း ကိုယ့်ကို သစ္စာမဖောက်ပါနဲ့”
ဘလှသန်းထွန်းသည် မော့်စကားကို နားထောင်ရင်း မခိုးမခန့်ဖြင့် ရယ်လိုက်ပြန်သည်။ ပြီးမှ မျက်နှာထား ခပ်တင်းတင်းဖြင့် တလုံးချင်း ပြန်မေးလိုက်သည်။
“မင်းအရှက်ကို ကာကွယ်ဖို့ ကိုယ်တယောက်ထဲပဲ ရှိသလားဟင်။ ကိုယ့်အပြင် ဘယ်သူမှ မရှိတော့ဘူးလား။ သေသေချာချာလည်း စဉ်းစားပါဦး။ မစ္စတာရှားမားရော မကာကွယ်နိုင်ဘူးလား။ မိုက်ကယ်ဘအေးတို့၊ ကိုညွန့်တင်တို့ရော ဘယ်သွားထားမလဲ။ မင်းနဲ့ အမြဲတွဲနေတဲ့ ဦးခင်မောင်ကြည်ကရော မင်းကို အကပ်မခံတော့ဘူးတဲ့လား။ ဦးခင်မောင်ကြည်က မင့်အမနဲ့ လက်ထပ်တော့မှာမို့ မင်း ငါ့ဆီ အပြေးလာတာ မဟုတ်လား”
“မင်း .. ငါ့ကို အရမ်းမစွပ်စွဲနဲ့။ မင်းဟာ ယောကျာ်းမဟုတ်ဘူး။ သစ္စာမရှိဘူး။ မိန်းကလေးတွေကို ဖျက်ဆီးနေတဲ့ လူယုတ်မာ။ မင်း လူယုတ်မာ”
မော်၏ စကားမဆုံးခင် ဘလှသန်းထွန်းသည် အမေရိကန် ဇာတ်လိုက်များကဲ့သို့ မော်၏ ပါးပြင်ကို လက်ပြန်လွှဲ၍ တအားရိုက်လိုက်သည်။
မော်သည် ဘလှသန်းထွန်းခြေရင်းတွင် ပုံလျက်သား လဲကျသွားတော့သည်။ (စာမျက်နှာ ၂၁ဝ-၂၁၁ မှ )
ဤသည်ပင် ဆရာအောင်လင်းက အရိုင်းစံပယ်တွင် ပြလိုသော ဖောက်ပြန်သော အီလစ်တို့၏ ယဉ်ကျေးမှုအကြောင်း ဖြစ်သည်။ ထားတော့ ........။
(င)
ထားတော့ ...။ ဇာတ်လမ်းအကြောင်းအရာ ဖတ်ရှုကြည့်ရအောင် ....။ ကိုဘခက်က ဂီတပြိုင်ပွဲတွင် ပေါက်ကွဲပြီး သူ၏ တယောအား ရိုက်ချိုး၍ ထွက်လာခဲ့သည်။ လမ်းတွင် ဦးကျော်ဒင်နှင့် တွေ့၏။ ဦးကျော်ဒင်က ဂီတပြိုင်ပွဲတွင် အကဲဖြတ်လူကြီးတဦး။ သူက ကိုဘခက်၏ အရည်အသွေးကို သိသည်။ သို့သော် ...... အကဲဖြတ် လူကြီးအများစုနှင့် ဦးကျော်ဒင် မဲခွဲ၍မရ .......။ နောက်ဆုံး ... ကိုဘခက် ဦးကျော်ဒင်၏ အိမ်သို့ရောက်ခဲ့၏။ “မ” တို့အား ဂီတပညာသင်ပေးရန် ဂီတဆရာအဖြစ် ........။ ဤတွင် ‘မ’ နှင့် တွေ့၏။ ‘မ’ က အမဖြစ်သူ မွန်နှင့်လည်း မတူ ....။ ညီမဖြစ်သူ မော်လိုလည်းမဟုတ် ....။ သူက ..... မြန်မာ့ဂီတကို မြတ်နိုးသည်။ အီလစ်တို့၏ ယဉ်ကျေးမှုအား မနှစ်သက် .........။ တည်ငြိမ်၏။ မွန်ကဲ့သို့လည်း အရာရာကို တန်ဖိုးသီဝရီသမား မဟုတ် .......။ မိသားစုအတွင်း ဦးကျော်ဒင်နှင့် မ' တို့ကတဖက်၊ ဒေါ်ခင်မျိုးသန့်၊ မွန်နှင့်မော်တို့ကတဖက် .......။ အမြဲတမ်း ကွဲလွဲမှုများ ရှိနေခဲ့ကြ၏။ မတူညီကြ .......။ ‘မ’ သာလျှင် ဂီတပညာအား ကိုဘခက်ထံတွင် သင်သည်။ ကိုဘခက်၏ အနုပညာကိုလည်း လေးစား၏။ အနုပညာကို လေးစားသည့် ‘မ’ နှင့် အနုပညာကို မြတ်နိုးသည့် ကိုဘခက်တို့ နှစ်ဦး ချစ်သူတွေ ဖြစ်သွားခဲ့၏။ ပေါ်ပေါ်တင်တင်မဟုတ် ......။ သိုသိုသိပ်သိပ်နှင့် ကြိတ်၍ ချစ်နေကြရခြင်း ဖြစ်သည်။ ဤသည်ကို ‘မော်’ က သိ၏။
“ဒီမှာ မော်၊ မင်း ကိုယ့်ကို လှောင်နေစရာ မလိုဘူး။ ကိုယ့်နားမှာ နားရှိတယ်။ မင်း သတင်းတွေ ကိုယ့်နားမှာ မဆံ့အောင် ကြားရတယ်။ ရှက်လည်း ရှက်တယ်။ မင်းအတွက် ဝမ်းနည်းတယ်။ ယောက်ျားတကာနဲ့ ဖက်ပြီးက။ သူတို့ခေါ်ရာလိုက်။ အချိန်မရှိ ပြန်လာ။ ဒါဟာ မိန်းမကောင်းတွေရဲ့ အပြုအမူ အနေအထိုင်မျိုးမဟုတ်ဘူး”
မော်၏မျက်နှာကလည်း နီရဲ၍လာသည်။ သို့သော် မော်က ငေါ့၍ တမင် ရယ်လိုက်သည်။
“ မ .. ဘာပြောတယ်။ မိန်းမကောင်းတွေ အလုပ်မဟုတ်ဘူး .....မဟုတ်လား။ ဒါဖြင့် မိန်းမကောင်းတွေကရော ဘယ်လိုများ နေထိုင်ကြသလဲ။ အိမ်ထဲမှာ အခိုင်းအစေ ကြမ်းပိုးတေလေနဲ့ ကုပ်ပြီး ကမြင်းတာမျိုးလား။ ဒီမှာ မ ... သူများနှာခေါင်း ဇောက်ထိုးဖြစ်နေတာကိုပဲ လက်ညှိုးမထိုးနဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ဦး။ မော်က ယောကျာ်းတကာနဲ့ ဖက်ပြီးကတယ်။ သူတို့ခေါ်ရာ လိုက်တယ်ဆိုတာ ဟုတ်တယ်။ ဒါပေမJh အဲဒီယောကျာ်းတွေက ကြမ်းပိုးတွေ မဟုတ်ဘူး။ ဖက်ခွက်စားတွေ မဟုတ်ဘူး။ ပညာတတ်တွေ၊ တကယ့် အဖိုးတန် ယောက်ျားတွေ နားလည်လား” (စာမျက်နှာ ၁၅၆-မှ)
(စ)
ဖက်ခွက်စား ကိုဘခက်နှင့် ‘မ’ အား သဘောမတူနိုင်ကြ....။ ပညာတတ် အမေရိကန်ပြန် ကိုခင်မောင်ကြည်နှင့် လက်ထပ်ရန် ‘မ’ ၏ မိခင် ဒေါ်ခင်မျိုးသန့်နှင့် မွန်တို့ စီမံကြတော့၏။ ကိုဘခက်လည်း ‘မ’ တို့ အိမ်တွင် နေခွင့်မရတော့ ...။ အပြင်တွင် ထွက်၍နေပြီး အနုပညာနှင့် ရပ်တည်နို်င်ရန် ကြိုးစား၍နေဆဲ ...။ ချုပ်ရသော် ‘မ’ နှင့် ကိုခင်မောင်ကြည်တို့၏ စေ့စပ်ကြောင်းလမ်းမှု ပျက်သွားခဲ့ရ၏။ ‘မော်’ နှင့် ကိုခင်မောင်ကြည်၏ လွန်လွန်ကြူးကြူး အရှုတ်တော်ပုံများကြောင့် ဖြစ်သည်။ ထိုနေ့တွင်ပင် ‘မ’ သည် ကိုဘခက်နောက်သို့ လိုက်သွားခဲ့တော့၏။ ကိုဘခက်နှင့် ‘မ’တို့ ရုံးတွင် လက်မှတ်ထိုးလိုက်ကြ၏။ အနုပညာ သမားကိုဘခက်နှင့် ဂီတကို မြတ်နိုးသူ ‘မ’ တို့၏ အိမ်ထောင်မှု ဘဝက ....။ ဖြစ်ရိုးဖြစ်စဉ်ပင် ခက်ခက်ခဲခဲ ရုန်းကန်ရသည်။ ‘မ’ ၏ မိဘများက မကြည်ဖြူ၊ ပစ်ထားကြ၏။ ဖခင်ကြီးကမူ ‘မ’ တို့ဘက်မှ ရပ်၏။ နောက်ဆုံး ဦးကျော်ဒင်၏ နောက်ဆုံးအချိန်ကို ရောက်လာခဲ့၏။ ‘မ’ နှင့် ကိုဘခက်၊ ဦးကျော်ဒင် အသဲအသန်ဖြစ်နေသည်ကို ကြည့်ရှုရန် အိမ်ကြီးဆီသို့ ပြန်လာခဲ့ကြ၏။
ဇာတ်လမ်းက ...... ပြီးဆုံးချိန် ရောက်လုပြီ ........။
(ဆ)
ဆရာအောင်သင်းက စာပေဆောင်းပါးတပုဒ်တွင် “ရသစာပေဖြစ်ဖြစ်၊ သုတစာပေဖြစ်ဖြစ် နိဂုံးခွန်အားကောင်းရန် အရေးကြီးသည်” ဟု ဆို၏။ The Curtain must fall with a strongest note ........။ ပွဲသိမ်းကန့််လန့်ကာကို အမြည်ဟီးဆုံး ပတ်မချက်သံဖြင့် ကျပါစေဟု ဆိုရမည်။
ဇာတ်လမ်းက ....... ပြီးဆုံးချိန်ရောက်ပြီ .....။ ‘မ’ နှင့် ကိုဘခက်တို့ ဦးကျော်ဒင်၏ ကုတင်နားသို့ရောက်တော့ ........ ဦးကျော်ဒင်သည် မိန်းမော၍ နေလေပြီ .......။ ‘မ’ အား စောင့်နေသကဲ့သို့ .......။ ‘မ’ ရောက်လာသည်နှင့် သေတမ်းစာအား ထုတ်ပြ၏။ ကျန်ရစ်သူများအတွက် အမွေခွဲဝေပေးမှုများ ......။ ‘မ’ နှင့် ‘မော်’ တို့နှစ်ယောက်က အမွေအများဆုံး ရကြသည်။ ‘မ’ ရသည့် အမွေများကို မကျေနပ်ကြ။
‘မ’ က ....။
“သမီး .. ဒီိအိမ်ကြီးကို မယူပါရစေနဲ့။ မေမေ့ကိုပဲ ပေးပါ။ ဖေဖေ့ ငွေလည်း ဖေဖေပေးတဲ့ အတိုင်း.....”
မ' စကားကို ဒေါ်ခင်မျိုးသန့်က ကြားဝင်၍ ဖြတ်လိုက်သည်။
“အံမယ်.... အလွမ်းသယ်မနေစမ်းပါနဲ့၊ ညည်း ဒီလို ပလီပလာတွေ များလွန်းလို့လည်း ညည်းအဖေက ညည်းကို ပိုပြီးရက်ရောနေတောပေါ့”
မ' သည် ပြောမည့်စကားကို ရှေ့မဆက်နိုင်ဘဲ ဒေါ်ခင်မျိုးသန့်ကိုသာ ငေးကြည့်ရင်း မျက်ရည်များ စီးကျလာတော့ည်။ စေတနာကို ဝေဒနာဖြစ်သည့်အတွက် ဝမ်းနည်းမိလေသည်။
“တွက်ကတ်ရာကျပါတယ် မာမီ၊ ပြောမနေပါနဲ့။ ဒီလောက်ပစ္စည်းနဲ့ ငွေလောက်ကို မာမီ့က အရေးလုပ်စရာ မလိုပါဘူး။ သူတို့ ခုလို အခြေအနေလေး ရှိသွားတာပဲ ဝမ်းသာရမှာပဲ။ နို့မို့ရင် သူတို့အတွက် ကိုယ်ကဝင်ပြီး ရှက်နေရမှာ”
မွန်၏ တင်စီးလှသော စကားကို နားထောင်ရင်း ‘မ’ သာမက ကိုဘခက်ပါ မခံမရပ် နိုင်အောင်ရှိတော့သည်။
ထို့ကြောင့်လည်း ကိုဘခက်သည် မွန့်ကို ခပ်တင်းတင်း စိုက်၍ကြည့်လိုက်သည်။
ယခုလို တဖက်စီးနင်းနိုင်လှသော စကားများကို ကြားရပြန်တော့လည်း ကိုဘခက် စိတ်ထဲ၌ အမောက်ထောင်ပြလိုက်ချင်သည်။
“ဦးကို ကျနော် တခုတောင်းပန်ပါရစေ၊ ‘မ’ အတွက်ရော၊ ကျနော်တို့ နှစ်ယောက်အတွက်ပါ ဦးပေးတဲ့ အခွင့်အရေးဟာဖြင့် နတ်သိကြား မ'လို့ရတဲ့ အခွင့်အရေးလောက် ကျေးဇူးကြီးလှပါတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးဟာ ကျနော်တို့နဲ့ မထိုက်တန်ပါဘူး။ ယူလည်း မယူလိုပါဘူး။ ဒီအခွင့်အရေးကို မယူဘဲ အရာရာ မညှိုးငယ်အောင်ထားဖို့ ကျနော် ကတိပြုပါတယ်။ ‘မ’ ကို မိဘလက်ထဲမှာထားတဲ့ အဆင့်အတန်းထက် မနိမ့်ကျအောင် ထားဖို့ ကျနော် ကတိပြုပါတယ်” (စာမျက်နှာ ၂၇ဝ-၂၇၁ မှ )
ပြီးပြီ....... ။ အဆုံးတွင် ကိုဘခက်သည် မိုးကုတ်မှ ကျောက်သူဋ္ဌေးကြီး ဦးစိန်ခက်၏ သားဖြစ်သည်။ အနုပညာကို ဝါသနာပါ၍ အိမ်မှထွက်ပြီး ရန်ကုန်တွင် ဇာတ်မြှုပ်၍နေသူ .......။ ဖက်ခွက်စားမဟုတ်........။ ပညာတတ် လူကုံထံတဦး ........။ ဤတွင် .......... အရိုင်းစံပယ်က ပြီးပြီ....။ “ပတ်မချက်သံ” အား မကြားလိုက်ရ........။ မချင့်မရဲ ဖြစ်ရသည်.....။ ကိုဘခက်သည် အနုပညာသမား၊ တိုးတက်သော လူတန်းစားအား ကိုယ်စားပြုသူဟု မှတ်ထင်ခဲ့၏။ တိုးတက်သန့်စင်သည့် ယဉ်ကျေးမှုသစ်၏ နိမိတ် .......။ ဤသို့ ထင်မှတ်ခဲ့ရ၏။
သို့သော် ........။ အဆုံးတွင်မူ ...... ဆရာအောင်လင်းသည် လူတန်းစာချင်းညှိ၍ ညီညွတ်မှု ပေးလိုက်၏။
ထိုကြောင့် ...... “ပတ်မချက်သံ” အား မကြားလိုက်ရခြင်း ဖြစ်မည်။
No comments:
Post a Comment