Saturday, March 13, 2010

သူခိုးလက်က သူဝှက်ဆီရောက်

ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်)

စစ်တပ်က အစိုးရလုပ်တဲ့ ၁၉၆၂ ကစပြီး နိုင်ငံပိုင်ပစ္စည်းကို ကိုယ်ပိုင်ပစ္စည်းအဖြစ် စစ်မှုထမ်းက အလွဲသုံးစားလုပ်ကြတယ်။ ဗိုလ်နေ၀င်းစစ်အုပ်စု အာဏာသိမ်းတော့ ဆိုရှယ်လစ်နိုင်ငံ ထူထောင်မယ်ဆိုပြီး ပုဂ္ဂလိကပိုင်လုပ်ငန်းတွေကို နိုင်ငံပိုင် လုပ်လိုက်တယ်။ အဲဒီနိုင်ငံပိုင်လုပ်ငန်းတွေကို စစ်ဗိုလ်လူထွက်က ဦးဆောင်တာများတယ်။

နိုင်ငံပိုင်ပြည်သူပိုင်လို့ အမည်ပေးထားပေမယ့် တကယ်ပိုင်တာက စစ်သူခိုးနဲ့ အပေါင်းပါတွေပဲ။ ဒါကြောင့် မဆလဆိုရှယ်လစ်ခေတ်မှာ နိုင်ငံတော်အလံကအစ ပြောင်းလဲလိုက်ပေမယ့် အမျိုးသားသီးချင်းကိုတော့ မပြောင်းဘူး။ ‘တို့ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးပေ’ ဆိုတာလေးကို သဘောကျတယ်ထင်ပါရဲ့။ နိုင်ငံပိုင်ပစ္စည်းကို မိမိရဲ့ ဘိုးဘွားပိုင်ပစ္စည်းလို အသုံးပြုနေတာ စစ်တပ်ပဲ။

အခုတော့ မဆလခေတ်က နိုင်ငံပိုင်လုပ်ထားတဲ့ လုပ်ငန်းတွေကို စစ်ဗိုလ်လူထွက်နဲ့ အသိုင်းအ၀ိုင်းကို လက်သိပ်ထိုးဖြန့်ဝေ ပေးနေတယ်။ ကြပ်ပြေးသန်းရွှေရဲ့ လက်စွဲတော်ကြီး တေဇနဲ့ ငါရရွှေမန်းရဲ့သား အောင်သက်မန်းတို့က ဦးဆောင်ပြီး အစိုးရပိုင် ဓာတ်ဆီ (၂၅၆) ဆိုင်ကို မတ်လကုန်မှာ အားလုံးပုဂ္ဂလိက လက်ထဲရောက်အောင် လုပ်နေကြတယ်။ တေဇက ဥက္ကဋ္ဌလုပ်ပြီး အောင်သက်မန်း အတွင်းရေးမှူးလုပ်တဲ့ လောင်စာဆီတင်သွင်းသူနဲ့ ဖြန့်ဝေသူများအသင်းမှာ အသင်းသား (၁၀၀) ကျော် ရှိတယ်ဆိုပဲ။ စစ်ဗိုလ်အသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်တွေဖြစ်ဖို့များတယ်။ ဓာတ်ဆီဓာတ်ငွေ့ကလည်း ဒိုးဘိုးဘွားအမွေအနှစ်ပဲလေ။

ရန်ကုန်ဆိပ်ကမ်းအာဏာပိုင်က ဆိပ်ကမ်း (၃) ခု တည်ဆောက်ခွင့် နီးစပ်သူတွေကို ပေးဖို့စီစဉ်တယ်။ အလုံဆိပ်ကမ်းနဲ့ ကျောက်တန်းမြို့နယ်က သီလ၀ါဆိပ်ကမ်းကို ဘိန်းမှောင်ခိုလော်စစ်ဟန်ရဲ့ အေးရှားဝေါလ်ကုမ္ပဏီက တည်ဆောက်ပြီး ပိုင်ဆိုင်ထားတယ်။ ရန်ကုန် ကမ်းနားလမ်းက ဘတ်စ်ကားဂိတ်၊ ကုန်လှောင်ရုံ၊ ဈေး၊ အစိုးရရုံးနဲ့ ဟိုတယ်တွေကို ဖယ်ရှားပြီး ဆိပ်ကမ်းဆောက်မှာကို စိုးရိမ်မကင်း ဖြစ်နေကြတယ်။ လော်စစ်ဟန်ရဲ့ အေးရှားဝေါလ်ကုမ္ပဏီကပဲ ဆိပ်ကမ်းသစ်တွေဆောက်ဖို့ ကန်ထရိုက်ရထားကြောင်း သိရတယ်။ ကြယ်ငါးပွင့်သင်္ဘောလိုင်းကိုလည်း စစ်တပ်ကုမ္ပဏီ ဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလက်ထဲ လွှဲပြောင်းပေးမယ်လို့လည်း သတင်းထွက်နေတယ်။

CDMA တယ်လီဖုန်းကတ် (၅) သိန်း ရောင်းပိုင်ခွင့်ကို ထူးကုမ္ပဏီခွဲတခုဖြစ်တဲ့ အီလိုက်ကုမ္ပဏီက ရရှိသွားတာဟာ ကျပ်ငွေကုဋေ (၃,၀၀၀) ပိုပြီး ချမ်းသာသွားတာပဲ။ ရေအားလျှပ်စစ်စက်ရုံ (၂) ခု တည်ဆောက်ဖို့ ထူးကုမ္ပဏီက ကန်ထရိုက်ရထားတယ်။ လုပ်ငန်းကြီးတွေဟာ တာဝန်ယူတည်ဆောက်တဲ့ ကုမ္ပဏီပိုင်ပစ္စည်း ဖြစ်သွားပြီး နောင်အခါမှ အစိုးရလက်ထဲ လွှဲပြောင်းပေးမယ်ဆိုတဲ့သဘောပဲ။ ဒါမျိုးကို BOOT-Build-Operate-Own-Transfer စနစ်လို့ ခေါ်တယ်။ ဒီလိုစီမံကိန်းတွေမှာ အရင်းပြန်ရဖို့ အချိန်ကြာတတ်တာမို့ နှစ်ပေါင်းများစွာ ပုဂ္ဂလိကပိုင်ဖြစ်နေတတ်တယ်။ BOOT စနစ်ကို အခြားနိုင်ငံတွေမှာလည်း သုံးပါတယ်။ ကွာခြားတာကတော့ မြန်မာပြည်မှာ ဒီစနစ်ကို စတင်ကျင့်သုံးသူဟာ ဘိန်းမှောင်ခိုတဖြစ်လဲ လော်စစ်ဟန်ရဲ့ အေးရှားဝေါလ်ကုမ္ပဏီဖြစ်နေတာပါပဲ။

နအဖခေတ်က မွေးထုတ်လိုက်တဲ့ ကုဋေကြွယ်သူဌေးအနည်းငယ်ထဲမှာ ဗိုလ်ချုပ်မောင်အေးနဲ့ ရင်းနှီးတဲ့ အောင်ကိုဝင်း (ခေါ်) ဆရာကျောင်းဆိုသူလည်း ပါဝင်တယ်။ အောင်ကိုဝင်းဟာ ကမ္ဘောဇဘဏ်ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး အနောက်တိုင်းက ဒဏ်ခတ်အရေးယူ ခံရသူဖြစ်တယ်။ နိုင်ငံပိုင် MAI အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းကို ကမ္ဘောဇဘဏ်က (၈၀) ရာခိုင်နှုန်း ၀ယ်ယူတဲ့သတင်း မကြာမီက ထွက်လာတယ်။ MAI ဟာ နိုင်ငံပိုင် မြန်မာ့လေကြောင်းနဲ့ စင်ကာပူကုမ္ပဏီတို့ ၁၉၉၃ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ဖက်စပ်လုပ်ငန်းဖြစ်တယ်။ အခုတော့ နိုင်ငံပိုင်အစုရှယ်ယာကို ကမ္ဘောဇဘဏ်က ယူလိုက်သလို ဖြစ်သွားတယ်။

ပုဂ္ဂလိကပိုင်လုပ်တဲ့နည်းစနစ် (၃) မျိုးရှိတယ်။ ပထမနည်းက လုပ်ငန်းရဲ့ အစုရှယ်ယာကို ၀ယ်ယူတဲ့နည်းဖြစ်တယ်။
SIP---Share Issues Privatization ဖြစ်တယ်။ စတော့ဈေးကွက်မှာ အစုရှယ်ယာတွေကို ချရောင်းပြီး ပုဂ္ဂလိကပိုင်ဖြစ်အောင် လုပ်တာပဲ။ နအဖကတော့ သူပိုင်တဲ့ အစုရှယ်ယာကို မောင်အေးရဲ့ ဘော်ဒါ အောင်ကိုဝင်းလက်ထဲ ထိုးထည့်လိုက်တာပါပဲ။ ဘယ်လောက်လာဘ်ထိုးရတယ်ဆိုတာကိုတော့ အောင်ကိုဝင်းပဲ သိနိုင်တယ်။ ဒုတိယနည်းကတော့ လုပ်ငန်းတခုလုံးကို ရောင်းပစ်လိုက်တာဖြစ်လို့ Asset Sale Privatization လို့ခေါ်တယ်။ အများပြည်သူသိရအောင် လေလံတင်ပြီး ရောင်းချတာဖြစ်တယ်။

တတိယနည်းက ပုဂ္ဂလိကပိုင်လုပ်မယ့်လုပ်ငန်းရဲ့ အစုရှယ်ယာတွေအားလုံးကို နိုင်ငံသူနိုင်ငံသားတွေကို အခမဲ့ (သို့မဟုတ်) ငွေအနည်းငယ်ယူပြီး ဖြန့်ဝေလိုက်တာဖြစ်တယ်။ ဒီနည်းကို ဗောက်ချာစနစ် Voucher Privatization လို့ခေါ်တယ်။ ရုရှအစိုးရပိုင်လုပ်ငန်းတွေကို ၁၉၉၂ နဲ့ ၁၉၉၄ အတွင်း ပုဂ္ဂလိကပိုင်လုပ်ရာမှာ ဗောက်ချာစနစ်ကိုသုံးတယ်။ နိုင်ငံပိုင်လုပ်ငန်းတွေရဲ့ ပိုင်ရှင်ဖြစ်တဲ့ နိုင်ငံသူနိုင်ငံသားတွေကို ပိုင်ဆိုင်ခွင့်ရှိကြောင်း သက်သေပြတဲ့ ဘောက်ချာလက်မှတ် ထုတ်ပေးမယ်။ နိုင်ငံပိုင်ပစ္စည်းမှာ တိုင်းသူပြည်သားတိုင်း အစုရှယ်ယာလေးတွေ ပိုင်ဆိုင်ကြောင်းဖော်ပြတဲ့ လက်မှတ်ဖြစ်တယ်။ ဒါပေမယ့် ဆင်းရဲတဲ့ပြည်သူလူထုဟာ သူတို့ပိုင်တဲ့ ဘောက်ချာလက်မှတ်တွေကို ချက်ချင်းရောင်းစားတဲ့အတွက် အုပ်ချုပ်ရေးဌာနက လူတစုလက်ထဲပဲ ပြန်ရောက်သွားတယ်။ ဒီလိုနဲ့ပဲ ကုဋေကြွယ်သူဌေးတစုကို ရုရှအစိုးရက မွေးထုတ်ပေးလိုက်သလိုဖြစ်သွားတယ်။

မြန်မာပြည်မှာတော့ ပြည်သူပိုင်/နိုင်ငံပိုင်လို့ ပြောနေပေမယ့် တကယ်ပိုင်သူက စစ်တပ်ပဲ။ ဒါကြောင့် စစ်တပ်ကို လာဘ်ထိုးနိုင်သူတွေပဲ စစ်တပ်ဆိုရှယ်လစ်ခေတ်မှာ သူဌေးဖြစ်ကြတယ်။ အဲဒီအထဲမှာ ထူးကုမ္ပဏီနဲ့ ဘိန်းမှောင်ခို လောစစ်ဟန်တို့ပါဝင်တယ်။ စစ်တပ်ရဲ့ ဈေးကွက်စနစ်မှာလည်း သူတို့ဟာ အရေးကြီးတဲ့ အခန်းက ပါဝင်လာတယ်။ စစ်ခေါင်းဆောင်တွေလိုချင်တာကို သူတို့က ပေးနိုင်သလို သူတို့အတွက် စစ်ခေါင်းဆောင်က စားပေါက်ထွင်ပေးတယ်။ ကြပ်ပြေးနေပြည်တော် ဇဗ္ဗူသီရိမြို့နယ် ရာဇသင်္ဂဟလမ်းအရှေ့ဘက်မှာ မဏိရတနာလို့ အမည်ပေးထားတဲ့ ကျောက်စိမ်းရောင်းဝယ်ရေးခန်းမကို ထူးထရေးဒင်း ကုမ္ပဏီက တည်ဆောက်နေတာ တမင်စားပေါက်ထွင်ပေးတာပဲ။

စီးပွားရေးတိုးတက်ဖွံ့ဖြိုးလာရင် ဆင်းရဲနွမ်းပါးမှု လျော့နည်းလာမယ်လို့ ဆိုပေမယ့် မြန်မာပြည်မှာတော့ ဆင်းရဲသားလူတန်းစားရဲ့ အခြေအနေဟာ ပိုဆိုးလာတာတွေ့ရတယ်။ လူချမ်းသာတွေ ခံစားရတဲ့ အကျိုးအမြတ်ဟာ အနည်းအကျဉ်းတောင် ဆင်းရဲသားဆီကို ရောက်မသွားတဲ့အတွက် ဆင်းရဲသားတွေ သက်သာချောင်ချိအောင် အစိုးရက ၀င်ရောက်ဆောင်ရွက်ပေးဖို့ လိုတယ်။ အများအားဖြင့် ပုဂ္ဂလိကပိုင်လုပ်လို့ဖြစ်ပေါ်လာတဲ့ လူမှုရေးအကျိုးဆက်တွေကို လျစ်လျူရှုကြတယ်။

နိုင်ငံပိုင်လုပ်ငန်းကို ပုဂ္ဂလိကပိုင်လုပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖွံ့ဖြိုးစနိုင်ငံတွေအနေနဲ့ သင်ခန်းစာယူနိုင်အောင် အာရှဖွံ့ဖြိုးရေးဘဏ်က ၂၀၀၁ ခုနှစ် ဒီဇင်ဘာလမှာ (၅၉) မျက်နှာ အစီရင်ခံစာတစောင် ထုတ်ဝေလိုက်တယ်။ နိုင်ငံပိုင် (သို့မဟုတ်) အစိုးရပိုင်လုပ်ငန်းကို ပုဂ္ဂလိက ကုမ္ပဏီလက်ထဲ လွှဲပြောင်းရာမှာ လိုက်နာရမယ့် မူဝါဒတွေကို ဖော်ပြထားတယ်။ ပုဂ္ဂလိကပိုင်လုပ်တဲ့ စီမံကိန်းဟာ တိုင်းပြည်စီးပွားရေးလမ်းစဉ်ရဲ့ အစိတ်အပိုင်းတခုသာ ဖြစ်ရပါလိမ့်မယ်တဲ့။ ဒါဟာ မကြာမီ သက်တမ်းကုန်တော့မယ့် နအဖ အစိုးရအတွက် မဖြစ်နိုင်တဲ့ ကိစ္စပါပဲ။ ပုဂ္ဂလိကပိုင်လုပ်ရာမှာ ပြိုင်ဆိုင်မှု၊ စည်းကမ်းရှိမှု၊ သိသာမြင်သာမှု ရှိရပါလိမ့်မယ်။ နအဖကတော့ သူနဲ့နီးစပ်သူတွေကိုသာ လက်သိပ်ထိုးပေးတယ်။ ပုဂ္ဂလိကပိုင်လုပ်မယ့် အစီအစဉ်ကို တပြည်လုံးသိရအောင် လူထုပညာပေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ရမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ဆိုတယ်။ ဒီလိုအပ်ချက်ဟာ မြန်မာပြည်မှာ လုံးဝကင်းမဲ့နေတယ်။ ပုဂ္ဂလိကပိုင်လုပ်ရေး အစီအစဉ်နဲ့အတူ လူမှုဖူလုံရေးအစီအစဉ်ကိုပါ အကောင်အထည်ဖော်ရမယ်လို့ ဆိုပါတယ်။ ပုဂ္ဂလိကပိုင်လုပ်လိုက်လို့ ဒုက္ခဖြစ်သွားမယ့် အလုပ်သမားတွေကို ကူညီတဲ့ အစီအစဉ်ပါပဲ။ ဒါမျိုးကို နအဖစစ်အစိုးရက စိတ်ကူးထဲထောင် ထည့်တာမဟုတ်ဘူး။ အကြောင်းကတော့ နိုင်ငံပိုင်ပစ္စည်းတွေကို ပုဂ္ဂလိကပိုင်လုပ်တဲ့ နအဖစစ်အစိုးရဲ့ အစီအစဉ်ဟာ သူခိုးလက်က သူဝှက်လက်ထဲ လွှဲပြောင်းလိုက်တဲ့ အစီအစဉ်ဖြစ်နေလို့ပါပဲ။



No comments: