ငြိမ်းဝေ
(၁)
တရားရုံး အပြင်ဘက်တွင် မိုးရိပ်များ မှိုင်းနေသည်။ လူမစည်ကားအပ်သည့် နေရာဖြစ်သည်ဟု အဆိုရှိသော်လည်း တရားရုံး, ရုံးဝန်းထဲတွင် လူတွေ ဟိုတစုသည်တစု တွေ့နေရသည်။ မနက် ၈ နာရီထိုးတော့ ရုံးဝန်းထဲတွင် လူတွေ များသည်ထက် များလာသည်။ လူတချို့က တရားရုံး အဖီစွန်းအောက်တွင် ရပ်နေသည်။ တချို့ကမူ ရုံးဝန်းထဲက သစ်ပင်များအောက် ဈေးဆိုင်တန်းဘေးတွင် ရပ်သူက ရပ်၊ ထိုင်သူက ထိုင်၊ တရားရုံး ဝန်ထမ်းတချို့က ရုံးခန်းထဲ ဝင်လိုက်ထွက်လိုက်။
ရုံးခန်းများနှင့် တဆက်တစပ်တည်းရှိသည့် အဆောက်အဦးတခု၏ ပိတ်ထားသော အဝင်ပေါက်တွင် ကျနော်တို့လူသိုက် ရပ်လျက်စောင့်နေကြသည်။ ထိုအဆောက်အဦးမှာ ရုံးထုတ်လာသူ တရားခံများ ယာယီချုပ်နှောင်ထားရှိရာ အချုပ်ခန်းဖြစ်သည်။ ဦးခင်မောင်ဝင်း၏ ဇနီးဖြစ်သူက ရုံးဝန်းအပေါက်ဝဘက်ကို ကြည့်နေသည်။ လက်ထဲတွင် ၄ ဆင့် ထမင်းချိုင့်ကို ဆွဲလျက်။
ရုံးဝန်းထဲကို ခရီးသည်တင် ကားတစီး ဝင်လာတော့ ကျနော်တို့လူသိုက် သစ်ပင်များရှိရာသို့ လျှောက်သွားလိုက်ကြသည်။ ကားပေါ်တွင် “ဦးခင်မောင်ဝင်း” နှင့် ရဲသားတချို့ ပါလာသည်ကို တွေ့ရသည်။ ဦးခင်မောင်ဝင်းနှင့်အတူ ရဲသား ၃ ဦး ကားပေါ်မှ ခေါင်းငုံ့ပြီး ဆင်းသည်။ ဦးခင်မောင်ဝင်းက ကျနော်တို့လူသိုက်ကို လက်ထိတ်ခတ်ထားသည့် လက်နှစ်ဖက်နှင့် မြှောက်ပြနှုတ်ဆက်သည်။ သည်လို အခြေအနေအောက်တွင် ရောက်နေသည့်တိုင် ဦးခင်မောင်ဝင်းက ကျနော်တို့ကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်သည်ကိုကြည့်ကာ ကျနော့်မှာ အံ့သြလေးစားရသည်။ ကျနော်တို့အားလုံး သူ့ကို ပြန်လည်ပြုံးပြ နှုတ်ဆက်ကြသည်။
“သြော် … ဆရာလည်း လိုက်လာတာကိုး၊ ဘယ်လိုလဲ ဆရာ့အမျိုးသမီး နေထိုင်ကောင်းရဲ့လား ခင်ဗျ”
ကျနော့်ဇနီးက ကျန်းမာရေးမကောင်းသည်ကို ဦးခင်မောင်ဝင်း သိသည်။ ထို့ကြောင့် ကျနော့်ကို တွေ့တွေ့ချင်း အခုလို နှုတ်ဆက်လိုက်ခြင်း ဖြစ်သည်။ ကျနော်က ကျနော့်ဇနီး ကျန်းမာကြောင်း ဦးခင်မောင်ဝင်းကိုလည်း ကျန်းမာရေးကောင်းစွာ တွေ့ရလို့ ဝမ်းသာကြောင်း စကားပြန်ပြောရသည်။
“ဟုတ်ကဲ့ နေကောင်းအောင် နေရမှာပေါ့ဆရာရယ်။ နေမကောင်းလို့လည်း မဖြစ်ဘူးလေ။ ကျနော်တို့ကို သေအောင်သတ်ချင်နေတာပဲဟာ။ ကျနော်တို့က မသေအောင်နေမှ ဖြစ်မှာပေါ့ဆရာရဲ့ … ဟုတ်တယ်မို့လား ”
ဦးခင်မောင်ဝင်းရဲ့ စကားလေသံကိုကြားတော့ ကျနော် ကိုယ်ချင်းစာမိသည်။ ပင်ကိုယ်အားဖြင့် ဦးခင်မောင်ဝင်းက စိတ်ခက်ထန်တတ်သူမဟုတ်။ လက်ရှိအခြေအနေများက နဂိုအားဖြင့် စိတ်ဓာတ်အေးချမ်းသူ ဦးခင်မောင်ဝင်းကို စိတ်ဓာတ်ခက်ထန်သူ ဖြစ်လာရအောင် တွန်းပို့ခဲ့ကြသည်ကို ကျနော် တွေးမိသည်။
ဒု-လုံခြုံရေး ရဲမှူးလုပ်သူက ရှေ့မှ ဦးဆောင်ကာ အချုပ်ခန်းရှိရာ လျှောက်လာကြသည်။ ဦးခင်မောင်ဝင်းကို အချုပ်ခန်းအတွင်း သွင်းလိုက်ကြသည်။ ကျနော်တို့လူသိုက်က အချုပ်ခန်းအပေါက်ဝတွင် မတ်တပ်ရပ်ရင်း ကျန်ရစ်ခဲ့ကြသည်။ ခဏအကြာတွင် ဦးခင်မောင်ဝင်းကို အချုပ်ခန်းထဲမှ အပြင်သို့ပြန်ထုတ်ပေးမည်ဟု သိရသည်။ သူ့အား လာတွေ့သူများနှင့် ဆယ်မိနစ်ခန့် တွေ့ဆုံစကားပြောခွင့်ပေးမည်ဖြစ်သည်။
စာရွက်စာတမ်းတချို့ကိုင်ကာ ဒု-လုံခြုံရေးရဲမှူးတဦး၊ ရုံးခန်းဖက်မှ အချုပ်ခန်းဆီ ပြန်ရောက်လာပြီးနောက် ဦးခင်မောင်ဝင်းကို အပြင်သို့ထုတ်ပေး၏။ ဦးခင်မောင်ဝင်းက လက်ထိတ်တန်းလန်းနှင့်ပင် ကျနော်တို့ကို ပြုံးပြနှုတ်ဆက်သည်။ ကျနော်တို့က ဦးခင်မောင်ဝင်း၏ ဇနီးကို ဦးစားပေးသည့်အနေနှင့် နောက်ဆုတ်ပေးကြသည်။ သို့သော် ဦးခင်မောင်ဝင်းက ကျနော်တို့ကိုသာ ဦးစားပေးပြီး ပြုံးပြသည်။ မြို့နယ် အဖွဲ့ချုပ်ရုံး၏ နောက်ဆုံးအခြေအနေကို မေးသည်။ ရဲဘော် တဦးချင်းစီ၏ အခြေအနေကို မေးသည်။ ပြီးတော့မှ သူ့ဇနီးနှင့်သူ ထမင်းချိုင့်ဘေးချကာ စကားပြောသည်။ ဦးခင်မောင်ဝင်းတို့ ဇနီးမောင်နှံနှစ်ဦး လွတ်လပ်စွာ စကားပြောနိုင်ဖို့အတွက် ကျနော်တို့အားလုံး ထိုနေရာမှ ခွာလိုက်ကြသည်။ ရုံးဝန်းထဲက သစ်ပင်များအောက် လျှောက်လာခဲ့ကြသည်။
အုတ်တွင်းမြို့ တရားရုံးအဆောက်အဦးမှာ သိပ်ပြီး မကျယ်ဝန်းလှပါ။ ဆေးနီများ သုတ်ထားသဖြင့် ကျနော့်စိတ်ထဲ ဆေးရုံဟောင်းနှင့် တူနေသည်ဟုပင် စဉ်းစားမိသည်။ တရားရုံးဝန်းအတွင်း ခရီးသည်တင် ကားတစီး ဝင်လာသည်။ ကားပေါ်မှ လူတချို့ဆင်းသည်။ ကျနော်တို့ကိုတွေ့တော့ လက်ကိုယ်စီမြှောက်ကာ နှုတ်ဆက်သည်။ ကျနော်တို့ရှိရာ လျှောက်လာကြသည်။ ကျနော်တို့ကလည်း ပြန်လည်နှုတ်ဆက်လိုက်ကြသည်။ သူတို့က ဦးခင်မောင်ဝင်း ရုံးထုတ်နေ့တွင် လာရောက်တွေ့ဆုံအားပေးကြသည့် အဖွဲ့ချုပ် အဖွဲ့ဝင်များ ဖြစ်ကြသည်။
တရားရုံးအဆောက်အဦးဘက်ကို လူတချို့ သွားနေသည်ကို တွေ့တော့ ကျနော်တို့သည်လည်း ရုံးဖက်ကို သွားကြသည်။ ကျနော်တို့လူသိုက် တရားရုံး ခန်းမထဲဝင်ခွင့်ရတော့ တရားသူကြီးက မရောက်လာသေး။ လူတွေ နေရာယူထိုင်ကြသည်။ မည်သူမျှ စကားကျယ်ကျယ် မပြောကြ။ ခန်းမထဲ၌ ချောင်းဟန့်သံသည်ပင် ကျယ်လောင်စွာ ကြားရသည်။ ခဏအကြာတွင် ရုံးခန်းထဲသို့ ဦးခင်မောင်ဝင်းကို ခေါ်လာခဲ့ကြသည်။ လက်ထိတ်ခတ်လျက် ရှေ့မှဝင်လာသည့် ဦးခင်မောင်ဝင်းက ခန်းမထဲမှ လူတွေကို လက်မြှောက်ပြီး ပြုံးပြနှုတ်ဆက်သည်။ တရားခံထားရှိရာ ခြံကလေးထဲ ဝင်ထိုင်သည်။ ရဲသားနှစ်ဦးက ခြံဘေး တဖက်တချက်စီတွင် ထိုင်သည်။
တရားသူကြီးဖြစ်သူ ခန်းမထဲဝင်လာတော့ လူတွေအားလုံး မတ်တပ်ရပ်ကြရသည်။ တရားသူကြီးက စင်မြင့်ပေါ်က ကုလားထိုင်တွင်ထိုင်သည်။ ကျနော်တို့အားလုံး ကိုယ့်နေရာကိုယ် ပြန်ထိုင်သည်။ ဦးခင်မောင်ဝင်းကမူ နေရာတွင် ပြန်မထိုင်ဘဲ မတ်တပ်ရပ်နေဆဲ။ လူတွေက ဦးခင်မောင်ဝင်းကို လှမ်းကြည့်ကြသည်။ ဦးခင်မောင်ဝင်းက တစုံတရာပြောရန် ဟန်ပြင်သည်။ လက်ထိတ်ခတ်ထားသော လက်နှစ်ဖက်ကို မြှောက်ပြသည်။
“ကျနော့်ကို လက်ထိတ်ဖြုတ်ပေးပါ တရားသူကြီးမင်း ခင်ဗျား”
လူတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ တရားသူကြီးက ရုတ်တရက် မည်သို့မျှ ပြန်မပြောသေး။ ဦးခင်မောင်ဝင်းကလည်း မြှောက်ထားသည့်လက်ကို ပြန်မချသေး။
ထိုနေ့က တရားရုံးခန်းမထဲက လက်ထိတ်တန်းလန်းနှင့် လက်ကိုမြှောက်ထားသည့် ဦးခင်မောင်ဝင်း၏ ရုပ်ပုံလွှာမှာ ကျနော့်မျက်စေ့ထဲ စွဲထင်နေသည်။ တရားသူကြီးက လက်ထိတ်ဖြုတ်ပေးရန် ပြောလိုက်ပြီးနောက် မည်သည့် စစ်ဆေးချက်မှမပြုလုပ်ပဲ ရမန်ကြီး နောက်တကြိမ် သတ်မှတ်ပေးလိုက်သည်ကိုပင် ကျနော် သတိမထားမိတော့။ အသားဖြူဖြူ ခန္ဓာကိုယ်ကြံ့ခိုင်သူ လက်ထိတ်တန်းလန်းနှင့် လက်နှစ်ဖက်မြှောက်ပြီး ရပ်နေသည့် ဦးခင်မောင်ဝင်း၏ ရုပ်ပုံလွှာသည်သာ ကျနော့်စိတ် အာရုံထဲ စွဲထင်နေလေသည်။
(၂)
၁၉၈၈ ခုနှစ် သြဂုတ်လ၊ ၈ ရက်။ ကျွဲပွဲမြို့။
လမ်းလုံးပြည့် လျှောက်လာနေသည့် လူအုပ်၏ ရှေ့တွင် ဦးခင်မောင်ဝင်းကို တွေ့ရသည်။ သူနှင့် ရင်ဘောင်တန်း လျှောက်လာနေသူက ကိုဖေအောင် ဖြစ်သည်။ အမှန်စင်စစ် သူတို့ ၂ ဦးနှင့် ကျနော့်မှာ ထိုစဉ်က လူချင်းသိကျွမ်းသူများ မဟုတ်ကြသေးပါ။ သို့သော် ကျွဲပွဲမြို့လေးတွင် ဒီမိုကရေစီရေး သပိတ်တိုက်ပွဲ စတင်နေသည့် ၂ ရက်အတွင်း သူတို့နှစ်ဦး၏နာမည်မှာ ရန်ကုန်-မန္တလေး ကားလမ်းမတလျှောက် ကျော်ကြားစ ပြုလာခဲ့၏။ ထို့ကြောင့် သူတို့ ၂ ဦးကို အများနည်းတူ ကျနော်လည်း သိရှိလာခြင်း ဖြစ်သည်။
ကျွဲပွဲမြို့ကလေးတွင် သပိတ်တိုက်ပွဲ စတင်ဖြစ်ပေါ်စဉ်က အနီးအနားမြို့များ ဖြစ်ကြသည့် ဖြူး၊ ဇေယျဝတီ၊ ညောင်ခြေထောက်နှင့် အုတ်တွင်းမြို့တို့တွင် သပိတ်တိုက်ပွဲများ မစတင်နိုင်သေးပါ။ ကျွဲပွဲမြို့ကလေးက သပိတ်တိုက်ပွဲသတင်းမှာ နီးစပ်ရာမြို့တွေ ရွာတွေဆီသို့ တောမီးလို တဟုန်ထိုး ပြန့်သွားခဲ့၏။ နီးစပ်ရာ မြို့များမှ စိတ်ဓာတ်တက်ကြွသူများက ကျွဲပွဲမြို့ သပိတ်တိုက်ပွဲ ခေါင်းဆောင်များဖြစ်ကြသည့် ဦးခင်မောင်ဝင်းနှင့် ကိုဖေအောင်တို့ထံ တဖွဲဖွဲလာရောက်တွေ့ဆုံခဲ့ကြ၏။ ဦးခင်မောင်ဝင်းကလည်း ကုန်တင်ကား ၃-၄ စီးပေါ်တွင် ဆန္ဒပြလူ,အပြည့်တင်ကာ နီးစပ်ရာ အုတ်တွင်း၊ ဖြူး၊ ညောင်ခြေထောက် အစရှိသည့် မြို့များသို့ ချီတက်လျက် နယ်ခံ စိတ်ဓာတ်တက်ကြွသူများကို သွားရောက်အားပေးခဲ့၏။ တနိုင်ငံလုံး တခဲနက် ဆန္ဒပြရန် သတ်မှတ်ထားသည့် ၈၊ ၈၊ ၈၈ နေ့သို့ရောက်သောအခါ ထိုမြို့တွေအားလုံး ဆန္ဒပြပွဲများ စုံညီစွာ ဖြစ်ပေါ်လာနိုင်ခဲ့တော့သည်။
ထိုစဉ်က ကျနော်က ကျွဲပွဲမြို့ကလေးနှင့် နီးသည့် စစ်တောင်းမြစ်ကမ်း သောင်ပုရွာတွင် နေထိုင်သူ ဖြစ်သည်။ တောင်ငူတွင် ဆန္ဒပြပွဲ ဖြစ်ပွားစဉ်ကတည်းက တောင်ငူရွှေဆံတော်ကုန်း ဆန္ဒပြခေါင်းဆောင်များထဲက လူတချို့နှင့် အဆက်အသွယ် ယူထားခဲ့၏။ သို့သော် ကျွဲပွဲမြို့ ဆန္ဒပြခေါင်းဆောင်များနှင့်မူ အကြောင်းကြောင်းကြောင့် ရုတ်တရက် အဆက်အသွယ် မလုပ်နိုင်သေး။
ဆန္ဒပြချီတက်လာသည့် လူအုပ်ကြီးကို ငေးမောနေစဉ် လူအုပ်ကြီးမှာ ကျနော့်ရှေ့သို့ ရောက်လာနေပြီဖြစ်သည်။ ကျနော်သည်လည်း လူအုပ်ထဲသို့ ရောဝင်လိုက်ပါလာခဲ့၏။ လူအုပ်ထဲတွင် ကျနော်နှင့် မျက်မှန်းတန်းမိသူများ ပါလာခဲ့သည်။ အများစုကိုမူ ကျနော်မသိ။ ကျနော်တို့ဆန္ဒပြလူစုမှာ လမ်းဆုံကိုရောက်တော့ လူပင်လယ်ကြီး ဖြစ်လာခဲ့သည်။ ကျနော်တို့နှင့် မျက်နှာချင်းဆိုင်ဖက်မှ တခြားလူအုပ်ကြီး ချီတက်လာနေသည်ကိုလည်း တွေ့ရသည်။ ကျနော်တို့၏ ဘယ်ဘက် မြို့ထဲဘက်ဆီကလည်း လူအုပ်ကြီး ချီတက်လာနေသည်ကို တွေ့ရသည်။
ကျနော်တို့လူအုပ်က မြို့ထဲဖက်ကလာသည့် လမ်းနှင့် ရန်ကုန်-မန္တလေး ကားလမ်းဆုံရာ လမ်းဆုံတွင် ရပ်နေကြသည်။ လူတချို့က ဘယ်က ဆွဲယူသယ်လာမှန်းမသိ၊ စားပွဲတလုံးကို လမ်းဆုံတွင် ချထားလိုက်သည်။ ဦးခင်မောင်ဝင်းက စားပွဲခုံပေါ်တက်သည်။ စကားပြောခွက်ကို လက်ကကိုင်သည်။ လော်စပီကာထဲက ထွက်ပေါ်လာသည့် သူ့အသံက ပတ်ဝန်းကျင်ကို လွှမ်းသွားသည်။
“ကျွဲပွဲမြို့ ပြည်သူလူထု အပေါင်းတို့ခင်ဗျား၊ ဒီကနေ့ဟာ ကျနော်တို့တနိုင်ငံလုံး ဒီမိုကရေစီတောင်းဆို ဆန္ဒပြကြတဲ့နေ့၊ ၈ ရက် ၈ လ ၈၈ ရက်နေ့ ဖြစ်ပါတယ်။ ၈ လေးလုံးနေ့ ဖြစ်ပါတယ်၊ သမိုင်းဝင် နေ့ဖြစ်ပါတယ်။ ဒီလိုနေ့မျိုးမှာ ကျနော်တို့ ကျွဲပွဲမြို့လူထုဟာလည်း ဒီဆန္ဒပြသပိတ်တိုက်ပွဲကြီးမှာ အခုလို အောင်အောင်မြင်မြင် ပါဝင်တိုက်ပွဲဝင်လာကြတာကို တွေ့ရတဲ့အတွက် ကျနော်တို့ သပိတ်တိုက်ပွဲ ကော်မီတီအနေနဲ့ ဂုဏ်ယူမိတဲ့အကြောင်း ကျနော် ပထမဦးဆုံး ပြောလိုပါတယ်”
စားပွဲတလုံးပေါ်မှတဆင့် မတ်တပ်ရပ် စကားပြောနေသည့် ဦးခင်မောင်ဝင်း၏ အသံကို လူတွေအားလုံး ငြိမ်သက်စွာ နားထောင်နေကြသည်။ လူအုပ်ကြီးက လမ်းလုံးပြည့် နေရာယူထားသဖြင့် လမ်းမကြီးပေါ်က ကားတချို့မှာ လမ်းဘေးသို့ချကာ ခေတ္တရပ်ပေးထားကြရ၏။ အလံတွေ နေရာအနှံ့ လွှင့်ထူထားသဖြင့် လူတွေ ပိုပြီး စိတ်ဓာတ်တက်ကြွနေကြသည်။ ကျနော်က စားပွဲနှင့် ပိုပြီး နီးစေရန် လူအုပ်ကို တိုးခွေ့ပြီး ရှေ့ကို တိုးလာခဲ့သည်။
“ဆန္ဒပြချီတက်လာကြတဲ့ တိုက်ပွဲဝင် ရဲဘော်အပေါင်းတို့ခင်ဗျား၊ ဒီလိုနေ့မျိုးမှာ ကျနော် မှတ်မှတ်ရရ စကားတခွန်းတော့ ပြောလိုက်ချင်ပါသေးတယ်။ ဟိုး … လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၁ နှစ်က ကျနော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ဟောဒီလမ်းဆုံမှာပဲ ကျနော်တို့ ကျွဲပွဲမြို့လူထုကို လွတ်လပ်ရေးတရား လာဟောသွားခဲ့ဖူးပါတယ်။ ဒါကို အောင့်မေ့ပြီး ကျနော်တို့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားသမီး မျိုးဆက်သစ်များပီပီ ကျနော်တို့ရဲ့ ဒီမိုကရေးတိုက်ပွဲကို အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ လိုပါတယ်။ ကျနော်တို့ သပိတ်တိုက်ပွဲ ကော်မတီအနေနဲ့ကလည်း ဒီအရေးတော်ပုံကြီး အောင်မြင်တဲ့အထိ ကျွဲပွဲမြို့ လူထုကြီးရဲ့ ရှေ့က မားမားမတ်မတ် ရပ်တည်တိုက်ပွဲဝင်သွားမှာ ဖြစ်တဲ့အကြောင်း ကတိပေးအပ်ပါတယ်ခင်ဗျား”
စကားပြောပြီးနောက် ဦးခင်မောင်ဝင်းက စားပွဲခုံပေါ်က ဆင်းသည်။ လူတချို့က ဦးခင်မောင်ဝင်းကို လက်ဆွဲနှုတ်ဆက်နေကြ၏။ ကျနော်သည်လည်း ရှေ့ကိုတိုးလာလိုက်သည်။ ဦးခင်မောင်ဝင်းကို လက်ဆွဲနှုတ်ဆက်သည်။ ဦးခင်မောင်ဝင်းက ကျနော့်ကို ရုတ်တရက် လက်ကို ပြန်ရုပ်မပေးသေးဘဲ ခပ်တင်းတင်း ဆုပ်ထားနေသေးသည်။ ပြီးတော့မှ ကျနော့်ကို စေ့စေ့ကြည့်ကာ စကားတခွန်း ပြောသည်။
“အေးဗျာ … ဆရာ့ကို ကျနော်မျှော်နေတာ၊ အခုမှပဲ တွေ့ရတော့တယ်၊ ကျနော်တို့ အတူတွဲပြီး အလုပ်လုပ်ကြတာပေါ့ ဆရာရေ့”
ထိုနေ့က ကျွဲပွဲမြို့ ဆန္ဒပြပွဲတွင် ကျနော် ကြာကြာမနေပါ။ မနက် ၁ဝ နာရီခန့်တွင် ကျနော် ရွာကို ပြန်လာခဲ့သည်။ မြို့ဆိုးစက်လှေဂိတ်တွင် ဓာတ်စက်တလုံး စက်လှေပေါ်တင်ကာ စစ်တောင်းမြစ်ကမ်းတလျှောက် ဆန္ဒပြပွဲ စတင်ပြီဖြစ်ကြောင်း လိုက်လံ နှိုးဆော်ရန် ရွာကိုပြန်လာခဲ့ခြင်း ဖြစ်သည်။
စက်လှေပေါ် ရောက်လို့ စကားပြောခွက်ကို လက်ကကိုင်ထားစဉ် ကျွဲပွဲမြို့ ဆန္ဒပြပွဲတွင် စားပွဲတလုံးပေါ်တက်ပြီး စကားပြောနေသည့် ဦးခင်မောင်ဝင်းကို ကျနော့် မျက်စေ့ထဲ ပြန်လည်မြင်ယောင်နေမိသေး၏။
(၃)
ခန်းမအတွင်း တရားသူကြီး ဝင်ရောက်လာသည့်တွက် လူတွေ ထိုင်ရာမှ ထပြီး အရိုအသေ ပေးကြရသည်။ ထိုအခါ ကျနော့်အတွေးများမှာ ရုတ်တရက် ပြတ်တောက်သွားရ၏။ လွန်ခဲ့သော တနှစ်က ဦးခင်မောင်ဝင်းနှင့်အတူ စတင်သိကျွမ်းရပုံများ၊ ဦးခင်မောင်ဝင်းနှင့် ကျနော် အလုပ်အတူတွဲလုပ်ခဲ့ကြသည်များကို ကျနော် တွေးနေခဲ့မိခြင်း ဖြစ်သည်။
အမှန်စင်စစ် ဦးခင်မောင်ဝင်းကို ကျနော်က လူချင်းမသိရှိခင်ကတည်းက သူ့အကြောင်းများကို ကျနော် ကြားနေသိနေခဲ့ပြီး ဖြစ်သည်။ ထိုနည်းတူစွာ ဦးခင်မောင်ဝင်းကလည်း ကျနော့်ကို လူချင်း မသိခင်ကတည်းက သိနေနှင့်ပြီးဖြစ်သည်ဟု ပြောပြခဲ့၏။ သူက ဆန္ဒပြပွဲများကို ဦးစီးဦးဆောင်ပြုလုပ်မည် ရှိစဉ်က နယ်ခံ နိုင်ငံရေးနှင့် လူမှုရေးလုပ်ငန်း တက်ကြွသူများကို ကြိုတင်လေ့လာ မှတ်သားနေခဲ့သည်ဟု ဆိုပါသည်။ ထိုစဉ်က စစ်တောင်းမြစ်ကမ်း ကျေးရွာတချို့တွင် လူမှုရေးလုပ်ငန်းလုပ်ကိုင်နေသူဟု ယူဆရသူ ကျောင်းဆရာဟောင်း ကျနော့်ကို သူက ဆန္ဒပြပွဲ မတိုင်ခင်ကတည်းက ဆက်သွယ်ညှိနှိုင်းဖို့ ကြိုးစားခဲ့၏။ သို့သော် ဆန္ဒပြပွဲတွေ မဖြစ်ပေါ်စဉ်ကတည်းက ကျနော်က တောင်ငူမြို့ကိုတက်ကာ နိုင်ငံရေးတက်ကြွသူ လူငယ်တချို့နှင့် အလုပ်,လုပ်နေနှင့်ခဲ့သဖြင့် သူနှင့်ကျနော် ရုတ်တရက် မဆက်သွယ်နိုင်ခဲ့။
နောင်အခါ ဦးခင်မောင်ဝင်းနှင့်ကျနော် အလုပ်တွေ တွဲလုပ်လာခဲ့ကြသည်။ အုတ်တွင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်စည်းရုံးရေးကော်မတီတွင် သူက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တော့ ကျနော်က ပြန်ကြားရေးနှင့် သုတေသနတာဝန်ခံ လုပ်သည်။ ကျနော်တို့ အတူတွဲပြီး ကျေးရွာတွေ ဆင်းကြသည်။ စည်းရုံးရေး အခမ်းအနားတွေ လုပ်ခဲ့ကြသည်။ အမှန်စင်စစ် ကျနော့်ကို နိုင်ငံကိစ္စများ အချိန်ပြည့် လုပ်ကိုင်နိုင်အောင် ကျနော့် မိသားစု စားဝတ်နေရေးကိစ္စကိုပါ ဦးခင်မောင်ဝင်းက မကြာခဏဆိုသလို ဝင်ရောက်ကူညီ ဖြေရှင်းပေးခဲ့ရ၏။ အုတ်တွင်းမြို့နယ် အဖွဲ့ချုပ်ရုံး ဖွဲ့စည်းနိုင်ရေးကအစ၊ တည်တန့်ခိုင်မြဲရေး ကိစ္စများကို ဦးခင်မောင်ဝင်းသည် တဦးတည်း ဒိုင်ခံပြီး ငွေအားလူအား စိုက်ထုတ်ခဲ့၏။
ပါတီစုံ အထွေထွေရွေးကောက်ပွဲများ ပြီးသောအခါ ဦးခင်မောင်ဝင်းတို့မိသားစုမှာ စီးပွားရေးကျပ်တည်းစ ပြုတော့သည်။ နိုင်ငံရေးကိစ္စများမှာလည်း ပိုမိုရှုပ်ထွေး ခက်ခဲလာခဲ့သည်။ အုတ်တွင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖို့ အခြားမြို့နယ်များနီးတူ စိန်ခေါ်မှုပေါင်းစုံကို ကြုံကြရသည်။ ထိုစိန်ခေါ်မှု ဟူသမျှကို ဦးခင်မောင်ဝင်းသည် တချက်ကလေးမျှ မငိုင်မတွေဘဲ အစဉ်အမြဲ တက်တက်ကြွကြွ ရှေ့ဆုံးမှ ဦးဆောင်ဖြေရှင်းသည်။ တခါတရံ သူ့ကို ကျနော်က ဘေးမှကြည့်ကာ ရင်မောနေခဲ့ရဖူးသည်။
အခုတော့ အုတ်တွင်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ကော်မတီဥက္ကဋ္ဌလည်းဖြစ်၊ အုတ်တွင်းမြို့ မဲဆန္ဒနယ်အမှတ် ၂ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းမှာ တရားရုံးတက်ကာ အမှုရင်ဆိုင်နေရသည်။ စွဲဆိုထားသည့် အမှုက နိုင်ငံရေးပုဒ်မ မဟုတ်။ လောင်းကစားမှု ဖြစ်သည်။
လွန်ခဲ့သည့် ၂ လက၊ ရဲနှင့် ရပ်ကွက်လူကြီးတချို့ ဦးခင်မောင်ဝင်းအိမ်ကို ရောက်လာကြသည်။ ဦးခင်မောင်ဝင်းအား ပုဒ်မ ၅ နှင့် ဖမ်းဆီးအရေးယူရမည်ဟု ဆိုသည်။ အာဇာနည်နေ့ အခမ်းအနားကို မကျင်းပရန် မြို့နယ်အာဏာပိုင်များက တားမြစ်ထားသည်ကို လွန်ဆန်ပြီး အာဇာနည်နေ့အခမ်းအနား ကျင်းပခဲ့သောကြောင့် ဖြစ်သည်ဟု ဆိုသည်။ ထိုနေ့က မြို့နယ်ခေါင်းဆောင်များ အားလုံး ပါဝင်ပတ်သက်ခဲ့သော်လည်း ဦးခင်မောင်ဝင်း တဦးတည်းကိုသာ ကွက်ပြီး ဖမ်းဆီးရန် ရောက်လာကြခြင်း ဖြစ်သည်။
ဖမ်းဆီးရန် ရောက်လာသူများက အိမ်ပေါ်မှအဆင်းတွင် ကလေးများ ဆော့ကစားထားသည့် ချဲလက်မှတ်စာအုပ် အဟောင်းတအုပ်ကို တွေ့သွားကြသည်။ မည်သည့်ကလေးများ ဆော့ကစားထားခဲ့ကြသည်ကို ဦးခင်မောင်ဝင်း မိသားစုသည်ပင် မသိ။ သို့သော် ယင်း စုတ်ပြဲလျက်ရှိသည့် ချဲစာအုပ်အဟောင်းကိုပင် ရှာဖွေပုံစံတွင် ဖြည့်ကာ သိမ်းဆည်းခဲ့ကြသည်။ ထို့နောက် ဦးခင်မောင်ဝင်းကို ပုဒ်မ ၅ နှင့် တရားမစွဲဘဲ လောင်းကစားမှုဖြင့် သတင်းစာတွင် ကြေညာကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
(၄)
ကျနော့်အတွေးများက တရားသူကြီး၏ စကားပြောသံကြောင့် ရပ်တန့်ပြတ်တောက်သွားရပြန်သည်။ ရုံးခန်းထဲတွင် လူတွေငြိမ်သက်စွာ နားထောင်နေကြသည်။ ရုံးခန်းထဲတွင် လူတွေပြည့်နေသည့်တိုင် ရုံးခန်းတခုလုံး တိတ်ဆိတ်နေသည်။ စင်မြင့်ပေါ်ကတဆင့် ပြောနေသည့် တရားသူကြီး၏ စကားသံကို အတိုင်းသား ကြားနေရ၏။ ဦးခင်မောင်ဝင်း၏ ဇနီးမှာ ကျန်းမာရေး သိပ်မကောင်းသဖြင့် တန်းလျားပေါ်တွင် အားအင်ချိနဲ့စွာ ထိုင်နေသည်။ ဦခင်မောင်ဝင်းက တရားခံများ ထားရှိရာ ခြံကလေးထဲတွင် ခေါင်းကို မတ်မတ်ထားပြီး နားထောင်သည်။ တရားသူကြီးက စကားကို ရှည်ရှည်မပြောဘဲ နိဂုံးချုပ်လိုက်သည်။ ဦးခင်မောင်ဝင်းအား နောက်ထပ်ရမန်ကြီးတပတ် ချိန်းဆိုကြောင်း ပြောလိုက်သည်။ တရားသူကြီး၏ စကားဆုံးတော့ ထိုင်နေသည့် ရဲများက ထိုင်ရာက ထရပ်သည်။ လူတွေ ထိုင်ရာမှထရန် ဟန်ပြင်သည်။ ထိုစဉ်မှာပင် ဦးခင်မောင်ဝင်းထံမှ စကားပြောသံ ထွက်ပေါ်လာခဲ့၏။
“တရားသူကြီးမင်းခင်ဗျား၊ အခုဆိုရင် ကျနော့်အမှုကို စစ်ဆေးနေတာ ပြီးနေပါပြီ။ ထပ်ပြီးစစ်ဆေးစရာလည်း မရှိတော့ဘူးဆိုတာ တရားသူကြီးမင်းလည်း အသိဖြစ်ပါတယ်။ ဒါပေမဲ့ ဘာပြုလို့ စီရင်ချက်မချဘဲ ရမန်ကြီးရက်ပဲ ထပ်ကာတလဲလဲ ချိန်းပေးနေတာလဲခင်ဗျား။ ဒီကနေ့ဆိုရင်လည်း ကျနော့်အမှုနဲ့ပတ်သက်ပြီး ဘာတခုမှ နောက်ထပ် စစ်ဆေးမေးမြန်းတာတွေ မလုပ်ဘဲ ရမန်ကြီးရက်ပဲ ချိန်းပေးလိုက်တာဆိုတော့ တရားသူကြီးမင်းကို ကျနော် တခုတော့ မေးချင်ပါတယ် မေးခွင့်ပြုပါခင်ဗျား”
ထိုင်ရာမှ ထမည်ပြုနေသော တရားသူကြီးက မဝေခွဲတတ်သော မျက်လုံးများနှင့် ဦးခင်မောင်ဝင်းကို ပြန်ကြည့်နေသည်။ ကုလားထိုင်တွင် ပြန်ထိုင်လိုက်၏။ ရုံးခန်းထဲက လူတွေအားလုံး ဦးခင်မောင်ဝင်းဆီကိုသာ လှမ်းကြည့်ကြသည်။
ဦးခင်မောင်ဝင်းက စကားကို ရုတ်တရက် ဆက်မပြောသေးဘဲ နေရာတွင်ပင် မြဲမြဲရပ်သည်။ လက်ထိတ်ဖြုတ်ထားသဖြင့် လက်နှစ်ဖက်ကို ခြံကလေးပေါ် တင်သည်။ စင်မြင့်ပေါ် တည့်တည့်ကြည့်သည်။
“တရားသူကြီးမင်းခင်ဗျား။ ကျနော့်အမှုမှာ ဆက်ပြီးစစ်ဆေးဖို့ မလိုတော့သည့်တိုင်အောင် ဘာပြုလို့ ရမန်ကြီးရက်တွေပဲ ချိန်ပေးနေရတာလဲခင်ဗျား။ ဘာပြုလို့များလဲ။ ကျနော့်ကို ဘယ်နှနှစ်ချလိုက်ဆိုတဲ့ အထက်ကအမိန့်က မရောက်လာသေးလို့ စောင့်နေတာများလားခင်ဗျား”
ရုံးခန်းတခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားရသည်။ တရားသူကြီးသည်လည်း ထိုင်ရမလို ထရမလို ဖြစ်သွားသည်။ တဆက်တည်းသလို တရားသူကြီးက လက်တဖက်ကိုမြှောက်ကာ ဦးခင်မောင်ဝင်းကို တားမြစ်သည်။ ရုံးတော်ကို မထေမဲ့မြင်စကား မပြောဖို့ ပြောသည်။ ထို့နောက် ရဲသားများက ဦးခင်မောင်ဝင်းကို လက်ထိတ် အမြန်ခတ်ကြသည်။ ရုံးခန်းထဲမှ ခေါ်ထုတ်သွားကြသည်။
ရုံးခန်းပေါက်ဝကို ရောက်တော့ ဦးခင်မောင်ဝင်းက ကျနော်တို့ဘက်သို့ လှည့်ကြည့်သည်။ စကားတခွန်း ပြောလိုက်သည်။
“ရဲဘော်တို့ အလုပ်တွေ ဆက်လုပ်ကြပါ”
ရုံးခန်းထဲက အပြင်ကိုရောက်တော့ ကျနော်တို့လူသိုက် မည်သူမျှ စကားမပြောနိုင်ကြ။ ဦးခင်မောင်ဝင်း၏ ဇနီးမှာ မျက်ရည်များ ဝဲလျက်။ ကားဂိတ်ကို ကျနော်တို့ လျှောက်လာခဲ့ကြသည်။ အုတ်တွင်းမြို့ လမ်းဆုံ ကားဂိတ်တွင် လူတွေ ကားစောင့်နေကြသည်။ ကျနော်တို့က ကွမ်းယာဆိုင်ဘေး တနေရာ နေရိပ်တွင် ကျွဲပွဲမြို့သို့ ထွက်မည့် ခရီးသည်တင်ကားကို စောင့်ကြသည်။
ကားလမ်းဆုံတွင် ကားစောင့်နေစဉ် တချိန်က ဦးခင်မောင်ဝင်း ပြောဆိုခဲ့ဖူးသည့် စကားတချို့ကို မှတ်မှတ်ရရ ကျနော် ပြန်တွေးနေမိသည်။ သူက စာဖတ်ဝါသနာပါသူ ကျနော့်ကို ကမ္ဘာ့တော်လှန်ရေးခေါင်းဆောင် တချို့အကြောင်း ပြောပြခဲ့ဖူးသော စကားဖြစ်သည်။
“ကျူးဘားတော်လှန်ရေးခေါင်းဆောင် ကပ်စထရိုနဲ့ ဂျာမန်တော်လှန်ရေးခေါင်းဆောင် ဒီမီထရော့တို့က မတရားအုပ်စိုးသူ အစိုးရရဲ့ တရားရုံးတွေကို ပြည်သူ့တရားရုံးဖြစ်အောင် အသုံးချသွားနိုင်ခဲ့ကြတယ်ဗျ”
ထိုနေ့က အုတ်တွင်းမြို့ကလေး၏ ကားဂိတ်တွင် ကျနော်တို့လူသိုက် ထူးထူးခြားခြား တိတ်ဆိတ်စွာ အတွေးကိုယ်စီနှင့် ရပ်နေခဲ့ကြ၏။
(အုတ်တွင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းမှာ မတရားစွဲဆိုခံရသည့် လောင်းကစားမှုဖြင့် ထောင် ၁ဝ နှစ်နှင့် ၁၅ ရက် ကျခံခဲ့ရပြီး ထောင်မှ လွတ်ပြီး တနှစ်ခွဲအကြာတွင် ထပ်မံဖမ်းဆီးခံရပြန်ကာ နောက်ထပ် နှစ် ၂ဝ အကျဉ်းချခံထားရဆဲ ဖြစ်ပါသည်။)
No comments:
Post a Comment