Saturday, January 22, 2011

ဝစီပိတ်လွှတ်တော်

ရန်ကုန်သားတာတေ

ချိုကုပ်။ ။ ဟာ … ဦးရုက္ခစိုး … ကြွပါ … ကြွပါ။ ဘာသောက်မလဲ … အပူလား အအေးလား။ အအေးဆိုရင်တော့ ရေခဲရည်ရမယ်၊ အပူကတော့ နေလှမ်းထားတဲ့ ရေသန့်ဘူးထဲက ရေရမယ်။

ရုက္ခစိုး။ ။ တော်ပါပြီဗျာ။ အကုန်အကျ များနေပါဦးမယ်။ ချိုကုပ်ဒူးကြီးရဲ့ လွှတ်တော် ခန်းမကြီးကတော့ တကယ့်ကို သားနားခန့်ညားတာပါလား … ။

ချိုကုပ်။ ။ သားနားရမယ်လေ။ အဲဒီလို ဘယ်လောက် သားနား ခန့်ညားတယ်ဆိုတာ ဦးရုက္ခစိုးကို ကြွားချင်လို့ ခေါ်လိုက်တာပဲဟာ။ ဒါမျိုး လွှတ်တော်ဆိုတာ ကမ္ဘာမှာ မပြောနဲ့ စကြဝဠာနဲ့ နတ်ပြည် ၆ ထပ်မှာတောင် ရှိမှာ မဟုတ်ဘူး။

ချိုကုပ်ဒူးကြီးက ဖိတ်ကြွား (ဖိတ်ကြားမဟုတ်ပါ) သောကြောင့် ဦးရုက္ခစိုးကြီးမှာ နေပြည်တော်ရှိ လွှတ်တော်ခန်းမကြီးအတွင်း ရောက်ရှိနေခြင်း ဖြစ်သည်။ ဦးရုက္ခစိုးမှာ တခါမှ မမြင်ဘူးသော လွှတ်တော်ကြီးကို စေ့စေ့စပ်စပ် လိုက်လံ ကြည့်ရှုနေသည်။

ရုက္ခစိုး။ ။ ဟား … ကိုယ်စားလှယ်တွေက ကွန်ပျူတာတွေ တယောက်တလုံးနဲ့ပေါ့ ဟုတ်လား။ လန်ထွက်နေတာပဲဗျာ။

ချိုကုပ်။ ။ ဟဲဟဲ … ဒီထက် လန်တာတွေ တွေ့ဦးမယ် … ကြည့်ပါ ကြည့်ပါ။

ရုက္ခစိုး။ ။ ဒါပေမယ့် ကွန်ပျူတာတွေက အခွံတွေချည်းပါလား။ အထဲကဟာတွေက မဆင်ရသေးတာလား။ ကြိုးတွေ ဘာတွေလည်း မတွေ့ဘူး။

ချိုကုပ်။ ။ ကြိုးတွေဘာတွေနဲ့ဆိုတော့ ဓာတ်ပုံရိုက်ရင် ရှုပ်တာပေါ့ ဦးရုက္ခစိုးရယ်။ အခွံချည်းပဲ ဆိုတာကလည်း ဒီလိုဗျ။ ဒီကွန်ပျူတာတွေက သုံးဖို့မှ မဟုတ်ဘဲ။ ဒီတိုင်းအလှထားဖို့လေ။ သတင်းစာထဲမှာ လွှတ်တော်ကျင်းပနေတဲ့ ဓာတ်ပုံ ရိုက်တဲ့အခါ ကိုယ်စားလှယ်တော်ကြီးတွေက ကွန်ပျူတာတွေ ရှေ့မှာ ထိုင်နေတယ်ဆို ဘယ်လောက် သားနားလိုက်မလဲ။

ရုက္ခစိုး။ ။ သြော် ဒီလိုလား။ ဒါဆို အင်တာနက်တို့ ဘာတို့ကော။ ကိုယ်စားလှယ်တော်တွေ ယူလာတဲ့ လက်ပ်တော့နဲ့ပဲ သုံးရမှာပေါ့ ဟုတ်လား။

ချိုကုပ်။ ။ ဘယ့်နှယ် … ဦးရုက္ခစိုးကလည်း။ ကိုယ်စားလှယ်တော်ကြီးတွေကို လက်ပ်တော့တွေ သယ်လာခိုင်းရမယ်လို့ ...။ပင်ပန်းနေပါ့မယ်။ ဘာမှကို ယူလာစရာမလိုဘူး။ အားလုံး ဒီက အသင့်လုပ်ပေးထားမှာ။

ရုက္ခစိုး။ ။ ဟိုဒင်း … ဝိုင်ဖိုင်တို့ ဘာတို့။

ချိုကုပ်။ ။ ဟာ မုန့်တွေဘာတွေ ယူလာစရာမလိုဘူးလေ။ ဒီကပဲ ကျွေးမှာ … ဦးရုက္ခစိုးရယ်။ ဝေဖာတွေဘာတွေ စားရင် ချွဲကျပ်နေပါ့မယ်။ နောက်ပြီး အဲဒီမုန့်တွေက တိုင်းတပါးမုန့်တွေလေ။ လွှတ်တော်မှာ မြန်မာဆန်ရမယ်။ မြန်မာမှု မြန်မာ့ဟန်နဲ့ ပဲပြုတ်တို့ ကောက်ညှင်းပေါင်းတို့ပဲ ကျွေးမှာ။

ရုက္ခစိုး။ ။ ကျုပ်ပြောတာ ဝေဖာမုန့်မဟုတ်ဘူးလေ။ အင်တာနက် ဝါယာလက်စ် … ဝိုင်ဖိုင်ကို ပြောတာပါ။

ချိုကုပ်။ ။ သြော် အဲဒါလား။ အစကတည်းက ရှင်းရှင်းပြောရောပေါ့။ အဲဒါတွေ မသိဘူးဗျ။ မကြားဖူးဘူး။ မကြားဖူးတဲ့ဟာတွေ မလုပ်ထားဘူး။ ဘာလို့လဲဆိုတော့ ကျုပ်က မြန်မာမှု မြန်မာ့ဟန်ပဲလေ။ ကျုပ်ရဲ့ ကြံ့ဖွံ့ ကိုယ်စားလှယ်ကြီးတွေလည်း သုံးတတ်မှာ မဟုတ်မယ့်အတူတူ မထည့်တာကောင်းပါတယ်။

ရုက္ခစိုး။ ။ အင်း မြန်မာမှု မြန်မာ့ဟန်ဆိုတော့ လက်ပ်တော့တို့ ဘာတို့လည်း မလိုဘူးပေါ့။ ဒီတော့ ပေတို့ ကညစ်တို့မှာ ရေးရ မှတ်ရမလို ဖြစ်နေပြီ။

ချိုကုပ်။ ။ မနောက်ပါနဲ့ ဦးရုက္ခစိုးရယ်။ ပေတို့ ကညစ်တို့ သုံးစရာလား။ ဘောလ်ပင်လောက် စာရွက်လောက်တော့ သုံးလို့ဖြစ်ပါတယ်။

ရုက္ခစိုး။ ။ သြော် ဒီလိုလား။ ဒါဆို ကိုယ်စားလှယ်တွေက ဘောလ်ပင်တွေ၊ စာရွက်တွေ ယူခဲ့ရမှာပေါ့ ဟုတ်လား။

ချိုကုပ်။ ။ နိုး … နိုး။ မလိုပါဘူး။ ဘာ ဘောလ်ပင်၊ ဘာစာရွက်မှ ယူမလာရဘူး။ အကုန်လုံး လွှတ်တော်ထဲမှာ အသင့် လုပ်ပေးထားမှာ။

ရုက္ခစိုး။ ။ တကယ်လို့ မတော်တဆ ဘောလ်ပင် တချောင်းလောက် မတော်တစ ပါလာရင်ကော။

ချိုကုပ်။ ။ အဲဒီလို မဖြစ်အောင် စီစဉ်ထားပါတယ် ဦးရုက္ခစိုးရဲ့။ ဘာမှ မတော်တဆ ပါမလာအောင်လို့ လွှတ်တော် စ ဝင်တဲ့အချိန်မှာ အားလုံး လန်ကွတ်တီလေးတွေပဲ ဝတ်ခဲ့ဖို့ ပြောထားတယ် (အမျိုးသမီးများ မည်သို့ဝင်ရမည်ကိုမူ ချိုကုပ်ဒူးကြီးက မပြောသဖြင့် မသိရသေးပါ)

ရုက္ခစိုး။ ။ ဒါဆို ချိုကုပ်ဒူးကြီးရဲ့ လွှတ်တော်က လန်ကွတ်တီ လွှတ်တော်ဖြစ်နေမှာပေါ့။ မြင်မကောင်းရှုမကောင်းဗျာ။

ချိုကုပ်။ ။ သြော် … ဒီလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ ဦးရုက္ခစိုးရယ်။ လွှတ်တော် ပရဝဏ်ထဲ စဝင်တဲ့အချိန်ပဲ ပြောတာပါ။ လွှတ်တော် တက်ရင်တော့ အကုန်လုံး မြန်မာမှု မြန်မာ့ဟန်အတိုင်း ဝတ်ရမှာဗျ ဟဲဟဲ။ ဒါတွေလည်း အားလုံး စီစဉ် ထားပြီးသား။

ရုက္ခစိုး။ ။ ဟုတ်လား … ဒါဆို ချိုကုပ်ဒူးကြီးကကော ဘယ်လိုဝတ်မှာလဲ။

ချိုကုပ်။ ။ ကျုပ်က ဘုရင်မင်းတြားကြီးလို ဝတ်မှာ။ ဝန်ကြီးတွေကတော့ သိုရင်းအင်္ကျီတို့ဘာတို့ပေါ့။ ခေါင်းကွဲနေတဲ့ ဇာတ်တွေကနေ အောက်ကြေးနဲ့ လိုက်ဝယ်နေကြတယ်။

ရုက္ခစိုး။ ။ ဟင် … ဘယ်ဝန်ကြီးတွေလဲ ချိုကုပ်ဒူးကြီးရဲ့။ အစိုးရဖွဲ့ပြီးမှ ဝန်ကြီးရာထူး ခန့်မှာ မဟုတ်ဘူးလား။

ချိုကုပ်။ ။ ဦးရုက္ခစိုးကြီးလည်း ခက်နေပြန်ပါပြီ။ ဒါတွေက သာမန်လူတွေ ရွေးချင်တိုင်း ရွေးလို့ရတာမဟုတ်ဘူးဗျ။ ရေမြေ့သနင်း ဘုရင်မြင်း … အဲ ဘုရင်မင်းမြတ်က ရွေးမှ တော်တော့မှာပေါ့။ ကျုပ်ရွေးထားပြီးသား။ ကျုပ်ကဘုရင်လုပ်မယ်။ ဝန်မင်းတွေကတော့ ကျုပ်က ခန့်ထားတယ်။

ရုက္ခစိုး။ ။ ဇာတ်ကသလိုပဲနော်။

ဦးရုက္ခစိုး အငေါ်တူးသည်ကို မသိဘဲ ချိုကုပ်ဒူးကြီးက ဆက်ပြောသည်။

ချိုကုပ်။ ။ ဇာတ်ကတာထက်တော့ နည်းနည်းသာပါတယ် ဦးရုက္ခစိုးရယ်။ ကျုပ်တို့အဝတ်တွေက အလန်းစားတွေပါ။ ရှိသေးတယ်။ ကိုယ်စားလှယ်တွေတောင် မတူဘူးနော်။ ကျုပ်ရဲ့ ကြံ့ဖွံ့ကိုယ်စားလှယ်ကြီးတွေက သူများထက် ထူးပြီး ပေါ်လွင်နေအောင် အားလုံး ကြိုးကြီးချိတ် ပြောင်ပြောင် ရောင်စုံဝတ်ရမှာ။

ရုက္ခစိုး။ ။ သြော် … ဟုတ်လား။ တိုက်ပုံမှာကော အကယ်ဒမီပွဲတက်တဲ့ မင်းသားတွေလို ဘော်ကြယ်တွေဘာတွေ ထိုးဦးမှာလား။

ချိုကုပ်။ ။ ဘော်ကြယ်တင်မကဘူး ရွှေချည်ငွေချည်ပါ ထိုးဖို့ စီစဉ်ထားတယ်။

ရုက္ခစိုး။ ။ တော်တော်ပြောင်တာပေါ့နော်။ သူတို့ မျက်နှာတွေနဲ့တော့ ဟပ်နေမှာပဲ။

ဦးရုက္ခစိုးက ရွဲ့ပြောသော်လည်း ရွဲ့လို့ရွဲ့မှန်း နားမလည်သည့် ချိုကုပ်ဒူးကြီးမှာ သဘောခွေ့၍ မျက်နှာကြီး ဖြီးကာ “ဒါပေါ့ … ဒါပေါ့” ဟု ပြန်ပြောသည်။

ရုက္ခစိုး။ ။ ဒါနဲ့ ချိုကုပ်ဒူးကြီးက အကုန်လုံး စီစဉ်ပြီးသား၊ ရွေးချယ်ပြီးသားဆိုတော့ လွှတ်တော် ကိုယ်စားလှယ်တွေက ဘာလုပ်ရမှာလဲ။ လုပ်စရာတောင် ကျန်တော့မယ် မထင်ဘူးနော်။

ချိုကုပ်။ ။ အဲဒါပြောတာပေါ့။ ကိုယ်စားလှယ်တော်ကြီးတွေ ပင်ပန်းမယ်လေ။ အရင် မြန်မာ့ဆိုရှယ်ဘလစ် ဘလစ် တလမ်းဝင် တလမ်းထွက်ပါတီ တုန်းကလိုတောင် လက်ညှိုးထောင် ခေါင်းညိတ် လုပ်စရာမလိုဘူး။ အလိုလို ပြီးပြီးသား … ရယ်ဒီမိတ် လွှတ်တော်ဗျ။ အဲဒါကြောင့် တဆက်တည်း ကိုယ်စားလှယ်တော်ကြီးတွေ ကုသိုလ်ရအောင် တရားစခန်းပါ ဖွင့်ပေးထားတယ်။

ရုက္ခစိုး။ ။ ဘယ်လို … ဘယ်လို။

ချိုကုပ်။ ။ သြော် … ဘာမှ မပြောရမယ့်အတူတူ၊ ဘာမှ လုပ်စရာမလိုမယ့်အတူတူ … ကိုယ်စားလှယ်တော်ကြီးတွေ ကုသိုလ် ရပါစေတော့ဆိုပြီး လွှတ်တော်လည်း တက်ရင်း တရားလည်းကျင့်ရအောင် စီစဉ်ပေးထားတာပြောတာပါ။ ဝစီပိတ် တရား စခန်းပေါ့။

ရုက္ခစိုး။ ။ ခညာ … အရမ်းအရမ်းကို အံ့သြဖို့ ကောင်းတဲ့ လွှတ်တော်ကြီးပဲနော်။

ချိုကုပ်။ ။ ဒါပေါ့ … ကမ္ဘာမှာ မဆိုထားနဲ့ … စကြဝဠာနဲ့ နတ်ပြည် ခြောက်ထပ်မှာပါ မရှိတဲ့ တရားစခန်း … အဲ လွှတ်တော်ပါဆို။

ရုက္ခစိုး။ ။ တကယ်လို့ ကိုယ်စားလှယ်ကြီးတွေက ဝစီမပိတ်ရင် ဘယ်လိုလုပ်မလဲ။

ချိုကုပ်။ ။ သူတို့က ဝစီမပိတ်ရင် ကျုပ်ကပိတ်မှာပေါ့။ ထောင်ဒဏ် ငွေဒဏ် … ဒဏ်နှစ်ရပ်လုံး … အဲဒီလို ထောင့်စေ့အောင် စီစဉ်ထားတဲ့ လွှတ်တော်ဗျ ဟဲဟဲ။ တက်သွားပါဦးလား။ ဟင် … ဦးရုက္ခစိုး … ဦးရုက္ခစိုး … ဘာဖြစ်သွားတာလဲ … ကျုပ် လွှတ်တော်ကြီးကို တက်သွားဦးလေဗျာ ...။

နတ်လောကတွင်ပင် မကြုံဘူးသော ဝစီပိတ် လွှတ်တော်ကြီး အကြောင်းကို ကြားလိုက်ရသည့် ကျွန်ုပ်တို့၏ ဦးရုက္ခစိုးကြီးမှာ မင်တက်အံ့သြလွန်း၍ စကားမေး မရတော့ဘဲ နေရာတွင်ပင် ဖွတ်မေ့ပတတ်မေ့ မေ့မျောသွားသောကြောင့် နောက်ပိုင်း ဘာဆက်ဖြစ်သည်ကို ရန်ကုန်သားတာတေ မသိရတော့ပါ။ ။

No comments: