Tuesday, January 25, 2011

အကျဉ်းသားပေါ်တာများ ဒီကေဘီအေတပ်ဖွဲ့သို့ ထွက်ပြေးရောက်ရှိလာ

ဆူးပန်း၊ ကောင်းဝါသတင်းဌာန

ကရင်ပြည်နယ် နယ်စပ်ဒေသတွင် မြန်မာစစ်အစိုးရတပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ကိုလက်မခံသော ဒီကေဘီအေတပ်ဖွဲ့တို့အကြား နေ့စဉ်ရက်ဆက်တိုက်ပွဲများ ဆက်တိုက်ဖြစ်နေခဲ့သလို စစ်မြေပြင်တွင် အကျဉ်းသား များကို ပေါ်တာဝန်ထမ်းအဖြစ်အသုံးပြုနေသည်ဟု ထွက်ပြေးလာသည့်ပေါ်တာများမှပြောပါသည်။ မြ၀တီခရိုင ဖလူးတိုက်ပွဲတွင် အကျဉ်းသားအထမ်းသမား(၅)ဦးအပါအ၀င် မြန်မာ စစ်တပ်မှ တပ်သား တစ်ဦးသည်လည်း ဗိုလ်မှူးချုပ် စောလား ပွယ်ဦးစီး သည့် ဒီကေဘီအေ တပ်ဖွဲ့ထဲသို့ ထွက်ပြေး ရောက်ရှိလာ သည်ဟု ဗိုလ်မှူး ချုပ်စောလား ပွယ်မှ ယခုလိုပြောပါသည်။

“တိုက်ပွဲကတော့ ဖြစ်နေဆဲဘဲ။ တိုက်ပွဲထဲမှာ အထမ်းသမားပေါ်တာတွေက တချို့က ကော့ကရိတ် ကနေကျိုက်ဒုံ ကျိုက်ဒုံကနေတက်လာတဲ့ အဖွဲ့ထဲကနေတစ်ယောက်ပါလာတယ်။ အခုဒီကကျွန်တော်တို့နဲ့ ရင်ဆိုင်နေတဲ့ ဖလူးဘက်မှာလဲအကျဉ်းသား (၄)ယောက်ပါလာတယ်။ နအဖစစ်အစိုးရဘက်မှာလဲ ရဲဘော် တွေလည်း ထွက်ပြေးလာတာလဲရှိတယ်။ သူတို့ကိုကျွန်တော်တို့ကောင်းကောင်းစောင့်ရှာက်ထားပါတယ်။”

ပေါ်တာဝန်ထမ်းအဖြစ် အသုံးပြုခံရသည့် အကျဉ်းသားပေါ်တာများသည် စစ်တပ်မှညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခြင်းခံနေရသည်ဟု ထွက်ပြေးလွတ်မြောက်လာသည့် အကျဉ်းသားဝန်ထမ်းကိုဖိုးအေးကပြောပါသည်။

“ကျွန်တော်တို့က သေချင်သေပါစေဆိုပြီးထွက်ပြေးလာတာ။ တက်လာတုန်းက မထမ်းနိုင်လို့ ပြန်မယ် ဆိုပြီးထွက်သွားတဲ့သူကို သူတို့နောက်ကနေ သေနတ်နဲ့ပစ်သတ်ထားတယ်။ တစ်ယောက်သေသွားတယ်ခင်ဗျာ့။ နာမယ်တော့မသိဘူးခင်ဗျ။ မလုပ်နိုင်တဲ့သူတွေကိုဆိုလို့ရှိရင် အရိုက်နှက်ခံရတယ်။ ဆဲဆိုတယ်။ သေနတ်ဒင် တွေနဲ့ ထောင်းတယ်။ ကျွန်တော်တို့နဲ့အတူပါလာတာကတော့ မော်လမြိုင်ထောင်က(၅၀) ပုသိမ်ထောင်က(၅၀) နောက်ပြိးတော့ အင်းစိန်ထောင်က(၅၀) မန္တလေးထောင်က(၅၀) လူ(၂၀၀) တောင်ပါလာတယ်။”

အလားတူထွက်ပြေးလာသည့်အထဲတွင် မြန်မာစစ်တပ်မှတပ်သားတစ်ဦးပါဝင်သည်ဟု အကျဉ်းသား ပေါ်တာတစ်ဦးဖြစ်သူကိုဖိုးအေးမှပြောပါသည်။ အဆိုပါ ကျော်စွာအမည်ရှိတပ်သားသည် မြန်မာစစ်တပ်မှ အရာရှိ များ၏ နိုင်ထက်စီးနင်းလုပ်ဆောင်မှုကိုမခံနိုင်၍ ထွက်ပြေးလာသည်ဟုဆိုပါသည်။ ဗိုလ်မှူးချုပ်စောလားပွယ် ဦးစီးသည့် ဒီကေဘီအေတပ်ဖွဲ့ထဲသို့ရောက်ရှိလာသော ပေါ်တာဝန်ထမ်းများနှင့် မြနိမာတပ်ပြေးများသည် နေရပ်သို့ မပြန်ရဲတော့ဘဲ ထိုင်းနိုင်ငံအတွင်းသာ အလုပ်အကိုင်ရှာဖွေကာ နေထိုင်သွားမည်ဟု ပြောပါသည်။

မြန်မာစစ်အစိုးရလက်ထက်တွင် အကျဉ်းသားများနှင့် ဒေသခံကျေးရွာသားများအပေါ် ရိက္ခာထမ်း ခိုင်းခြင်း စစ်ပစ္စည်းထမ်းခိုင်းခြင်း၊ စစ်စခမ်းများဆောက်လုပ်ခိုင်းခြင်း၊ ရှေ့ပြေးမိုင်းရှင်းလင်းရေးအဖြစ် တွင်တွင် ကျယ်ကျယ် အသုံးပြုနေဆဲဟု လူ့အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့များမှ ဝေဖန်သုံးသပ်မှုများလည်း ရှိနေသည်။

No comments: