Tuesday, January 25, 2011

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကျောင်းသင်ခန်းစာ

အောင်သူငြိမ်း

ကျနော့်သမီးက ထိုင်းနိုင်ငံ နယ်မြို့ကလေးတမြို့မှာ မူလတန်းကျောင်း တက်နေတယ်။ တရက်တော့ ကျနော်တို့ ပွဲဈေးလျှောက်ကြတယ်။ ကျနော်က ဒီဗီဒီနဲ့ စီဒီဆိုင် တွေ့တော့ ကြိုက်တဲ့ သီချင်းခွေတွေ ရှာနေမိတယ်။ သမီးက မဝယ်နဲ့၊ မဝယ်နဲ့လို့ မျက်ရိပ်မျက်ကဲလည်းပြ၊ အဖေ့လက်ကိုလည်း ဆွဲခေါ်နေတယ်။ ပြီးတော့မှ သူက ပြောတယ်။ "ဒီခိုးကူးခွေ (Pirated CDs) တွေကို မဝယ်နဲ့၊ အဲဒါ ဥပဒေ ချိုးဖောက်ရာကျတယ်" လို့ ပြောလာတယ်။ ကျနော်ကတော့ ခပ်ပြုံးပြုံး ဖြစ်သွားမိသလို၊ သူတို့ကလေးတွေကို ပညာပေးထားတဲ့ နည်းကိုလည်း အထင်ကြီးမိသွားတယ်။

တခါ တက္ကသိုလ်တခုက ပါမောက္ခတယောက်က သူ့လုပ်ငန်းအကြောင်းတွေ ရှင်းပြတော့ သူတို့က လက်ရှိ မူလတန်းကျောင်းနဲ့ အလယ်တန်းကျောင်း သင်ခန်းစာတွေမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကိစ္စ သင်ရိုးညွှန်းတမ်းထဲမှာ ထည့်သွင်းပြီး ကလေးတွေကို ပညာပေးဖို့ စမ်းသပ်လုပ်ဆောင်နေတဲ့ အကြောင်း ပြောပြတယ်။ ဒီကိစ္စအတွက် ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးဌာန Bangkok Metropolitan Administration က ရန်ပုံငွေ ထောက်ပံ့ပေးတယ်လို့ ပြောတယ်။

သူတို့က ပညာရှင်တွေနဲ့ တိုင်ပင်ပြီး သင်ရိုးညွှန်းတမ်း ရေးဆွဲကြတယ်။ အနုပညာရှင်တွေ၊ ပန်းချီပညာရှင်တွေ၊ ကာတွန်းဆရာတွေ၊ အဆိုတော်တွေ၊ သရုပ်ဆောင်တွေနဲ့ ပူးပေါင်းပြီး လူအား၊ ငွေအားသုံးလို့ ကလေးတွေကို မပျင်းရလေအောင် သေချာအားထုတ်ကြတယ်။ တချို့ကျောင်းတွေမှာ စမ်းသပ် စီမံချက်တွေနဲ့ စတင် လုပ်ဆောင်နေကြပြီ ပြောတယ်။ သူတို့ ရည်ရွယ်ချက်က ထိုင်းလူမှုအဖွဲ့အစည်းထဲမှာ လာဘ်ပေးလာဘ်ယူ ကိစ္စကို ကလေးငယ်ငယ်လေး ဘဝကတည်းက သွန်သင်ပြီး စတင်ပြုပြင်နိုင်အောင်လို့ ဆိုတယ်။ အဲဒီတော့ ဝေဖန်သူတချို့ကတော့ မသေခင်လူတွေလည်း ပြုပြင်နိုင်အောင် ပညာပေးပါဦးလို့ နောက်ပြောင်ကြတယ်။

တကယ်တော့ ထိုင်းနိုင်ငံဟာ၊ ကျနော်တို့ လူမှုအဖွဲ့အစည်းလိုပဲ အကျင့်ပျက်ခြစားမှု အတော်ကြီးကြီးမားမား ရှိတယ်။ မူလက ဘုရင်စနစ်မှာ မြို့စား-နယ်စား စနစ်နဲ့ စတင်လာရတော့ ဒီကိစ္စက ရိုးရာစဉ်လာလို ဖြစ်နေခဲ့တယ်လို့ ဝေဖန်ကြတယ်။ မြို့စား-ရွာစား လုပ်သူက လူထုဆီက အခွန်ကောက်၊ နောက်တော့ ဘုရင်ကိုဆက်၊ သူ့အတွက် တဖို့ကိုလည်း အုပ်ချုပ်ထိန်းသိမ်းခ လစာအဖြစ်ယူတော့ ပိုပြီးယူထားတယ်-စားတယ်ဆိုတာ "ရှိမှာပေါ့" ဆိုတာမျိုး လူတွေက လက်ခံနေကြတယ်။

လက်ရှိမှာတင် လွှတ်တော်အမတ် ၁၆ ဦးကို ခြစားမှုနဲ့ အရေးယူခဲ့ရပြီး၊ အမတ်တွေရဲ့ အမှု ၂၆ မှုက တိုးလိုးတန်းလန်း ကျန်နေသေးတယ်။ ဒီကိစ္စတွေမှာ ဝန်ကြီး ၆ ပါး ပါတယ်၊ ခရိုင်ဝန် ၂ဝ ပါတယ်၊ ဗဟိုဘဏ် အကြီးအကဲနဲ့ လက်ထောက် ၄ ဦး ပါသေးတယ်။ ABAC Poll လို့ ခေါ်တဲ့ အေဘက်တက္ကသိုလ်က ကောက်ယူထုတ်ပြန်လေ့ရှိတဲ့ စစ်တမ်းမှာလည်း ထိုင်းလူမျိုးတွေရဲ့ သဘောထားကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ မေးမြန်းကြည့်တော့ ၇၆.၁ % က တိုင်းပြည် ကြီးပွားနေသမျှ "အိုကေပါ" တဲ့။ သက်တောင့်သက်သာပဲ ခြစားမှုကို လက်ခံထားကြတယ်။ လူဦးရေ ၆၃ သန်းကျော် ရှိတဲ့ ထိုင်းနိုင်ငံမှာ ဒီလိုအကျင့်ဆိုးတွေ ရှိနေရင် တိုင်းပြည်မကြီးပွားနိုင်ဘူးဆိုတာ လူ ၇၆.၁ % က မသိသေးတဲ့၊ သဘောမပေါက်သေးတဲ့ အနေအထား ရှိနေပါတယ်။

အဲဒီတော့ ဘန်ကောက်ပို့စ် နိုဝင်ဘာလ ၁၄ ရက်နေ့ထုတ် သတင်းစာက "တည်ရှိနေတဲ့ ကြောက်မက်ဖွယ် အခြေအနေ" ဆိုတဲ့ ဆောင်းပါးမှာ ကြောက်စရာအခြေအနေကတော့ လူထုတွေက ဦးနှောက်မရှိသလို ဖြစ်နေပြီ။ အများညီရင် "ဤကို ကျွဲဖတ်" ဆိုသလို အမှားကို လက်ခံနေကြပြီလို့ သုံးသပ်ဖော်ပြထားပါတယ်။ တကယ်ကတော့ လူအများလက်ခံနေပေမယ့် မှန်တယ်လို့ မဆိုနိုင်တဲ့ ကျင့်ဝတ်ဆိုင်ရာ အမှားပါ။

ထိုင်းဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ထက်ပ်ထိုင်း ဆန်ပေါင် Thepthai Senpong ကတော့ ယဉ်ကျေးမှုဝန်ကြီးဌာနကို ညွှန်ကြားလို့ ထိုင်းလူမှုအဖွဲ့အစည်းအတွက် "ယဉ်ကျေးမှု အသစ်တရပ်" ထူထောင်ဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။ ထိုင်းလူမှုအဖွဲ့အစည်းကို အင်ဂျင်နီယာဆန်ဆန် ပြန်တည်ဆောက်ချင်တဲ့ သဘောပါ။ ဒါပေမဲ့ ABAC Poll စစ်တမ်းကောက်ယူမှုက ခရိုင် ၁၇ ခရိုင်မှာ မေးမြန်းစစ်တမ်းကောက်ခဲ့တဲ့အခါ လက်ရှိ အဖိဆစ် ဝန်ကြီးချုပ် အစိုးရလက်ထက်မှာ အရင် သက်ဆင် ရှင်နဝပ် ဝန်ကြီးချုပ်လုပ်တဲ့ ကာလထက် ခြစားမှု ပိုများတယ်လို့ ဖြေကြားခဲ့ကြပါတယ်။ ကောင်းသေးရော။

ထိုင်းဝန်ကြီးချုပ် အဖိချစ် ဝေ့ချာချီဝက ခုခံကာကွယ်ပြောပါတယ်။ လက်ရှိအစိုးရ ဦးဆောင်မှုမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအတွက် ထိုင်းလုပ်ငန်းရှင် ကုမ္ပဏီကြီး ၂၇ ခုက ပူးပေါင်းပါဝင်ပါမယ်လို့ ကတိပေး လက်မှတ်ရေးထိုးထားပြီလို့ ဆိုပါတယ်။

အဲဒီတော့ ကျနော်က မြန်မာပြည်ဘက် ပြန်လှည့်ကြည့်ပါတယ်။ အရင်ဝန်ကြီးချုပ် ဗိုလ်ချုပ်ခင်ညွန့်ကို အကျင့်ပျက်ခြစားမှုနဲ့ အရေးယူပြီးတဲ့နောက် တက်လာတဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်စိုးဝင်း လက်ထက်မှာ Clean government လို့ ခေါ်တဲ့ သန့်ရှင်းတဲ့ အစိုးရဖြစ်ရေး မူဝါဒတွေ ချမှတ်တာ ကြားခဲ့ရပါသေးတယ်။ မသမာမှုတွေကို တိုင်ကြားဖို့ ဖုန်း၊ ဖက်စ်နံပါတ်တွေကိုတောင် ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီမူဝါဒကလည်း ဗိုလ်ချုပ်စိုးဝင်း ကွယ်လွန်တဲ့အချိန်မှာ တပါတည်း ထည့်ပြီး မြှုပ်နှံလိုက်ပုံရပါတယ်။ မကြားရတော့ပါဘူး။

တလောတုန်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အမတ်အဖြစ် အရွေးခံရသူတွေ အစည်းအဝေးခေါ်ကြတဲ့အခါ အကျင့်ပျက် ခြစားတဲ့အမတ်ကို အရေးယူမယ်ဆိုတဲ့ စည်းမျဉ်းပြဋ္ဌာန်းတာတွေ ကြားရတော့ အနည်းငယ် အားတက်မိပါသေးတယ်။ အစိုးရသစ်အောက်မှာတော့ ဒီမူဝါဒကို ပြန်လည်ပြဋ္ဌာန်းလာမလားလို့ မျှော်လင့်ရပါသေးတယ်။ ဒီလိုဆိုရင် အကျင့်ပျက် လာဘ်စားမှုတိုက်ဖျက်ရေးအတွက် ထိုင်းနိုင်ငံလို ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ ဦးတေဇတို့၊ မက်စ် ဇော်ဇော်တို့၊ ရွှေသံလွင်တို့၊ အေရှားဝေါတို့ကို ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ကတိပြု လက်မှတ်တွေပဲ ထိုးခိုင်းလေမလားပေါ့။ ကျနော် စိတ်ကူးကြည့်မိပါသေးတယ်။

ဒါမှမဟုတ်ရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မီတီ ဦးအောင်သိန်းလင်းတို့က ဘန်ကောက်မှာ မြို့တော် အုပ်ချုပ်ရေးက ရန်ပုံငွေ ချပေးပြီး ကျောင်းသင်ရိုးညွှန်းတမ်းမှာ ထည့်သင်စေအောင် စမ်းသပ် လုပ်ဆောင်တာမျိုးတွေ လုပ်နေသလို စီမံချက်တွေ ရှိလာလေမလားပေါ့...။

တကယ်တော့ အင်ဒိုနီးရှား၊ ဘူလ်ဂေးရီးယား၊ လစ်သူရေးနီးယား စသဖြင့် အပါအဝင် နိုင်ငံတော်တော်များများမှာ ကျောင်းသင်ရိုးညွှန်းတမ်းတွေမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ လာဘ်စားမှုကို အားမပေးတဲ့ ယဉ်ကျေးမှုတရပ် ဖြစ်ပေါ်လာစေရေးအတွက် ကလေးဘဝတွေကတည်းက စပြီး သင်ကြားပေးနေကြပါပြီ။

မြန်မာပြည်မှာတော့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းချစ်ခင်တတ်ဖို့ ကလေးတွေကို သင်ရိုးညွှန်းတမ်းထဲမှာ ထည့်သွင်းပြီး ပညာပေးရေးအတွက် မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာနနဲ့ UNICEF တို့က ပူးတွဲဆောင်ရွက်လာတာ နှစ်အတော်ကြာပါပြီ။

နာဂစ်လို မုန်တိုင်းကြုံတာ၊ အင်းလေးကန်ကြီး ရေခမ်းသလို ဖြစ်တာ၊ မန္တလေးမြို့ကြီး ရေမြုပ်တာ၊ အခု မြန်မာပြည် မြောက်ပိုင်းမှာ နှင်းမုန်တိုင်း ကျတာတွေ ကြုံခဲ့ရတာကြောင့် ဒီအရေးဟာလည်း ရေးကြီးခွင်ကျယ် အကြောင်းကိစ္စမို့ သင်ရိုးညွှန်းတမ်းမှာ ပြဋ္ဌာန်းနိုင်ရင် ကောင်းပါတယ်။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့ အပတ်ထုတ် Living color မဂ္ဂဇင်းမှာ ဆောင်းပါးတပုဒ် ဖတ်ရတော့ အတော် စိတ်ဓာတ်ကျရပြန်ပါတယ်။ အခုထိ ကျောင်းသင်ရိုးထဲမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ကိစ္စ ထည့်သွင်းပြဋ္ဌာန်းနိုင်ခြင်း မရှိသေးဘူးဆိုတာ အဲဒီဆောင်းပါးမှာ ဖတ်ခဲ့ရပါတယ်။

ကျနော် ဘယ်လိုဆက်ပြောလို့ ရမှာလဲ။

(ထိုင်းနိုင်ငံ The Bangkok Post သတင်းစာ၌ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဖော်ပြပါရှိသည့် An Existential horror "တည်ရှိနေတဲ့ ကြောက်မက်ဖွယ် အခြေအနေ" ဆောင်းပါးကို ရည်ညွှန်းပါသည်။)

No comments: