Friday, January 21, 2011

၅ သိန်းတန်ဖုန်း အင်တာနက် လိုင်းများတွင်လည်း ဆင်ဆာဖြတ်

မိုးယံ Friday, 21 January 2011

ရန်ကုန်နှင့် မန္တလေးမြို့တွင် ချထားပေးသော ၅ သိန်းတန် CDMA 800 MHz ဖုန်းများ အင်တာနက် စတင်သုံးစွဲခွင့် ပြုခဲ့ရာတွင် နိုင်ငံရေးနှင့် ပတ်သက်သော ဝက်ဘ်ဆိုဒ်များ၊ အစိုးရက တားမြစ်ထားသော သတင်းဝက်ဘ်ဆိုဒ်များကို ကြည့်ရှုခွင့် ပိတ်ပင်ထားကြောင်း ရတနာပုံ တယ်လီပို့နှင့် မြန်မာ့ ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ သိရသည်။

ကျပ် ၅ သိန်းတန်ဖုန်း CDMA 800 MHz များ Network မိလျှင် အင်တာနက် အသုံးပြုနိုင်သော EDVO Dater Service စနစ်ပါ SIM ကတ်ကို ငွေကျပ်သုံးသောင်းဖြင့် လဲလှယ်ပြီး အင်တာနက် သုံးစွဲနိုင်သည်။

“၀န်ကြီးဌာနက ပိတ်ထားတဲ့ ဆိုဒ်တွေ ကြည့်လို့မရဘူး။ ညစ်ညမ်း ဗီဒီယိုတွေ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဗွီဒီယိုတွေကို Download လုပ်လို့မရဘူး” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (အလုံမြို့နယ်) ရှိ ၅ သိန်းတန်ဖုန်းများ ချထားပေးသည့် ဌာနမှ ဝန်ထမ်းတဦးက ပြောသည်။

အဆိုပါ ၅ သိန်းတန် ဖုန်းများကို ဇန်န၀ါရီလ ၁၈ ရက်နေ့မှ စတင်၍ အင်တာနက် သုံးစွဲနိုင်ရန် စတင် လျှောက်ထားခွင့် ပေးခဲ့ပြီး အင်တာနက် သုံးစွဲရာတွင် အကန့်အသတ်များ ရှိကြောင်း ၎င်းက ဆိုသည်။

ရတနာပုံ တယ်လီပို့မှ နည်းပညာ ကျွမ်းကျင်သူ တဦးက “နောက်ပိုင်း ဖွင့်လာမယ့် တရားမ၀င် ဝက်ဘ်ဆိုဒ်တွေကို ပိတ်ထားဖို့လည်း ရှိတယ်” ဟု ပြောသည်။

၅ သိန်းတန်ဖုန်းများသည် အင်တာနက်အသုံးပြုရာတွင် 512 kbp အမြန်နှုန်း သုံးစွဲနိုင်ပြီး အစိုးရ ပိတ်ပင်ထားသော ဝက်ဘ်ဆိုဒ်များမှ လွဲ၍ ကျန်ဆိုဒ်များ ပုံမှန်သုံးစွဲနိုင်ကြောင်း ၅ သိန်းတန်ဖုန်းများကို မြန်မာ့ဆက်သွယ်ရေးနှင့် အကျိုးတူပူးပေါင်းကာ လုပ်ဆောင်ပေးနေသော E-lite Tech မှ ဝန်ထမ်းတဦးက ဆိုသည်။

၎င်းက ဆက်လက်၍ “gmail, gtalk သုံးလို့ရတယ်။ ဆိုဒ်တချို့ဖွင့်ကြည့်လို့ရတယ်။ ပုံတွေဘာတွေကတော့ မပို့ကြည့်ရသေးဘူး။ ကွန်နက်ရှင်ကတော့ အင်တာနက်ဆိုင်တွေမှာ သုံးသလိုပဲ။ နောက်ပိုင်း သုံးတဲ့လူများလာရင်တော့ ကွန်နက်ရှင် ကောင်း မကောင်းတော့ မပြောတတ်တော့ဘူး” ဟု စမ်းသပ်သုံးစွဲကြည့်မှုနှင့် ပတ်သက်၍ ပြောသည်။

လက်ရှိတွင် ၅ သိန်းတန်ဖုန်းများ အင်တာနက် သုံးစွဲနိုင်မှုကြောင့် လျှောက်ထားသူ များပြားလာကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။

“ဖုန်းလိုင်းမိတဲ့ ဘယ်နေရာမှာမဆို အင်တာနက်သုံးနိုင်လို့ စိတ်ဝင်စားတယ်။ အင်တာနက်သုံးလို့ရပေမယ့် လုံခြုံပါ့မလားတော့ စိုးရိမ်နေတယ်” ဟု အင်တာနက်သုံးစွဲရန် လာရောက်လျှောက်ထားသူ ကမာရွတ်မြို့နယ်မှ လူတဦးက ဆိုသည်။

၅ သိန်းတန်ဖုန်းများဖြင့် အင်တာနက်သုံးစွဲရာတွင် အစိုးရမှ ပိတ်ပင်ထားသော ဆိုဒ်များကို ပြည်တွင်းတွင် သုံးစွဲနေကျအတိုင်း Proxy ခံ၍ ဖွင့်ဖတ်နိုင်သော်လည်း ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်များ ပေးပို့လျှင် လုံခြုံရေးအားနည်းချက် ပိုရှိမည်ကို သုံးစွဲသူများက စိုးရိမ်နေကြသည်။

အဆိုပါ ၅ သိန်းတန် CDMA 800 MHz ဖုန်းများဖြင့် အင်တာနက်သုံးစွဲရာတွင် တမိနစ်လျှင် ၄ ကျပ် ကျသင့်မည်ဖြစ်ပြီး ရန်ကုန်တွင် ဖုန်းလိုင်း ၄ သောင်းနှင့် မန္တလေးတွင် ၁ သောင်း လတ်တလော ချထားပေးမည်ဖြစ်ကြောင်း၊ နေပြည်တော်တွင် ချထားပေးသော CDMA 450 MHz ဖုန်းများလည်း ယခုနှစ်အတွင်း အင်တာနက် သုံးစွဲလာနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ CDMA 800 ဖုန်း ၁ သိန်းခွဲ ချထားပေးခဲ့ပြီ လက်ရှိတွင် CDMA 800 MHz ရေဒီယိုစခန်း ၄၂ ခု ထပ်မံ ဆောက်လုပ်နေဆဲဖြစ်သည်ဟု ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

No comments: