Tuesday, January 25, 2011

စစ်အစိုးရထုတ်ရောင်းသည့် ရွှေ လူကြိုက်နည်း

ဧရာဝတီ Tuesday, 25 January 2011

သတ္တုတွင်း ၀န်ကြီးဌာနက အခေါက် ရွှေများကို ထုတ်ရောင်း သော်လည်း ရွှေချိန်လျော့ခြင်း၊ ဈေးနှုန်း မမှန်ခြင်း တို့ကြောင့် လူကြိုက်နည်း နေကြောင်း သတင်းရရှိသည်။

စစ်အစိုးရ သတ္တုတွင်း ၀န်ကြီးဌာနက ရန်ကုန်ရှိ မြန်မာ့ ကျောက်မျက်ရတနာ ပြခန်းနှင့် မန္တလေးမြို့ရှိ အစိုးရ စီးပွားရေး ဘဏ်တချို့တွင် ရွှေ အရောင်းဌာနများ ဖွင့်လှစ်ပြီး အခေါက်ရွှေများ ထုတ်ရောင်းနေကြောင်း၊ သို့ရာတွင် ဈေးနှုန်း ကွာဟမှု ရှိခြင်းနှင့် ရွှေချိန်လျော့ကျ ခြင်းတို့ကြောင့် ဈေးကွက်တွင် အောင်မြင်မှုမရဘဲ ဝယ်သူ နည်းပါးနေကြောင်း မန္တလေးဒေသခံ ရွှေကုန်သည်ကြီးတဦးက ပြောသည်။

သတ္တုတွင်း ၀န်ကြီးဌာနက ၂၀၀၅-၂၀၀၆ ခုနစ် လောက်က ရွှေဒင်္ဂါးတွေစပြီး ထုတ်ရောင်း ဖူးတယ်။ ဒါပေမယ့် ဈေးကွက်မှာ ရွှေချိန် စံမမီတာရယ်၊ အလေးချိန် လျော့တာရယ်ကြောင့် သိပ်ပြီး မတွင်ကျယ်လိုက်ဘူး။ အခုနောက်ပိုင်း အခေါက်ရွှေကို အပိုင်းလိုက် ထုတ်ရောင်း လာတယ်။ ဒါပေမယ့် အစိုးရ ရွှေကို ၀ယ်သူသိပ်မရှိလှဘူး” ဟု ရွှေဆိုင်ပိုင်ရှင် တဦးက ပြောသည်။

အစိုးရ ရွှေဈေးသည် ပြင်ပဈေးထက် အနည်းငယ် လျော့သော်လည်း ၁ ကျပ်သားလျှင် ၂ ရွေးခန့် အလေးချိန်လျော့ခြင်း၊ မှတ်ပုံတင် ပြသရခြင်း၊ ရောင်းဝယ်မှု မှတ်တမ်းတွင် အမည် မှတ်တမ်း စာရင်း သွင်းရခြင်းတို့ကြောင့် ကုန်သည်များနှင့် လုပ်ငန်းရှင်များ ကြိုက်နှစ်သက်ခြင်း မရှိကြပေ။

“အစိုးရရွှေက ဈေးနှုန်း သက်သာရင် အလေးချိန်မမှန်ဘူး၊ အလေးချိန်မှန်ရင် ဈေးနှုန်းက မြင့်တယ်။ အဲဒီတော့ ဈေးကွက်မှာ ဘယ်လိုမှ အလုပ်မဖြစ်ဘူး။ ဈေးကွက်မှာက ဈေးမှန်၊ အလေးချိန်မှန်မှ တကယ် အရောင်းအ၀ယ်ဖြစ်တာ” ဟု ရွှေ သန့်စင်ရေး နှင့် ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောသည်။

စစ်အစိုးရ အရာရှိ မိသားစုများ ကိုယ်တိုင်ပင်လျှင် အစိုးရရွှေကို ၀ယ်ယူခြင်းမရှိဘဲ ပြင်ပ ဈေးကွက်မှသာ ၀ယ်ယူ စုဆောင်း သည်ဟု ရွှေကုန်သည်များထံမှ သိရသည်။

“အစိုးရ ရွှေဆိုင်ဆိုတာက တကယ်အလုပ်မဖြစ်ဘူး။ အမည်ခံ သက်သက်ပေါ့။ အစိုးရက ဈေး သက်သက်သာသာနဲ့ ရွှေရောင်းပေးတယ်ဆိုတဲ့ ဂုဏ်ပုဒ်တခုအတွက် လုပ်ထားတာ။ တကယ့်ဈေးကွက်ကို ဘာအထောက်အကူမှ မပြုဘူး” ဟု ရွှေဘုံသာလမ်းမှ ရွှေကုန်သည်တဦးက ဆိုသည်။

အစိုးရတရပ်က ရွှေထုတ်ရောင်းခြင်းသည် ငွေကြေးဖောင်းပွမှုကို ကာကွယ်လိုခြင်း၊ ဈေးကွက်တွင် ရွှေဈေး တည်ငြိမ်မှုရှိရန် ထိန်းသိမ်းလိုခြင်း များကြောင့်ဖြစ်ကြောင်း၊ သို့ရာတွင် စစ်အစိုးရ အာဏာပိုင် အဆင့်ဆင့်၏ ညံ့ဖျင်းမှုများကြောင့်ထို ရည်ရွယ်ချက်များ ပျောက်ကွယ်နေရကြောင်း အငြိမ်းစား အစိုးရဘဏ်မန်နေဂျာ တဦးက ပြောသည်။

ယခုလက်ရှိတွင် အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားအတွက် ကျပ် ၆ သိန်း ၃ သောင်းနှင့် ၆ သိန်း ၄ သောင်းအကြားတွင် အပြောင်းအလဲ အတက်အကျ ရှိနေသည်။

စစ်အစိုးရသည် ရွှေဈေးနှုန်းကို ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းကို ၂၀၀၂ ခုနှစ်တွင် စတင် ဖွဲ့စည်း ခဲ့သည်။

No comments: