Friday, January 28, 2011

မြန်မာစစ်တပ်နှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့တို့ဘုရားသုံးဆူဒေသတွင်တိုက်ပွဲဖြစ်ပွါး

ကိုသိုက်၊ ကောင်းဝါသတင်းဌာန

ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူဒေသတွင် စစ်အစိုးရတပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့အသွင် ပြောင်းဖို့ငြင်းဆန်ခဲ့သည့် ဗိုလ်မှူးစောအေ၀မ်းဦးဆောင် ဒီကေဘီအေတပ်ဖွဲ့နဲ့ ကေအာန်ယူခေါ် ကရင် အမျိုးသား အစည်းအရုံးမှ တပ်များပူးပေါင်းတပ်တို့ ယနေ့မနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ ဘုရားသုံးဆူဒေသ ဘုရားတောင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု အဆိုပါဒေသခံမှ ပြောပါသည်။

“မနက်(၈)နာရီကဖြစ်ပြီးတော့ တပ်ဘက်ဆုတ်သွားတယ်။ နောက်(၁၀)နာရီခွဲလောက် ပြန်ဖြစ်ပြီးတော့ (၁၂)နာရီ လောက်မှပြီးတယ်။ ကေအန်ယူနဲ့ဒီကေဘီအေပေါင်းပြီး တပ်ကိုတိုက်တယ်ပေါ့။ သူတို့လှမ်းပစ်တဲ့ပုံစံက လက်နက်ကြီးချည်းဘဲ။ နှစ်ပွဲလုံးလက်နက်ကြီးတွေနဲ့ဘဲ ထုကြတယ်။”

ဤတိုက်ပွဲတွင်မြန်မာစစ်တပ် ခလရ(၄၀၂)ဘက်မှ တစ်ဦးကျဆုံးသွားသည်ဟု စစ်တပ်နှင့်နီးစပ်သူတစ် ဦးမှပြောသော်လည်း သီးခြားအတည်ပြုချက်မရရှိသေးပါ။

ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းကျေးရွာတွင်ရောက်ရှိနေသည့် မြန်မာစစ်တပ်၏စားနပ်ရိက္ခာနှင့် လက်နက်ကျည်ဆံများ သယ်ဆောင်သည့်လမ်းကြောင်းကို ဒီကေဘီအေတပ်နဲ့ ကေအာန်ယူတို့ပူးပေါင်းပြီး ပိတ်ဆို့ဖြတ်တောက်ရန်အတွက် ယခုလိုတိုက်ပွဲပုံဖေါ်နေသည်ဟု ဒီကေဘီအေအရာရှိတစ်ဦးမှပြောပါသည်။ ယမနေ့ကလည်း ခလရ(၄၀၆)မှတပ်သားတစ်ဦးသည် ကေအာန်ယူဘက်မှထောင်ထားဗုံးကိုနင်းမိ၍ တစ်ဦးကျဆုံး သွားကြောင်း ဒေသခံတစ်ဦးမှပြောပါသည်။

ဘုရားသုံးဆူနှင့် မွန်ပြည်နယ်သံဖြူဇရပ်ကိုသွားသည့်မော်တော်ကားလမ်းကိုလည်း ကေအာန်ယူ ဘက်မှ ပိတ်ပင်ထားသဖြင့် မြန်မာစစ်တပ်အနေနဲ့ ရိက္ခာအခက်အခဲတွေနဲ့တွေ့ကြုံနေရသည်ဟု စစ်တပ်နှင့် နီးစပ်တဲ့ သူတွေကပြောပါသည်။

ပြီးခဲ့တဲ့ဇန္ဖာဝါရီ(၂၅)ရက်နေ့မှစပြီး ဘုရားသုံးဆူမြို့ဒေသခံတပ်မှ ပုဂ္ဂလိကပိုင်မော်တော်ကားများကို ရိက္ခာသယ်ဆောင်ရန်အတွက် အတင်းချောဆွဲအဓမ္မခိုင်းစေမှုများပြုလုပ်ခဲ့သည်ဟု မြို့ခံများမှပြောပါသည်။ ယာဉ်ပိုင်ရှင်များအနေနှင့် နှစ်ဖက်တိုက်ပွဲအတွင်း၌ မိမိတို့၏အသက်အန္တရာယ်အတွက်စိုးရိမ်ပြီး မော်တော် ကားများကို ၀ှက်ထားရသည်ဟု ယာဉ်ပိုင်ရှင်များမှပြောသည်။

လက်ရှိအခြေအနေအရ စစ်တပ်ရိက္ခာသယ်ဆောင်မည့် မြန်မာစစ်တပ်နှင့် ရိက္ခာတင်လမ်းကြောင်း ကိုဖြတ်တောက်မည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့တို့အကြား တိုက်ပွဲများဆက်လက်ပြင်းထန်မည့် အနေအထား တွင်ရှိနေသည်ဟု နယ်စပ်စစ်ရေးအကဲခတ်များမှ သုံးသပ်ပြောဆိုပါသည်။

No comments: