Monday, January 24, 2011

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ပြန်လည်ကောင်းမွန်

မင်းနိုင်သူ Monday, 24 January 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ယခင်ရက်ပိုင်းများက ကျန်းမာရေး ချို့ယွင်း နေရာမှ ယခု ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ကြောင်း သိရသည်။

“သာမန် ဖျားနာမှုသဘော လောက်ပါပဲ၊ ဒီနေ့အထိတော့ နားနေပါသေးတယ်၊ အအေးမိတဲ့သဘောပါ။ နောက်ရက်တွေ ရုံးချုပ်ကိုပြန် တက်နိုင်တော့မှာပါ”ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

လွန်ခဲ့သည့်ရက်ပိုင်းများက မြန်မာပြည်တွင် အအေးပိုခဲ့ရာ ဇန်န၀ါရီ ၂၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကဆစ် ဖိရုမ်းနှင့် တွေ့ဆုံခဲ့ပြီးနောက် ကျန်းမာရေးကြောင့် အနားယူနေခဲ့ရသည်။


ယနေ့ ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်သေးသော်လည်း ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ အခမ်းအနားကို ပါတီရုံးချုပ်တွင် ပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

နအဖ စစ်အစိုးရရုံးစိုက်ရာ နေပြည်တော် တရားရုံးချုပ်တွင် NLD ပါတီရပ်တည်ခွင့် အထူးအယူခံအတွက် ယနေ့ ကြားနာမှုပြုနေ စဉ်မှာပင် NLD ဗဟိုအလုပ်အမှုဆောင်များက ကျင်းပနေကျ ပြည်ထောင်စုနေ့အခမ်းအနားကို ဆက်လက် ကျင်းပသွားရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“ပါတီရပ်တည်ခွင့် အထူးအယူခံအတွက် ရှေ့နေကြီး ဦးဉာဏ်ဝင်း ၊ ဦးကျော်ဟိုးတို့ နေပြည်တော်ကို ဒီကနေ့ သွားရောက်ပြီး လျှောက်လဲချက် ပေးခဲ့ပါတယ်”ဟု ဦးအုန်းကြိုင်က ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီသည် နအဖ စစ်အစိုးရ ကျင်းပသော ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီထပ်မံ မှတ်ပုံတင်ခြင်း မပြုသောကြောင့် ရွေးကောက်ပွဲကော်မရှင်က NLD ပါတီကို တရားဝင် ရပ်တည်ခွင့်မရှိကြောင်း ကြေညာခဲ့သည်။

ထိုကဲ့သို့ ကြေညာခဲ့သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် တရားရင်ဆိုင်နေရာ ပါတီရပ်တည်ခွင့် အထူးအယူခံကို နေပြည်တော် တရားရုံးချုပ်က ယနေ့လက်ခံကြားနာခဲ့ခြင်းဖြစ်သည်။

ယနေ့ အထူးအယူခံသည် နောက်ဆုံးအဆင့် အယူခံဖြစ်ပြီး တရားရုံးချုပ်က စီရင်ချက်ချမည့်နေ့ကိုမူ မသိရသေးပေ။

No comments: