အောလို
ထိုင်း-မြန်မာနယ်စပ်က ဖက်၊ ၀ါး၊ သစ်တို့ဖြင့် ဆောက်လုပ်ထားတဲ့ အဆောက်ဦးလေးတခု အထဲမှာ လူလေးငါးယောက်က ကွနှ်ဗျူတာ ကိုယ်စီနဲ့ အလုပ်တွေ ရှုပ်နေပါတယ်။ အဲဒီထဲမှာမှ အသားဖြူဖြူ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ အသက် ၂၆ အရွယ် ရှိတဲ့ ကရင်နီအမျိုးသား နဲလော်ဟာ အမေရိကန်နိုင်ငံသို့ သွားရောက်အခြေချနေထိုင်တဲ့ ထိုင်း-မြန်မာနယ်စပ်မှ သူ့သူငယ်ချင်း ကရင်နီဒုက္ခသည်တယောက်ကို အင်တာနက် အီးမေးလ် ချက်တင်ပေါ်ကနေ ကရင်နီစာနဲ့ အပြန်အလှန် ရေးပြီး ဆက်သွယ်နေပါတယ်။
နဲလော်ဟာ ကန္တာရ၀တီတိုင်း(မ်) သတင်းဌာနမှာ ၀က်မာစတာအဖြစ် တာဝန်ထမ်းဆောင်နေသူတယောက် ဖြစ်ပြီး ကရင်နီဘာသာလို ကေတီရဲ့ အွန်လှိုင်းဝက်ဖိတ်ကိုလည်း တည်ဆောက်ဖွဲ့စည်းပေးခဲ့သူပါ။ ဒါ့အပြင် အင်တာနက် ၀က်ဆိုဒ်ပေါ်သို့ တခြားလူများ စာတွေလို ကရင်နီစာတွေ ပေါ်လာနိုင်အောင် ဦးဆောင်ကြိုးပမ်းပေးခဲ့သူ တယောက်ပါ။
“ကရင်နီစာ တတ်တဲ့ ကရင်နီလူမျိုး အချင်းချင်း ဖြစ်တော့ အီးမေးလ် ချက်တင်ပေါ်မှာ ကိုယ့်ကရင်နီစာနဲ့ ရေးကြရတာ ခံစားရလို့ ပျော်တယ်။ ဒီကရင်နီစာကို တီထွင်ခဲ့သူကို အများကြီး ကျေးဇူတင်ရှိတယ်” လို့ နဲလော်က ပြောပါတယ်။
ကရင်နီအမျိုးသားစာကို တီထွင်ခဲ့တဲ့ သူကတော့ ဆရာကြီး ထဲဘူးဖဲပဲ ဖြစ်ပါတယ်။ ထဲဘူးဖဲဟာ ကရင်နီစာကို လွန်ခဲ့တဲ့ ၁၉၅၈-၅၉ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် သက္ကသိုလ်ကျောင်း တက်နေသေးတဲ့ အချိန်မှာ စတင်တီထွင်ခဲ့တယ်လို့ အခုလောလောဆယ် ကရင်နီအမျိုးသားစာပေ ၀န်ကြီးလည်းဖြစ်၊ ထဲဘူးဖဲ ငယ်သူငယ်ချင်းလည်း ဖြစ်တဲ့ ဆရာကြီး တူရယ်က ပြောပါတယ်။
ထဲဘူးဖဲဟာ ကရင်နီစာကို မတီထွင်သေးခင်မှာ တခြားလူများ စာပေတွေ ဖြစ်တဲ့ အင်္ဂလိပ်စာ (လန်တင်)၊ မြန်မာနိုင်ငံရှိ ဗမာစာ၊ တိုင်းရင်းသားစာတွေနဲ့ ကရင်နီဘာသာစကားတွေကို အကုန်လုံး လေ့လာထားတယ်။ နောက်ပြီး ကရင်နီစာကို တခြားလူများ စာပေတွေနဲ့ မတူကွဲပြားအောင် ခဲစာလုံးတွေဖြင့် ကရင်နီဗျည်းအက္ခရာ ၂၄ လုံးနဲ့ သံရ ၁၃ လုံးကို သီးသန့်တီထွင်ထားခြင်း ဖြစ်ပါတယ်။
“ကျနော်တို့ ကရင်နီဘာသာစကားမှာ တချို့စကားလုံးဆိုလို့ရှိရင် ဗမာစာနဲ့ ရေးလို့ မရတဲ့ဟာတွေ ရှိတယ်လေ။ အဲဒါ ထဲဘူးဖဲက ကရင်နီစာကို သီးသန်းထွင်လိုက်တာ။ ဥပမာ “ꤠ” “ဗ” ဆိုလို့ရှိရင် ဗမာလို့ မရေးတတ်ဘူး” လို့ တူရယ်က ပြောပါတယ်။
ထဲဘူးဖဲဟာ ၁၉၆၀ ခုနှစ်မှာ ရန်ကုန်သက္ကသိုလ်မှ သမိုင်းဘာသာရပ်ဘွဲ့ ရယူခဲ့ပြီးနောက် ကရင်နီပြည် လွိုင်ကော်မြို့မှာ ကျောင်းဆရာအဖြစ် တာဝန်ကို ပြန်လည်ထမ်းဆောင်ခဲ့ရာ အဲဒီအတောအတွင်းမှာပင် ကရင်နီစာကို ပြီးဆုံးအောင် တီထွင်ခဲ့လိုက်ပါတယ်။
ထဲဘူးဖဲဟာ ကရင်နီစာကို တီထွင်ပြီးဆုံးသွားတဲ့ အချိန်မှာ လွိုင်ကော်မြို့ရှိ သူနေထိုင်ရာ နေအိမ်မှာ သူ့သူငယ်ချင်း တူရယ် အပါအ၀င် တခြားကရင်နီအမျိုးသား ၁၀ ယောက်လောက်ကို စတင်သင်ကြားခဲ့တယ်လို့ တူရယ်က ပြောပါတယ်။
အဲဒီနောက် သူတီထွင်ထားခဲ့သော ကရင်နီစာကို ကရင်နီပြည်တွင် ကရင်နီအမျိုးသားတွေအတွက် ကရင်နီစာအဖြစ် အသုံးပြုစေဖို့အတွက် မြန်မာအစိုးရထံ တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာအစိုးက ထဲဘူးဖဲရဲ့ ကရင်နီစာကို ကရင်နီပြည်တွင် ကရင်နီစာအဖြစ် အသုံးပြုစေဖို့ လက်မခံပဲ ပယ်ချခဲ့ပါတယ်။
“မြန်မာအစိုးရက ထဲဘူးဖဲ ထွင်ထားတဲ့ ကရင်နီစာကို လက်မခံဘူး။ ကရင်နီစာ ထွင်မယ်ဆိုရင် ဗမာအက္ခရာနဲ့ လုပ်ရမယ်တဲ့။ သူတို့ အက္ခရာတွေကို မသုံးပဲနဲ့ သီးသန်းလုပ်မယ်ဆိုရင် မလက်ခံဘူးလေ။ ဒါပေမဲ့ လန်တင်စာတို့က ရှိထားပြီးလေ၊ အဲဒါကြတော့ သူတို့ မပြောဘူး” လို့ တူရယ်က ပြောပါတယ်။
ထဲဘူးဖဲဟာ ကရင်နီပြည်တွင် ကရင်နီအမျိုးသားစာအဖြစ် အသုံးပြုစေဖို့ တီထွင်ထားတဲ့ ကရင်နီစာကို မြန်မာအစိုးရမှ လက်မခံတဲ့အတွက် ၁၉၆၆ ခုနှစ်မှာ ကရင်နီတော်လှန်ရေးထဲသို့ စတင်ဝင်ရောက်ခဲ့ကာ ကရင်နီအနောက်ဘက်ခြမ်းကနေ အရှေ့ဘက်ကမ်းသို့ ထွက်လာခဲ့ပါတယ်။
နောက်ပြီး ထဲဘူးဖဲ ကရင်နီစာကို ကရင်နီအရှေ့ဘက်ကမ်းတွင် တူရယ် ဦးဆောင်မှုဖြင့် ၁၉၇၁ ခုနှစ်တွင် ကရင်နီပြည်သူတွေနဲ့ ကျောင်းသူကျောင်းသားတွေကို စတင်သုံးစွဲသင်ကြားခဲ့ပါတယ်။ အဲဒီအချိန်တွင် ကရင်နီစာကို ကျောင်းမှာလည်းကောင်း၊ ရုံးမှာလည်းကောင်း သုံးနေကြပေမယ့် ကရင်နီစကားလုံးကိုတော့ လက်ဖြင့်သာ ရေးသားကြရပါတယ်။
ဒါပေမယ့် ၁၉၈၉ ခုနှစ်တွင် ထဲဘူးဖဲ ကရင်နီစာကို စိတ်ဝင်စားခဲ့သူ အမေရိကန်နိုင်ငံမှ ၀ီလျံနဲ့ ကရင်နီခေါင်းဆောင်တို့ရဲ့ ကြိုးပမ်းမှုဖြင့် လက်နှိပ်စက်နဲ့ ကွန်ဗျူတာမှာ ကရင်နီစကားလုံးတွေ ရိုက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ကရင်နီစာကို ကျောင်းမှာဖြစ်စေ၊ တခြားနေရာမှာဖြစ်စေ အသုံးပြုဖို့ ကွန်ဗျူတာနဲ့ စတင်ရိုက်လာခဲ့ကြပါတယ်။
နောက်ပြီး ၂၀၀၉ ခုနှစ်တွင် မယ်ဟောင်ဆောင်မြို့မှာ ရုံးစိုက်ထားတဲ့ ကန္တာရ၀တီတိုင်း(မ်) သတင်းဌာနမှ နဲလော် ဦးဆောင်မှုဖြင့် ရန်ကုန်မြို့မှ ကွန်ဗျူတာဘက်ဆိုင်ရာ ဖော့တီထွင်တတ်သူတွေဖြင့် အင်တာနက် ၀က်ဆိုဒ်ပေါ်သို့ ပထမဆုံးအကြိမ် ကရင်နီစာ ပေါ်လာနိုင်ခဲ့ပါတယ်။
ကရင်နီအမျိုးသားတွေအတွက် ကရင်နီစာ ရှိလာစေဖို့နဲ့ လက်နှိပ်စက်၊ ကွန်ဗျူတာတို့နဲ့ ရိုက်နိုင်အောင် မိမိတို့ ခေါင်းဆောင်တွေ ကြိုးပမ်းလာခဲ့ကြပြီဖြစ်ကြောင်း၊ အင်တာနက်ပေါ်တွင် တခြားလူများ စာပေတွေလို ကရင်နီစာပေ မရှိသေးတဲ့အတွက် ငွေးကြေး အကျပ်အတည်း ရှိတဲ့ကြားက အင်တာနက်ပေါ်သို့ ကရင်နီစာ ရောက်နိုင်အောင် ကြိုမ်းပမ်းခဲ့ရခြင်း ဖြစ်တယ်လို့ နဲလော်က ပြောပါတယ်။
“ကျနော်တို့ ကရင်နီစာဟာ တခြားလူများ စာတွေလို့ ၀က်ဆိုဒ်ပေါ်မှာ မရှိသေးဘူလေ။ အဲဒါ ကျနော်တို့ လူငယ်တွေက ကရင်နီစာက ၀က်ဆိုဒ်ပေါ်မှာ ပေါ်နိုင်ရမယ်၊ တက်နိုင်ရမယ်လို့ စိတ်အားထက်သာနေလို့လေ” လို့ နဲလော်က ပြောပါတယ်။
ကရင်နီပြည်မှာ ကရင်နီစာ ၃ မျိုး ရှိပါတယ်။ ပထမတမျိုးက ထဲဘူးဖဲ တီထွင်ထားတဲ့ စာဖြစ်ပြီး ဒုတိယတမျိုးက ဗမာအက္ခရာနဲ့ တီထွင်ထားတဲ့စာနဲ့ နောက်ဆုံးတမျိုးကတော့ အင်္ဂလိပ်စာ (လန်တင်)နဲ့ တီထွင်ထားတဲ့ စာတွေပဲ ဖြစ်ပါတယ်။ အဲဒီစာ ၃ မျိုးအနက် ထဲဘူးဖဲ စာက ကရင်ပြည်တွင်းမှာ အသုံးပြုဖို့ မြန်မာအစိုးရက ပိတ်ပင်ထားပါတယ်။ ဒါပေမယ့် ကျန်တဲ့ ကရင်နီစာ ၂ မျိုးကတော့ ပြည်တွင်းမှာ မြန်မာအစိုးရမှ အသုံးပြုခွင့် ပေးထားပါတယ်။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကရင်နီစာ ၃ မျိုး ရှိတဲ့အထဲမှာ ကရင်နီပြည်တွင် ကရင်နီအမျိုးသားတွေအတွက် ဘယ်ကရင်နီစာ တခုတည်းကို ရွေးချယ်ပြီး ရှေရှည်မှာ တည်တံ့ခိုင်မြဲအောင် အသုံးပြုမှာလဲ၊ ဖြစ်နိုင်မှာလဲဆိုတာ ဘယ်သူမှ မသိသေးကြပါဘူး၊ မဆုံးဖြတ်ကြသေးပါဘူး။
ဆရာကြီး ထဲဘူးဖဲ တီထွင်ထားတဲ့ ကရင်နီစာဟာ ကရင်နီပြည်အရှေ့ဘက်ကမ်းမှ ကရင်နီလူမှုအသိုင်းအ၀ိုင်းထဲမှာ ကရင်နီအမျိုးသားတွေက နှစ်ပေါင်း ၅၀ ကျော် အသုံးပြုလာခဲ့ကြပြီ ဖြစ်ပေမယ့် အခုအချိန်ထိ ကရင်နီစာကနေ စာပေ မဟုတ်သေးကြောင်း ထဲဘူးဖဲက ပြောပြခဲ့ပါတယ်။
ဘာဖြစ်လဲဆိုတော့ လူမျိုးတမျိုးတမျိုးဟာ သူရဲ့ စာကနေ စာပေ ဖြစ်လာဖို့ဆိုတာ စာ၊ သဒ္ဒါ၊ အဘိဓ္ဓါနဲ့ ၀တ္တုတို့ ရှိရမယ်လို့ ထဲဘူးဖဲက ပြောပါတယ်။ အခုလောလောဆယ် ထဲဘူးဖဲရဲ့ ကရင်နီစာဟာ ကျောင်းတွေမှာ ကရင်နီစာ၊ ကရင်နီသဒ္ဒါတို့ သုံးစွဲသင်ယူနေကြပြီး ရုံးတွေမှာလည်း ကရင်နီစာကို အသုံးပြုကြတာကို တွေ့ရှိရပါတယ်။ ဒါပေမယ့် အင်္ဂလိပ်ကနေ ကရင်နီအဘိဓ္ဓါန်၊ ကရင်နီဝထ္ထုတို့ မရှိသေးတဲ့အတွက် ထပ်ထွက်လာစေဖို့ ဆရာကြီး ထဲဘူးဖဲက ကရင်နီအဘိဓ္ဓါန်နဲ့ ၀တ္တုတို့ကို ရေးနေရင်းမှာပဲ မနေ့က ကွယ်လွန်သွားခဲ့ပါတယ်။
ကရင်နီစာကို တီထွင်ခဲ့သူ ဆရာကြီး ထဲဘူးဖဲ ကွယ်လွန်သွားပြီ ဖြစ်ပေမဲ့ ကရင်နီပြည်တွင် ကရင်နီအမျိုးသားတွေအတွက် ကရင်နီစာ ဆက်လက်ရှင်သန်ဖို့ တည်တံ့ခိုင်မြဲဖို့၊ ကရင်နီစာကနေ စာပေ ဖြစ်လာဖို့အတွက် ကရင်နီအမျိုးသားတိုင်းမှာ ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ တာဝန် ရှိနေကြောင်း ကရင်နီအမျိုးသားစာပေ ၀န်ကြီး ဆရာကြီး တူရယ်နဲ့ အင်တာနက် ၀က်ဆိုဒ်ပေါ်သို့ ကရင်နီစာ ပေါ်နိုင်အောင် ဦးဆောင်ခဲ့သူ နဲလော်တို့က တိုက်တွန်းထားပါတယ်။
ထဲဘူးဖဲရဲ့ လေးယောက်မြောက် သမီးဖြစ်သူ မော်သဲမာကတော့ “အဖေ ဆုံးသွားတာ စောလွန်းပါတယ်။ အခုမှ အသက် ၇၄ နှစ်ဘဲ ရှိသေးတယ်။ အမှန်ဆို ၈၀၊ ၈၀ ကျော်အထိ နေသင့်သေးတယ်။ သူလုပ်စရာတွေ အများကြီး ရှိသေးတယ်။ အခု သူလုပ်နေတဲ့ ကရင်နီအဘိဓါန်တောင်မှ A ကနေ R အထိပဲ ရောက်သေးတယ်။ ဘယ်သူ ဆက်လုပ်မလဲ မသိဘူး” လို့ ပြောသွားပါတယ်။
No comments:
Post a Comment