ရန်ကုန်သားတာတေ
“တီဗီတွေဝယ်တယ်၊ အောက်စက်တွေ ဝယ်တယ်၊ ၃ ရက်ခံ လျှပ်စစ် ပစ္စည်းတွေ ဝယ်တယ်”
“ဓာတ်ငွေ့တွေရမယ်၊ ကျောက်စိမ်းတွေ ရမယ်၊ ရေအားလျှပ်စစ်တွေ ရမယ်၊ ကျွန်းသစ်တွေ ဈေးပေါနဲ့ ရမယ်နော်။ ဒီကိုလာ၊ ဒီကိုလာ”
“ဒန်အိုးဒန်ခွက်တွေ ဝယ်တယ်၊ ပလတ်စတစ် ပစ္စည်းအစုတ်တွေ ဈေးကြီးပေးဝယ်တယ်”
“အဆောက်အအုံ ဟောင်းတွေရမယ်၊ ရုပ်ရှင်ရုံဟောင်းတွေရမယ်၊ ဘီအီးဆိုင်တွေ ရမယ်၊ ရုံးဟောင်း ရုံးပျက်တွေ ရမယ်”
နေပြည်တော်တွင် ဈေးရောင်းပွဲတော်ကြီး တခု ခြိမ့်ခြိမ့်သည်းသည်း ကျင်းပနေသည်။ တကယ်တော့ အကယ်ဒမီပွဲလာ မင်းသားမင်းသမီးများ၏ ထူးထွေဆန်းပြားသော ဝတ်စားဆင်ယင်မှုများကို လေ့လာချင်သည်ဟု ဖိုးရှုပ်နှင့် ကြွက်စုတ်တို့က ဂျီကျသဖြင့် ဦးရုက္ခစိုးက လိုက်ပို့ရခြင်းဖြစ်သည်။ သို့သော် အကယ်ဒမီပွဲ အပြီးတွင် ဈေးရောင်းပွဲတော်ကြီးတခုကိုပါ သူတို့ တွေ့လိုက်ရခြင်းဖြစ်သည်။
နေပြည်တော် လွှတ်တော် အဆောက်အအုံ ရှေ့က ဈေးရောင်းပွဲတော်ကြီးကို ဦးဆောင်ကျင်းပသူမှာ ချိုကုပ်ဒူးကြီး ဖြစ်သောကြောင့် ထုံးစံအတိုင်း စပ်စုရန် အနားသို့ တိုးသွားလိုက်ကြသည်။
ရုက္ခစိုး။ ။ ချိုကုပ်ဒူးကြီးကိုယ်တိုင် ဈေးရောင်းနေတာပါလား။ ဘာအတွက်လဲဗျ။
ချိုကုပ်။ ။ ဘာအတွက်ရမလဲ ဦးရုက္ခစိုးရယ်။ ဈေးရောင်းတာဟာ ပိုက်ဆံလိုချင်လို့ပေါ့။
ဖိုးရှုပ်။ ။ မဟုတ်ဘူးလေဗျာ။ သူများတွေ ဈေးရောင်းပွဲ ကျင်းပရင် ဘာအတွက်၊ ညာအတွက် ရန်ပုံငွေဆိုပြီး ခေါင်းစဉ် တပ်တယ်လေ။ အဲဒါ ဦးရုက္ခစိုးက ခေါင်းစဉ်ကို မေးတာ။
ချိုကုပ်။ ။ သြော် … ဒါလား။ ဒေါ်အောင်ဆန်းစုကြည်တို့ကို အားကျတာနဲ့ ဈေးရောင်းပွဲ လုပ်ကြည့်တာပါ။ လွှတ်တော် မခေါ်ခင် လက်ကျန်လေးတွေ ဖြတ်ချင်တာနဲ့လေ။
ကြွက်စုတ်။ ။ ဒါဆို သူတို့လို HIV လူနာတွေနဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေကို ကူညီဖို့ပေါ့ ဟုတ်လား။
ချိုကုပ်။ ။ ဟာ HIV ဝေဒနာရှင်ဆိုတာ သေမှာပဲဟာ။ ပိုက်ဆံမလိုပါဘူး။ နိုင်ငံရေး အကျဉ်းသား မိသားစုတွေကလည်း ဒုက္ခရောက်တာ အသားကျနေပြီ၊ ငွေမလိုဘူးလေ။ ဘာလုပ်ဖို့ သူတို့အတွက် လုပ်မှာလဲ။ အခု ဈေးရောင်းပွဲက မိသားစု ဈေးရောင်းပွဲဗျ။
ရုက္ခစိုး။ ။ သြော် … မိသားစုဈေးရောင်းပွဲဆိုတော့ ချိုကုပ်ဒူးကြီးတို့ပိုင်တဲ့ ပစ္စည်းတွေ ထုတ်ရောင်းပြီး ရတာကို လှူမယ်ပေါ့ ဟုတ်လား။
ချိုကုပ်။ ။ လွဲပြန်ပြီ။ ကျုပ်တို့ပိုင်တဲ့ ပစ္စည်းတွေ ဘာလို့ရောင်းမှာလဲ။ နိုင်ငံပိုင်ပစ္စည်းတွေပဲ ရောင်းမှာပေါ့။ နိုင်ငံပိုင်ပစ္စည်း ကျုပ်ပစ္စည်းပဲဟာ။ လှူမယ် ဆိုတာတော့ မှန်တယ်။ ဘယ်သူ့ကိုလှူမလဲ ဆိုတော့ ကျုပ်ရဲ့ မိန်းမ၊ သား၊ သမီး၊ မြေးတွေကို လှူမှာ။ ကျန်တာတော့ ကျုပ်အားကိုးရတဲ့ ချိုကုပ်တွေ၊ ချိုပြုတ်တွေကို လှူမှာပေါ့။
ထိုစဉ် ချိုကုပ်ဒူးကြီး ကတော် ဒေါ်ကွိုင်ကွိုင်က “ဟောဒီက ကျောက်စိမ်း တော်ရေ့” ဟု အော်လိုက်ရာ ထောင်ကဲကြီး တယောက်က ဒေါ်ကွိုင်ကွိုင့်ဆိုင်ခန်းဆီ ဦးတည်လျှောက်သွားသည်။
ချိုကုပ်ဒူးကြီး၏ သမီးတော်တဦးဖြစ်သော စိန်စီရွှေရွှေကလည်း အားကျမခံ “ဖွတ်တွေ၊ ပဒတ်တွေ၊ မိချောင်းတွေ ရမယ်၊ ကျားတွေ၊ ဆင်တွေရမယ်၊ ကြွက်တွေ၊ ခြင်တွေ၊ ပိုးဟပ်တွေရမယ်၊ မြွေမျိုးစုံရမယ်” ဟု အော်ပြန်သည်။
ချိုကုပ်ဒူးကြီး၏ မြေးတော်လေး ဖိုးလောက်လန်းက ဈေးမရောင်းဘဲ ပွဲစားလုပ်နေသည်။ ဈေးဝယ်သူများနှင့် ဆိုင်ခန်းများ အကြား ဟိုပြေး သည်ပြေးဖြင့် လိုချင်သည့်ဈေးရရန် ညှိနှိုင်းပေးကာ ကြားက ပွဲခယူသည်။
ချိုကုပ်ကြီး ကတော်တဦးက “ဧရာဝတီရမယ်၊ သံလွင်ရမယ်၊ ချင်းတွင်းရမယ်” ဟု အော်နေသည်။
ရုက္ခစိုး။ ။ မြစ်တွေလည်း ရောင်းတာပဲလား။
ချိုကုပ်။ ။ သြော် ဦးရုက္ခစိုးရယ်။ လာမယ့်အစိုးရသစ် တက်ပြီးနောက်ပိုင်း အဲဒီမြစ်တွေ ခန်းကုန်ရင် အလကား ဖြစ်သွားမှာစိုးလို့ အခု မြန်မြန်ထုတ်ရောင်းထားတာပါ။
ဖိုးရှုပ်။ ။ ရောင်းတဲ့ ပစ္စည်းကလည်း စုံနေတာပဲ။ အကောင်မျိုးစုံ၊ အပင်မျိုးစုံ။ ခေါင်ယမ်းပန်းပင်တို့၊ စက္ကူပန်းပင်တို့ပါ ပါသေးတယ်။
ချိုကုပ်။ ။ ဘာရောင်းရောင်း တရုတ်က အကုန်ဝယ်မယ်ဆိုလို့လေ။ မြက်တွေတောင် ရသလောက် ယူမယ် ပြောလို့ တနိုင်ငံလုံးရှိရှိသမျှ မြက်တွေ ရိတ်ခိုင်းထားတယ်။ တီကောင်တွေလည်း လိုချင်တယ်ဆိုလို့ တူးနေပါပြီ။
ရုက္ခစိုး။ ။ နေပါဦး ...။ ခုနက ချိုကုပ်ဒူးကြီး အော်နေတာ ကြားလိုက်ပါတယ်။ ပလတ်စတစ် ပစ္စည်းတွေ ဝယ်တယ်၊ ၃ ရက်ခံ လျှပ်စစ်ပစ္စည်းတွေ ဝယ်တယ်ဆိုတာကကော။
ချိုကုပ်။ ။ သြော် ဒါလား။ ရှိသမျှ ပစ္စည်းတွေအကုန် ထုတ်ရောင်းနေတော့ ပြည်သူလူထု သုံးစရာ မကျန်မှာစိုးလို့ စေတနာနဲ့ ပြန်ဝယ်ထည့်ပေး မလို့ပါ။ အဲဒါလည်း တရုတ်က သွင်းပေးတယ်လေ။
“ဟောဒီက အရက်ချက်စက်ရုံတွေရမယ်၊ အရက်ဆိုင်တွေရမယ်။ အမြန်ဝယ်ထားနော်၊ ၅၀ ရာခိုင်နှုန်း ဒစ္စကောင့် ပေးနေပြီ” ဟု အော်သံကြားသဖြင့် အားလုံးလှည့်ကြည့်လိုက်ရာ ဒုတိယ ချိုကုပ်ဒူးကြီး မောင်ကွေး ဖြစ်နေသည်။
ကြွက်စုတ်။ ။ အရက်ဆိုင်တွေ၊ ရုပ်ရှင်ရုံအဟောင်းတွေ၊ အဆောက်အအုံဟောင်းတွေ ကျတော့ ဘယ်သူတွေ ဝယ်လဲဗျ။
ချိုကုပ်။ ။ မြန်မာပြည်ရောက်နေတဲ့ ထောင်ကဲတို့ မာမွတ်တို့ဝယ်တယ်လေ။ မြန်မာနိုင်ငံမှာ ဒါမျိုးဝယ်နိုင်တဲ့ သူဌေး ဆိုလို့ တေဂွတို့ အုပ်စုကလွဲရင် သူတို့ပဲ ရှိတာပဲ။
ထိုစဉ် ချိုကုပ်တယောက်က “လေယာဉ်ပျံတွေရမယ်၊ မီးရထားတွေရမယ်၊ ကားတွေရမယ်၊ ဆိုက်ကား၊ မြင်းလှည်း၊ ထော်လာဂျီတွေရမယ်” ဟု အော်ရောင်းသည်။
နောက်ထပ် ချိုကုပ်တယောက်ကလည်း “ရေနံလုပ်ကွက်တွေရမယ်၊ ပတ္တမြားလုပ်ကွက်၊ ရွှေ လုပ်ကွက်တွေရမယ်၊ အထွက်တိုး စပါး လုပ်ကွက်၊ ရေနက်ကွင်းလုပ်ကွက်၊ ရေတိမ်ကွင်းလုပ်ကွက်၊ ရေမုန့်လုပ်ကွက်၊ မုန့်စိမ်းပေါင်းလုပ်ကွက်၊ မုန့်ဆီကြော် လုပ်ကွက် အကုန်ရမယ်” ဟု အော်လိုက်ပြန်သည်။
ချိုကုပ်ဒူးကြီးက ပြုံးပြုံး ပြုံးပြုံးဖြင့် သဘောကျနေသည်။ ထိုစဉ် သူတို့နားသို့ ချိုကုပ်တဦး ရောက်လာကာ “ချိုကုပ်ဒူးကြီး မြန်မာပြည်ကတော့ ပြောင်သလောက် ရှိနေပါပြီ” ဟု သတင်းပေးသည်။
ရုက္ခစိုး။ ။ ပြောင်သလောက် ရှိနေပြီတဲ့ ဘယ်လိုလုပ်မလဲ ချိုကုပ်ဒူးကြီး။
ချိုကုပ်။ ။ သြော် ဦးရုက္ခစိုးကလည်း … ပြောင်သလောက် ရှိတာ ပြောင်တာမှ မဟုတ်သေးဘဲ။ (သတင်းလာပေးသည့် ချိုကုပ်ဘက်လှည့်၍) ကဲကဲ ဒါဆိုလည်း ဝန်ကြီးတွေကို ထွက်ခိုင်းလိုက်တော့ လွှတ်တော်ခေါ်ဖို့က နီးနေပြီ … မြန်မြန်လုပ်။
ဖိုးရှုပ်။ ။ ဟာ … ဝန်ကြီးတွေ ထွက်မယ်ဟုတ်လား။ ဒါဆို ဘယ်သူက ဝန်ကြီးဌာနတွေကို တာဝန်ယူမှာလဲ ချိုကုပ်ဒူးကြီးရဲ့။ ကြားဖြတ်အစိုးရတွေဘာတွေ ခန့်မလို့လား။
ချိုကုပ်။ ။ ကြံကြံဖန်ဖန် ဘာလို့ ကြားဖြတ်အစိုးရ ခန့်ရမှာလဲ။
ကြွက်စုတ်။ ။ ချိုကုပ်ဒူးကြီးပဲ ဝန်ကြီးတွေ ထွက်ခိုင်းမယ်ဆို။ ခန့်တုန်းကလည်း ချိုကုပ်ဒူးကြီးပဲလေ။ လူဝတ်လဲတာဖြင့် မကြာသေးဘူး။
ရုက္ခစိုး။ ။ ဟုတ်တယ် ချိုကုပ်ဒူးကြီး။ သူတို့ လူဝတ်လဲတာဖြင့် မကြာသေးဘူး ထွက်ရမယ်ဆိုရင် ကြိုက်ပါ့မလား။
ချိုကုပ်။ ။ ခင်ဗျားတို့ ဘာတွေလာပြောနေတာလဲ။ ဝန်ကြီးတွေ ထွက်ခိုင်းလိုက်ဆိုတာက ဝတ်စုံလဲပြီး အရှေ့ကို ဈေးလာရောင်းဖို့ ထွက်ခိုင်းတာ။ နောက်ဆုံးအသုတ် ရောင်းလို့ မကုန်သေးတာလေးတွေကို လွှတ်တော်မခေါ်ခင် မကုန်ကုန်အောင် ရောင်းခိုင်းမလို့ ထွက်ခိုင်းတာဗျ။
ထိုစဉ် ဝန်ကြီးချုပ် ဦးသိန်းဂိန်ဦးဆောင်သော ဝန်ကြီးအဖွဲ့သည် မိတ်ကပ်အဖွေးသား၊ ချိတ်ထဘီ ရောင်စုံများ ဆင်မြန်း၍ “ရှောက်သီးဆေးပြားတွေ ရမယ်နော်၊ ရှောက်သီးဆေးပြား၊ ၃ ထုပ်ယူရင် သီချင်းတပုဒ်စာ ကပြမယ်” ဟု အော်ကာ ထွက်လာလေသည်။
ဖိုးရှုပ်က ဝန်ကြီး ကိုယ်ရ ဦးရွှေပန်းထံမှ ရှောက်သီးဆေးပြား ၃ ထုပ်ဝယ်လိုက်ရာ ကော်နီ၏ “ကိုကိုချစ်” သီချင်းဖြင့် ကပြလေသည်။
သို့သော် တခြားဝန်ကြီးများက သူတို့ထံမှ မဝယ်သောကြောင့် စိတ်ဆိုးပြီး ဝိုင်းလာသဖြင့် ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ သုံးဦးသားမှာ အမြန်ဆုံးနည်းနှင့် ပန်းကန်လုံးစီး၍ ဈေးရောင်းပွဲတော်ကြီးအတွင်းမှ ထွက်ပြေးကြရ လေတော့သတည်း။
No comments:
Post a Comment