Monday, January 24, 2011

ရန်ကုန်တွင် စစ်မှုမထမ်းမနေရ ဥပဒေ ဆန့်ကျင်ရေး လှုပ်ရှား

ဇာနည်မာန် Monday, 24 January 2011

စစ်အစိုးရမှ ပြဌာန်းမည့် စစ်မှုမထမ်းမနေရ ဥပဒေကို ဆန့်ကျင်ရန် နှိုးဆော် စာများကို ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ် မယ်လမုဘုရား အနီးတ၀ိုက်တွင် လူငယ်တစုက ယမန်နေ့ညက ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။

စစ်ဆန့်ကျင်ရေး လူငယ်အစည်းအရုံးဟု ဖော်ပြထားပြီး “ပြည်သူ့စစ်မှုထမ်းဥပဒေသည် လူငယ်ထုကို အညွန့်ချိုးသည့် ဥပဒေဖြစ်၍ ဆန့်ကျင်ကြရန်၊ တိုင်းရင်းသားဒေသများကို ထိုးစစ်ဆင်နေမှုများတွင် လူငယ်ထုပါဝင်ကြရမည့် ဥပဒေဖြစ်နေ၍ ဆန့်ကျင်ကြရန်၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အတူ အတုအယောင် လွှတ်တော်နှင့်အစိုးရကို ဆန့်ကျင်တော်လှန်ရန်” စသည် တို့ ရေးသားထားသည့် စာရွက်များကို မယ်လမု ဘုရားပွဲတော်အချိန်တွင်း ဖြန့်ဝေခဲ့ကြသည်ဟု အဖွဲ့ဝင် လူငယ် တဦး က ဆိုသည်။

“ဒီဥပဒေက ကျနော်တို့အတွက် မလိုအပ်ဘူးလို့်။ သူတို့ စစ်တပ်ကြီးက အကြီးကြီး ရှိပြီးသားပဲ။ ကျနော်တို့ တိုင်းပြည်မှာ ပြည် ပရန်လည်းမရှိဘူး။ ပြည်တွင်းတိုက်နေတဲ့စစ်ကလည်း တကယ်တမ်းဆို ကိုယ့်တိုင်းရင်းသားအချင်းချင်း တွေ့ဆုံညှိနှိုင်းမှု၊ စေ့ စပ် ညှိနှိုင်းမှုနဲ့ နိုင်ငံရေး နည်းလမ်းအရ ဖြေရှင်းလို့ရနေပေမယ့် စစ်တပ်အာဏာတည်မြဲရေးအတွက် သူတို့ တဖက်သတ် လုပ်နေတဲ့ စစ်ပွဲပဲ”ဟု ၎င်းက ပြောသည်။

စစ်အစိုးရက ပြဌာန်းမည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် လူငယ်ထုနှင့် စစ်အစိုးရတို့ ထိပ်တိုက်ရင်ဆိုင်ရမည့် ဥပဒေဖြစ်ပြီး စစ်အစိုးရ၏အာဏာများကို တသဝေမတိမ်းလိုက်နာတတ်စေရန်နှင့် စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက်သာ ဖြစ်သည်ကို လူငယ်များနှင့် ပြည်သူလူထုတရပ်လုံးက သိနားလည်၍ ဆန့်ကျင်ကြရန်လိုအပ်ကြောင်း သူက တိုက်တွန်းပြောဆိုသည်။

ကျောင်းသားလူငယ်များ ပါဝင်သော အဆိုပါ စစ်ဆန့်ကျင်ရေး လူငယ်အစည်းအရုံးသည် ၂၀၀၈ အခြေခံဥပဒေ ဆန့်ကျင်ရေး လှုပ်ရှားမှုများ၊ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲမပေးရန် နှိုးဆော်လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည့် အဖွဲ့တခုဖြစ်သည်။

ထိုဥပဒေကိုသာမက စစ်အစိုးရ ပြုလုပ်နေသည့် အတုအယောင် လွှတ်တော်နှင့် မကြာမီပေါ်ထွက်လာမည့် အတုအယောင် အစိုးရကိုလည်း ဆန့်ကျင်သည်အထိ အဖွဲ့၏ လှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ယင်းအဖွဲ့ကဆိုသည်။

စစ်အစိုးရက ၂၀၁၀ ဒီဇင်ဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား အမျိုးသားများနှင့် ၁၈ နှစ်မှ ၃၅ နှစ် အတွင်း အမျိုးသမီးများ စစ်မှုမထမ်းမနေရ ဥပဒေ ပြန်တမ်းကို ထုတ်ပြန်ကြောင်း ပြင်ပသို့ပေါက်ကြားလာသည့် ပြန်တမ်းမိတ္တူများအရ သိရသည်။

အဆိုပါ ဥပဒေ၌ အသက် ၁၈ နှစ်ပြည့်သူ နိုင်ငံသားတိုင်း စစ်မှု၂ နှစ် ထမ်းရမည်ဖြစ်ပြီး စစ်မှုထမ်းကာလ ၅ နှစ်အထိ တိုးမြှင့် နိုင်ကြောင်း၊ စစ်မှုထမ်းရန် မှတ်ပုံမတင်သူ၊ ရှောင်လွှဲသူများ အနေနှင့် ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ဒဏ် နှစ်ရပ်စလုံး ကျခံရမည်ဖြစ်ကြောင်း၊ စစ်မှုမထမ်းချင်သောကြောင့် မိမိကိုယ်ကို ကိုယ်လက်အင်္ဂါ ချို့ယွင်းစေရန် လုပ် ဆောင်ပါက ထောင်ဒဏ် ၅ နှစ် ကျခံရမည်ဖြစ်ကြောင်း၊ သာသနာ့ ဝန်ထမ်းများ၊ ခြေလက်အင်္ဂါ ချို့ယွင်း မသန်စွမ်းသူများနှင့် သားသည် မိခင်များမှအပ သတ်မှတ် အသက်အရွယ် အတွင်းရှိ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်၊ ထောင်တွင်း အကျဉ်းကျ ခံ နေရသူများနှင့် သက်ကြီးရွယ်အိုများကို စောင့်ရှောက် နေသူများမှာ စစ်မှုထမ်းချိန်ကို ခေတ္တရွှေ့ဆိုင်းနိုင်သော်လည်း နောက် ပိုင်းတွင် ပြန်လည် စစ်မှုထမ်းရမည်ဟု ပါရှိသည်။

ယင်း စစ်မှု မထမ်းမနေမရ ဥပဒေကို မကြာမီ ခေါ်ယူမည့် လွှတ်တော်တွင် အတည်ပြုဖွယ်ရှိကြောင်း ဥပဒေ အသိုင်းအဝိုင်းက ပြောဆိုသည်။

No comments: