Saturday, January 22, 2011

မြို့နယ်ခွဲအသစ်သို့မပြောင်းလျှင် လာရင်း ဇာတိပြန်ရမည်ဟုဆို

သျှမ်းသံတော်ဆင့်

ယမန်နေ့မနက်ပိုင်းက သစ်၊ ဝါးသက်ကယ်နှင့် အိမ်ဆောက် ပစ္စည်းများသယ်ဆောင်သောနအဖ စစ်ယာဉ်တန်းမိုင်းတုံမြို့မှမိုင်းထားမြို့နယ်ခွဲသို့ သွားရောက်ပြီးနောက်ပိုင်း မိုင်းထားသို့မပြောင်းလိုသူ များ မိမိလာရင်းဇာတိသို့ ပြန်ရမည်ဟု ဗျူဟာမှူး ကပြောကြောင်း ဒေသခံများကဆိုသည်။

မိုင်းထားမြို့နယ်ခွဲမှာ သွားဆောက်ဖို့အိမ်ဆောက်ပစ္စည်းတွေသယ်သွားတာ။ ကားကြီး ၆ စီး ကားငယ် ၃ စီး။ တခြား ဒေသကနေ လာရောက်အခြေချနေထိုင်တဲ့မိုင်းတုံ၊ နားကောင်းမူးပုံပါကျင်က ယာယီအိမ်ထောင်စုဇယားရှိသူတွေကို အဲ့မှာအကွက်ချထားတဲ့ မြေကွက်မှာသွားနေဖို့ဆင့်ဆို ထားတယ် ” ဟု မိုင်းတုံဒေသခံ တဦးက သျှမ်းသံတော်ဆင့် သို့ပြောပြသည်။

မိုင်းတုံမြို့နယ်အတွင်း ဇာတိသားထက် ပုတိသားက ပိုများကြောင်း မိုင်းတုံသားတဦးကလည်းပြောသည်။ အိမ်ခြေ ၁၀၀၀ ကျော် ရှိနားကောင်းမူးအုပ်စုတွင် ပုတိသားမှာ အိမ်ခြေ ၉၀၀ ခန့်ရှိကြောင်း ကာလိကွန်ဟိန်း နမ့်ဇန်၊ ပင်လုံ၊လားရှိုးနှင့် အခြားမြို့နယ် များမှလွန်ခဲ့သည့် ၅ နှစ် ၁၀ နှစ် ကျော်ခန့်က ပြောင်းရွှေ့နေထိုင်ကြသူများဖြစ်ကြောင်း ၊ အာဏာပိုင်များ၏ အဓမ္မနေရာ ပြောင်း ရွှေ့ ခိုင်းမှု ကိစ္စအပေါ်စိုးရိမ်ပူပန် နေကြကြောင်း သိရ၏။

“ မိုင်းတုံမြို့နယ်ထဲကို လာရောက်အခြေချတဲ့ ကုန်သည်တွေ၊ သာမာန်လူတန်းစားတွေ မိုင်းထားကိုပထမအသုတ် အဖြစ်အိမ်ခြေ ၂၀၀ ပြောင်းနေခိုင်းတယ်။ တမြန်နေ့က ဗျူဟာမှူးကိုယ်တိုင် ရပ်ကွက် ကျေးရွာ၊ တိုက်နယ်ဥက္ကဌတွေကို ဆင့်ခေါ်ပြီးပြောတာ။ သက်ကယ် ၄-၅ ချပ်နဲ့ သစ်လေး ၃-၄ ချောင်းပေးမယ်ပြောပြီး ပြောင်းခိုင်းလို့မပြောင်းတဲ့အိမ်တွေ ကိုယ့်ဇာတိမြို့ကိုယ်ပြန် - တဲ့။ အခု ယာယီအိမ်ထောင် စုစာရင်း စစ်ဆေးရွေးထုတ်နေတုန်း။ဘယ်သူပြောင်း ရမယ် ဆိုတာ နာမည်နဲ့တကွတော့ မလာ သေးဘူး ” ဟု နားကောင်းမူးဒေသခံတဦးကလည်းပြောပြသည်။

ယခုလက်ရှိ အိမ်ခြေ ၁၀ လုံးခန့်သာရှိသေးသည့် မိုင်းထားမြို့နယ်ခွဲအမည်သစ်ရ မိုင်းထားရွာသို့ မပြောင်းရွှေ့လိုကြသဖြင့် ထိုင်းသို့သာသွားရောက် အလုပ်လုပ်ကိုင်ကြမည်ဖြစ်ကြောင်း အချင်းချင်းတီးတိုးပြောနေကြသည်ဟုလည်း သိရသည်။

မိုင်းထားကျေးရွာသည် မိုင်းတုံမြို့ အနောက်တောင်ဘက်တွင်တည်ရှိပြီး ၂၀၀၁-၂၀၀၂ နအဖနှင့် ဝ တပ်ဖွဲ့ တို့စုပေါင်းပြီး သျှမ်း ပြည်တပ်မတော် လွယ်တိုင်းလျဲန်းဌါနချုပ်အား တိုက်ခိုက်စဉ်မှစ၍ ယနေ့အထိရွာပျက်ကြီး အဖြစ် ၉-၁၀ အိမ်ခန့် သာကျန် တော့သည်ဟုသိရသည်။ တောင်ပိုင်း ဝ စစ်ဒေသ ၁၇၁ နှင့် သျှမ်းပြည်တပ်မတော်တို့လှုပ်ရှားသည့်နယ်မြေ လည်းဖြစ်သည်။

နယ်စပ်နိုင်ငံရေး စစ်ရေး စောင့်ကြည့်လေ့လာသူတဦးကလည်း - ဘယ်နေရာမဆို မြို့တည်ရင် စစ်တပ်အတွက် အကာအကွယ်ဖြစ်အောင် လူထုကိုအရင်နေခိုင်းတာတွေ့ရတယ်။ တဖက်ကလည်း သူတို့က လူထုကို လိုအပ်တဲ့အချိန် ခိုင်းစား နိုင်တယ်။ အဲလိုအကြံရှိလို့ မြေကွက်ချရောင်းပေးတယ်။ သက်ကယ်လေး သစ်လေးပေးတယ်။ မုန့်ပေး ဒုတ်ပြဆိုတာပေါ့- ဟု သုံးသပ်ပြောဆိုသည်။

No comments: