Monday, January 31, 2011

မလေးရှားသို့ ထွက်ခွာမည့်သူ ၁၈ ဦး ဘင်္ဂလာဒေခ်ျ့ ကျွန်းတစ်ကျွန်းတွင် ဖမ်းဆီး

မောင်သန်းစိန်

ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ စက်လှေဖြင့် မလေးရှားနိုင်ငံသို့ ထွက်ခွာရန် စီစဉ်နေသည့် မြန်မာနိုင်ငံသားများနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၈ ဦးကို ပင်လယ်ပြင် ကျွန်းတစ်ကျွန်းမှ ဘင်္ဂလာရဲအဖွဲ့ ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူများထဲတွင် ၁၀ ဦးမှာ မြန်နိုင်ငံမှ မွတ်ဆလင် ဘာသာဝင်များ ဖြစ်ပြီး ကျန် ၈ ဦးမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ ဖြစ်ကြသည်။ သူတို့မှာ အသက် ၁၈ နှစ်နှင့် ၄၅ နှစ်အကြား ရှိသူများ ဖြစ်ကြသည်။

ချော်ကော်ရီယာမြို့ ရဲအရာရှိ တစ်ဦးက သူတို့မှာ မလေးရှားနိုင်ငံသို့ စက်လှေ တစ်စီးဖြင့် ထွက်ခွာရန် စီစဉ်နေစဉ် ကော့ဘဇားခရိုင် ကောတူဒီယာ ကျွန်းတွင် တနင်္ဂနွေနေ့ နံနက်က ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သတင်းဌာနများသို့ အတည်ပြုပြောကြားသည်။

အဆိုပါ မလေးရှားသို့ ထွက်ခွာမည့်သူများကို မလေးရှားတင်ပို့နေသည့် လူမှောင်ဂိုဏ်းတစ်ခုမှ တဦးစီမှ တာကာငွေ ၂၀၀၀၀ (ကျပ် ၂၅၀၀၀၀ ခန့်) ယူပြီး စနေနေ့တွင် အဆိုပါ ကျွန်းတွင် စုဆောင်းထားကြောင်း၊ သတင်းအရ ရဲအဖွဲ့က ၀င်ရောက် ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံမှ မွတ်ဆလင်ဘာသာဝင် ၁၀ ဦးမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များမှ ဖြစ်ကြပြီး မလေးသို့ ထွက်ခွာရန် ဘင်္ဂလာဒေခ်ျ့သို့ ၀င်ရောက်လာကြသူများ ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် နေထိုင်နေကြသူ မွတ်ဆလင်ဘာသာဝင်များ အနေဖြင့် အုပ်ချုပ်သူ စစ်အစိုးရ၏ ဖိနှိပ်မူနှင့် အတူ စီးပွားရေး အကျပ်အတည်းများကြောင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ တဆင့် စက်လှေများဖြင့် တသုတ်ပြီး တသုတ် မလေးရှားနိုင်ငံသို့ တရားမ၀င် ထွက်ခွာနေကြရာ ယခုဖမ်းဆီးမူမှာ ယခုနှစ်အတွင်း ပထမဆုံး အကြိမ် ဖြစ်သည်။

No comments: