Thursday, January 27, 2011

ပြည်မြို့ မျိုးသုခ အထူးကုဆေးခန်း တရားစွဲခံရ

သင်းအောင် Thursday, 27 January 2011

ပြည်မြို့၏ ပုဂ္ဂလိက ဆေးခန်းကြီး ဖြစ်သည့် မျိုးသုခ အထူးကု ဆေးခန်း၌ ကုသနေစဉ် ကွယ်လွန်သွားသူ၏ မိဘများက လူနာကို သေစေရန် ပူးပေါင်း ကြံစည်ခဲ့သည် ဟူသော ယူဆချက်ဖြင့် ပြီးခဲ့သည့် ဇန်န၀ါရီ ၁၈ ရက်တွင် ဆေးခန်းတာဝန်ရှိသူများကို တရားစွဲဆိုထားကြောင်း သိရသည်။

ကွယ်လွန်သူ ဖိုးလမင်း (ခေါ်) ကိုနေဇာမင်း (၃၄ နှစ်)သည် မကွေးတိုင်း သရက်မြို့ လမ်းသစ်လမ်း အမှတ် ၁၆၄ တွင် နေထိုင်ခဲ့သူ ဖြစ်၍ သရက်မြို့ ရဲစခန်း၌ အမှုဖွင့် တိုင်ကြားခဲ့သည်ဟု ကွယ်လွန်သူ လူနာ ၏ မိဘများက ပြောသည်။

ကွယ်လွန်သူ၏ ဖခင် ဦးမောင်မောင်က“ဖိုးလမင်းက အသည်းရောင် အသားဝါဖြစ်လို့ ပြည်မြို့က သမားတော်ကြီး ဒေါက်တာ ခင်မောင်ညွန့်ရဲ့ကိုယ်ပိုင် ဆေးခန်းမှာ ပြတယ်။ အချိန်မီ ရောက်လာခြင်းကြောင့် အခြေအနေ ကောင်းပါတယ်လို့ ဆရာဝန်ကြီးက ပြောပြီး ဆရာကြီးပဲ ထိုင်တဲ့ မျိုးသုခ ဆေးခန်းကို ဇန်န၀ါရီ ၉ ရက် မနက် ၁၀ နာရီ လောက်မှာ တင်လိုက်တာ”ဟု ပြောသည်။

မျိုးသုခ ဆေးခန်းသို့ ရောက်ရှိစဉ် လူနာမှာ ကားပေါ်မှ ကိုယ်တိုင်ဆင်းနိုင်ပြီး သွေးပေါင်ချိန် ၁၄၀/၉၀ ရှိနေခဲ့ကြောင်း ၎င်းက ဆို သည်။

“ည ၈ နာရီမှာ ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ညွှန့် ရောက်လာတယ်။ လူနာကို တမိနစ် ၁၅ စက်နှုန်း အချိုရည် တိုက်ပေးဖို့ တာဝန်ကျတွေကို မှာသွားတယ်”ဟု လူနာ၏ မိခင် ဒေါ်ဝေေ၀လွင်ကလည်း ဆိုသည်။

ထိုစဉ်က လိမ္မော်သီးကျွေးနေစဉ် လူနာမှာ အစေ့ အမျှင်များကိုပင် ထွေးထုတ်နိုင်ကြောင်း ၎င်းတို့ အဆိုအရ သိရသည်။

ဆေးခန်း၏ အထူးသူနာပြု နိုနိုသန်းဆွေအား ငှားရမ်းထားသော်လည်း လူနာအပေါ် ဂရုစိုက်ခြင်း မရှိခဲ့ကြောင်း၊ ထို့နောက် လူနာ အသက်ရှု ပြင်းလာသည်ကို တာဝန်ရှိသူများအား သွားရောက် အကြောင်းကြားသော်လည်း တဦးမျှ ရောက်ရှိလာခြင်းမရှိကြောင်း လူနာရှင်များက ပြောသည်။

ည ၉ နာရီခန့် ဆီးပိုက် တပ်ပေးနေစဉ် လူနာက ရုန်းကန်ရာ အမျိုးသား သူနာပြု ကိုသက်ဇော်ထွဋ် က စိတ်ဆိုး မာန်ဆိုးဖြင့် ကြိမ်း မောင်းနေသဖြင့် လူနာရှင်များက တောင်းပန်ခဲ့ရကြောင်း၊ ယင်းနောက် ည ၁၁ နာရီခန့် တာဝန်ကျ ဆရာဝန် ဒေါက်တာ သူရလွင် အား အထက်ပါ အခြေအနေများကို ပြောပြရာ ထိုဆရာဝန်က လူနာကို ကြည့်ပင် မကြည့်တော့ဘဲ ပြန်ထွက်သွားခဲ့ကြောင်း လူနာ ရှင်များက ဆက်လက်ပြောဆိုသည်။

ဇန်န၀ါရီ ၁၀ ရက် နံနက် ၃ နာရီခန့်တွင် လူနာကို ဆေးထိုးရန် ဆေးပုလင်းဖြတ်နေသည့် အထူးသူနာပြုကို အမျိုးသား သူနာပြု
က တခြားသို့သွား၍ ဆေးပုလင်းဖြတ်ရန် တားမြစ်ကာ ခေါ်ဆောင်သွားခဲ့သည်ဟုလည်း လူနာ၏ မိဘများက ပြောသည်။

“ခဏအကြာ ဆရာမ ရောက်လာပြီး ဆေးသွင်းတယ်။ ဘာဆေးသွင်းတာလဲ မေးလိုက်တော့ ဆရာမက တုန်တုန်ယင်ယင်နဲ့ ဂလူးကို့စ်ပါလို့ ပြောပြီး အခန်းအပြင် ပြေးထွက်သွားတယ်”ဟု လူနာ၏ မိခင် က ဆိုသည်။

ထိုစဉ်က လူနာ သွေးပေါင် ကျနေသည်ကိုလည်း သွေးပေါင် အနည်းငယ် ပြန်တက်လာသည်ဟုသာ သူနာပြုက ပြောဆိုကြောင်း ၎င်းက ဆိုသည်။

ယင်းနောက် လူနာမှာ တာဝန်ကျ တဦးတယောက်မှ အနီးနား မရှိဘဲ ထိုနေ့နံနက် ၅ နာရီခွဲတွင် ကွယ်လွန်သွားခဲ့ကြောင်း၊ တာဝန် ကျ ဒေါက်တာ သူရလွင် က သေဆုံးကြောင်း အတည်ပြုပြီးနောက် အထူးသူနာပြု ရောက်ရှိလာကာ ၎င်း၏လက်ထဲရှိ ဆေးပုလင်း အခွံထုပ်နှင့် အ၀ါရောင် ဆေးရည်အိတ်ကို လုယူကာ အခန်းအပြင် ထွက်သွားခဲ့ကြောင်း လူနာ၏ မိခင် က ပြောသည်။

ဆေးခန်း ကျသင့်ငွေ ပြေစာ ၅ စောင် အတွက် စာရင်းရှင်းပေးအပြီး အလောင်းကို နံနက် ၆ နာရီခန့်တွင် သရက်မြို့သို့ ပြန်လည် သယ်ယူလာခဲ့သည်ဟု လူနာ၏ ဖခင် က ပြောပြသည်။

“အလောင်းမြေကျပြီး နောက်နေ့ ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ညွန့်ကို အကျိုးအကြောင်း ရှင်းပြတယ်။ ဆေးခန်း မန်နေဂျာ ဦးဉာဏ်ဦးက မျိုးသုခ ဆေးရုံအုပ် ဒေါက်တာ တင်မောင်သန်း ဆီ ခေါ်သွားတယ်။ လူနာကို အသက်ကယ်ဆေး ထိုးပေးခြင်းမှာ မှန် ကန်ကြောင်း ဆေးရုံအုပ်ကြီးကပြောပြီး ဆေးမှတ်တမ်း မိတ္တူတွေ ပေးလိုက်တယ်”ဟု ဖခင်ဖြစ်သူက ပြောသည်။

ပြည်မြို့ရှိ အခြား ဆရာဝန်ကြီး တဦးအား အဆိုပါ ဆေးစာများ ပြသမေးမြန်းရာ အသက်ကယ်ဆေးနှင့် တူသည့် ဆေး တခုမှ မပါဟု သိခဲ့ရကြောင်း ၎င်းက ဆိုသည်။

ယင်းနောက် ဇန်န၀ါရီ ၁၃ ရက် နေ့လယ် ၁၁ နာရီတွင် ပြည်မြို့ မျိုးသုခ ဆေးခန်း ဆေးရုံအုပ်ကြီး၊ မန်နေဂျာ၊ ဓာတ်ခွဲခန်းမှူး ဦးစိုး သန်း၊ တာဝန်ကျ ဆရာဝန်၊ အမျိုးသား သူနာပြု၊ အမျိုးသမီး သူနာပြုတို့ သရက်မြို့ရှိ ကွယ်လွန်သူ၏ မိဘများထံ ရောက်ရှိလာကြောင်း၊ ၎င်းတို့၏ ဆေးကုသမှု ပေါ့ဆခဲ့ခြင်းအပေါ် ၀န်ခံပြီး ခွင့်လွှတ်ရန် ပြောဆို၍ ကန်တော့ရန် ပြင်ဆင်ကြကြောင်း၊ ဤသို့ ပြုမူလာသည့်အပေါ် ၎င်းတို့က လက်မခံခဲ့ကြောင်း ကျန်ရစ်သူ မိသားစုများ အဆိုအရ သိရသည်။

“ဇန်န၀ါရီ ၁၄ ရက် နေ့လယ် ၁၂ နာရီမှာ ဆေးခန်းပိုင်ရှင်ရဲ့ဇနီး ဒေါ်လှမြိုင်တို့ ရောက်လာတယ်။ ဆရာဝန်မကြီး တဦး အပါအ၀င် ၄ ဦးပါလာတယ်။ ပြီးတော့ တောင်းပန်တယ်။ အတူပါလာတဲ့ ဓာတ်ခွဲမှူးက အဓိက တာဝန်ရှိတဲ့ အထူးသူနာပြု နိုနိုသန်းဆွေကိုသာ တရားစွဲဖို့ ကျနော့်သမီးကို တိတ်တဆိတ် ပြောသွားတယ်”ဟု ကွယ်လွန်သူ၏ ဖခင် က ပြောသည်။

ထို့အတွက် နိုနိုသန်းဆွေအား တွေ့လိုသည်ဟု ဇန်န၀ါရီ ၁၅ ရက်က ဆေးခန်းသို့ အကြောင်းကြားရာ ၎င်းဝန်ထမ်းအား အလုပ်မှ ထုတ်ပယ်လိုက်ပြီဖြစ်၍ အဆက်အသွယ် မရှိတော့ကြောင်း မန်နေဂျာ က ဖြေကြားခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

ထို့ကြောင့် ကာယကံရှင်များက သရက်မြို့ ရဲစခန်းသို့ ဇန်န၀ါရီ ၁၈ ရက် နေ့စွဲဖြင့် တိုင်ကြားခဲ့ပြီး (ပ) ၇ / ၂၀၁၁ ပြစ်မှု ပုဒ်မ ၃၀၄ (က)နှင့် အမှုဖွင့်ဆိုထားကြောင်း သိရသည်။

ယင်း ဖြစ်ရပ်နှင့် ပတ်သက်ပြီး ပြည်မြို့ ရဲ အထူး သတင်းတပ်ဖွဲ့(SB)သို့ ဆက်သွယ်မေးမြန်းရာ“လတ်တလောမှာ ပြည်မြို့ရဲ့အထူးခြားဆုံး သတင်းကြီး ဖြစ်ပါတယ်။ သက်ဆိုင်ရာ အထက် အဆင့်ဆင့် အသီးသီးကိုလည်း တင်ပြပြီး ဖြစ်ပါတယ်”ဟု ဖြေကြားသည်။

၎င်းအမှုတွဲကို နေပြည်တော်၊ ရန်ကုန်ရှိ အာဏာပိုင်များအပြင် မြန်မာနိုင်ငံ ဆေးကောင်စီသို့လည်း တင်ပြထားကြောင်း ဇန်န၀ါရီ ၂၇ ရက် နံနက်တွင် လူနာ၏ မိခင် ဒေါ်ဝေေ၀လွင်က ပြောသည်။

No comments: