ထက်အောင်
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၂ နှစ်လုံးလုံး နိုင်ငံရေး စနစ်မရှိ စစ်အုပ်ချုပ်ရေးသာ ရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးဆိုရင် ပြည်သူတွေ အကြားမှာ မပတ်သက် မဆက်ဆံအပ်တဲ့ အန္တရာယ် နယ်မြေတခု ဖြစ်ခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေးအောက်မှာ နိုင်ငံရေးဆိုတာ ဒီမိုကရေစီအရေး လှုပ်ရှားမှု၊ နိုင်ငံရေးသမားဆိုတာ ဒီမိုကရေစီအရေး ကြိုးပမ်းသူလို့ အနက်အဓိပ္ပါယ် ထွက်ခဲ့ပါတယ်။ ဒီမိုကရေစီရေး လှုပ်ရှားသူတွေသာတွေ့ရတဲ့ နိုင်ငံရေးနယ်ပယ်ဟာ တခြား စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ အနုပညာ စတဲ့ နယ်ပယ်တွေနဲ့ ခြားထားခဲ့တဲ့ နယ်ခြားမျဉ်းတွေက ထူထူကဲကဲ မြင့်မြင့်မားမားရှိခဲ့တယ်။
နိုင်ငံဝန်ထမ်းက နိုင်ငံရေးစကား မပြောရ၊ စီးပွားရေးသမားက နိုင်ငံရေးဆို တို့နဲ့မဆိုင်၊ လူငယ်ကျောင်းသားတွေ နိုင်ငံရေးလုပ်မိရင် အယုံသွင်းခံရသူတွေ၊ နိုင်ငံရေးမှိုင်းမိနေကြသူတွေအဖြစ် စွပ်စွဲခံခဲ့ရပြီး ဗုဒ္ဓဘာသာရဟန်းတော်နဲ့ နိုင်ငံရေးဟာ မစပ်အပ်တဲ့အရာ၊ နိုင်ငံရေးလုပ်သူတွေကို ရာဇ၀တ်မှု ကျူးလွန်သူတွေအဖြစ် ဖမ်းဆီးအရေးယူတာ စတဲ့ ဖြစ်ရပ်တွေသာ လွှမ်းမိုးထားခဲ့ပါတယ်။
နိစ္စဓူဝ ဆင်းရဲကျပ်တည်းမှုကနေ ရုန်းထွက်ဖို့ကြိုးစားရင်း ပေါ်လာတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေထဲ ပါဝင်မိခဲ့တဲ့ သာမန်ပြည်သူတွေလည်း သွေးထွက်သံယိုမှုတွေနဲ့ အဆုံးသတ်ကာ ပိုမိုဒုက္ခဆင်းရဲ တွေ့ကြရတယ်။ ဒါကြောင့် နိုင်ငံရေးဆို ဝေးဝေးရှောင်၊ မဟုတ်ရင် ဘ၀ပျက်၊ အသက်ဆုံးရတဲ့အထိ ကြုံကြရတာကိုလည်း ပြည်သူတွေ ကိုယ်တွေ့ခံစား သိရှိခဲ့ကြတယ်။
ဒါတွေက လွန်ခဲ့တဲ့ ၂၂ နှစ်အတွင်း မြန်မာပြည် အပြောင်းအလဲကို လိုချင်ကြသူတွေ ကြုံတွေခဲ့ရတာတွေပါ။ တနည်းပြောရရင် စည်းတဖက်က လူတွေပါ။
စည်းရဲ့အခြားတဖက်မှာ ဆန့်ကျင်ဖက်တွေဟာ ကွဲကွဲပြားပြား ဖြစ်ထွန်းခဲ့ပါတယ်။ မျိုးချစ်စိတ်ဆိုတာကို အာဏာနဲ့ ယှဉ်တွဲ အဓိပ္ပာယ်ဖော်ခဲ့ကြတဲ့ အာဏာရှင် ဗိုလ်ချုပ်နေ၀င်း ခေတ်လွန် တပ်မတော် ခေါင်းဆောင်တွေ၊ ဆိုရှယ်လစ်ခေတ်လွန် ဈေးကွက် စီးပွားရေးက မွေးထုတ်ပေးလိုက်တဲ့ စီးပွားရေး အခွင့်အလမ်းသစ်မျိုးစုံ ရရှိခံစားရင်း နိုင်ငံရေးနဲ့ ကင်းကင်းနေခဲ့ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ နယ်ပယ်အသီးသီးက ပညာတတ် လူနည်းစုတွေပဲ ဖြစ်တယ်။
သူတို့ဟာ ရရှိထားတဲ့ အာဏာ၊ စည်းစိမ်တွေနဲ့ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးနဲ့ စီးပွားရေးနယ်တွင်မက ဘုရားတည်၊ ကျောင်းဆောက်၊ အလှူဒါနတွေပြုပြီး လူမှုရေးနဲ့ ဘာသာရေးမျက်နှာစာမှာ နေရာယူလာကြတဲ့ အီလစ် (Elite) လူတန်းစား တရပ်အဖြစ် ပေါ်ထွန်းလာပါတယ်။
၂၀၁၀ ရွေးကောက်ပွဲက ထူးခြားတဲ့အပြောင်းအလဲကို ပြောပါဆိုရင် အာဏာနဲ့ စည်းစိမ်ကို တလျှောက်လုံးထူထောင်ခဲ့ပြီး နိုင်ငံရေးဆိုရင် ပြည်ဖျက်လုပ်ရပ်အဖြစ် ရုပ်လုံးဖော်ခဲ့တဲ့ စစ်အစိုးရ၊ သူတို့နဲ့ဆက်နွယ်ပြီး စီးပွားရေးအင်ပါယာတွေ ထူထောင်ခဲ့ကြ သူတွေသာမက အရင်ကနိုင်ငံရေးနဲ့ ကင်းကင်းနေခဲ့ကြတဲ့ နယ်ပယ်အသီးသီးက သူများလည်း သူနည်းသူ့ဟန်နဲ့ နိုင်ငံရေးနယ်ထဲ ပါဝင်လာခြင်းပါပဲ။ အစဉ်အလာက ခြားထားခဲ့တဲ့ နယ်ခြားမျဉ်းတွေ ကျိုးပျက်လာတဲ့သဘောကို မြင်တွေ့ရပါတယ်။
ဒါတွေအားလုံး အစီအစဉ်မဲ့ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ စစ်အုပ်ချုပ်ရေးကနေ ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းခံ နိုင်ငံရေး သဏ္ဍာန်သစ်ကို စစ်အစိုးရက ကူးပြောင်းကျင့်သုံးဖို့ ကြိုးပမ်းရာမှ ဖြစ်ပေါ်လာခဲ့တာတွေပါ။ ဖြစ်ပေါ်တိုးတက်မှုတိုင်းမှာ ကောင်းကျိုးနဲ့ ဆိုးကျိုး ယှဉ်တွဲတတ်တဲ့ သဘာဝအရ နယ်ခြားမျဉ်းတွေ ကျိုးပျက်လာတာမှာလည်း ကောင်းကျိုးရော ဆိုးကျိုးပါ တွဲလျက်ရှိနေမှာပါ။
တိုင်းပြည်ကာကွယ်ရေးနဲ့ တိုင်းပြုပြည်ပြု ဥပဒေရေးဆွဲပြဌာန်းရေးဆိုတဲ့ မတူညီတဲ့ နယ်ပယ်နှစ်ခုကသူတွေနဲ့ ပေါင်းစပ်ထားတဲ့ စစ်ဖက်၊ အရပ်ဖက် လွှတ်တော်နိုင်ငံရေးကြောင့် နယ်ပယ်နှစ်ခုရဲ့ နယ်နိမိတ်ကျိုးပျက်ပြီး စစ်ယူနီဖောင်းဝတ် ဥပဒေပြုသူတွေ ပေါ်ထွက်လာမှာပါ။ ထို့အတူ နိုင်ငံရေးကို အန္တရာယ်ကြီးတဲ့ နယ်ပယ်တခုအဖြစ် ရှောင်ရှားခဲ့ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး တချို့ဟာ ရွေးကောက်ပွဲဝင်၊ လွှတ်တော်အမတ်တွေအဖြစ်နဲ့ လာမယ့် ပါလီမန်ကတဆင့် နိုင်ငံရေးနယ်ထဲ ၀င်ရောက်လာကြပြီး သူတို့ရဲ့ ဓနအင်အားကို အာဏာနဲ့ လက်တွေ့ကျကျ ပေါင်းစပ်ကြတော့မှာ ဖြစ်ပါတယ်။
အပြန်အလှန်အားဖြင့်ကြည့်ရင် အရင်နိုင်ငံရေးပါတီတွေနဲ့မတူ အခုအသစ်ပေါ်ပေါက်လာတဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေကိုလည်း ကုမ္ပဏီထောင်ပြီး စီးပွားရေးနယ်ထဲ ၀င်ရောက်ခွင့်ပြုခဲ့တာကြောင့် နိုင်ငံရေးသမားတွေ ပါတီစီးပွားရေးလုပ်ဖို့ ပြင်ဆင်လာပါတယ်။ မြန်မာ့စီးပွားရေးဟာ အစိုးရပိုင် (အများပြည်သူပိုင်) စီးပွားရေး၊ စစ်တပ်ပိုင် စီးပွားရေး၊ နိုင်ငံရေးပါတီပိုင် စီးပွားရေးနဲ့ ပုဂ္ဂလိကပိုင် စီးပွားရေး စသဖြင့် ရောင်စုံရောယှက်လာပါတယ်။
ဒါတင်မက လူမှုရေးနဲ့ စာပေအနုပညာ နယ်ပယ်မှာပဲ လှုပ်ရှားတက်ကြွသူတွေက သူတို့နဲ့ နယ်ပယ်မတူဘူးလို့ သတ်မှတ်ထားခဲ့တဲ့ နိုင်ငံရေးနယ်ထဲ ခြေဆန့်လာသူတွေ ရှိနေပါပြီ။ ဥပမာ အစိုးရမဟုတ်တဲ့ လူမှုရေးအဖွဲ့အစည်း (NGO) ထူထောင်သူတွေ၊ စာရေးဆရာတွေ ရွေးကောက်ပွဲကတဆင့် နိုင်ငံရေးနယ်ထဲ တိုးဝင်လာကြတယ်။
မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခဆင်းရဲကို တဖက်တလမ်းက ကူညီမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူမှုကူညီရေး လှုပ်ရှားမှုတွေထဲ အစိုးရရော အတိုက်အခံ ဒီမိုကရေစီအဖွဲ့တွေပါ ပါဝင်လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ဒီနေရာမှာ နိုင်ငံတကာရဲ့ အခန်းကဏ္ဍက အရေးပါပါတယ်။ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေကို နိုင်ငံရေးစွက်ဖက်မှု (Politicizing) ကင်းကင်း ကူညီနိုင်အောင်ကြိုးပမ်းခဲ့ပေမယ့် ပြည်တွင်းနိုင်ငံရေး ၀ဲဂယက်ထဲက ရုန်းမထွက်နိုင်ခဲ့ပါဘူး။
အကူအညီတွေ အမှန်တကယ် လိုအပ်နေသူတွေလက်ထဲ ရောက်ဖို့၊ ပွင့်လင်းမြင်သာဖို့၊ တာဝန်ယူမှုရှိဖို့ လိုတယ်။ ဒါတွေက ဒီမိုကရေစီလိုလားသူတွေ တောင်းဆိုတဲ့ အချက်တွေပါ။ တဖက်မှာ အထောက်အပံ့တွေအားလုံးကို အစိုးရ သို့မဟုတ် အစိုးရက ဖွဲ့စည်းထားတဲ့ လူမှုအဖွဲ့အစည်းတွေကိုပဲ ပေးတာကို စစ်ဗိုလ်ချုပ်တွေက လိုချင်ခဲ့တာပါ။ နှစ်ဖက်စလုံးက အပြန်အလှန်စွပ်စွဲ နေကြပေမယ့် လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေကို စစ်အစိုးရရော ဒီမိုကရေစီရေး လှုပ်ရှားသူ နှစ်ဖက်စလုံးက နိုင်ငံရေးအရ ရှုမြင်ခဲ့ကြပါတယ်။
ဒီလိုနဲ့ အလှူရှင်နိုင်ငံတွေက အကူအညီပေးတဲ့နေရာမှာ နှစ်ဖက်စလုံးနဲ့ ညှိနှိုင်းသဘောတူညီမှု ရယူဖို့ ကြိုးစားလာကြတယ်။ ဒီအချက်က နိုင်ငံရေးအရ စေ့စပ်မရတဲ့ စစ်အစိုးရနဲ့ ဒီမိုကရေစီ အတိုက်အခံတွေအကြား စေ့စပ်ညှိနှိုင်းမှုတွေ ဖြစ်ပေါ်စေမယ့် အခြေအနေတခုကို ဖန်တီးဖို့ ၎င်းတို့ဖက်က ကြိုးပမ်းမှုဖြစ်ပါတယ်။ ဒီနယ်ခြားစည်းကတော့ အကြီးမားဆုံးလို့ ပြောရပါလိမ့်မယ်။
ဒါပေမယ့် တချိန်မှာ စစ်အစိုးရက ပြည်တွင်းက နိုင်ငံတကာအေဂျင်စီတွေကို ပိုမို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာတော့ အခြေအနေတွေက ပိုခက်ခဲလာပြီး နောက်ဆုံး Global Fund မြန်မာပြည်က ထွက်သွားခဲ့ရတယ်၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့၊ သူတို့ရဲ့ နယ်ရုံးခွဲတွေပိတ်ခဲ့ရပြီး အကူအညီပေးရေး လုပ်ငန်းတွေ လျှော့ချခဲ့ရတယ်။
၂၀၀၈ ခုနှစ်မှာ တိုက်ခက်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း သိန်းချီ သေကြေပျက်ဆီးခဲ့ရတဲ့ ကပ်ဆိုးကြီးကို မျက်ဝါးထင်ထင် မြင်တွေခဲ့ရရာက ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်းတွေရဲ့ တက်ကြွလှုပ်ရှားမှု ပြန်လည်မြင့်မားလာတယ်။ မကြာခင်ကပဲ Global Fund ဟာ အထောက်အပံ့တွေ ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
နိုင်ငံရေးအရ မတူညီမှုအပေါ်မှာ နိုင်ငံရေးအရ အဖြေမရှာဘဲ အတိုက်အခံ ဒီမိုကရေစီရေးလှုပ်ရှာသူတွေရဲ့ လူမှုဘ၀တခုလုံးကို စစ်အစိုးရဟာ နှစ်ပေါင်း ၂၀ လုံးလုံး စနစ်တကျ ဖြိုလှဲခဲ့ပေမယ့် မပြိုလဲခဲ့ပါဘူး။ နမူနာပြစရာ အကောင်းဆုံးသူက ဒေါ်အောင်ဆန်းစုကြည်ပါပဲ။
ဒီတကြိမ် ရွေးကောက်ပွဲအပြီး လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံရေးဆိုတာ အားလုံးနဲ့သက်ဆိုင်တယ်၊ ပြည်သူတွေနိုင်ငံရေးကို နားလည်အောင်လုပ်ရမယ်၊ ဘာပဲလုပ်လုပ် နိုင်ငံရေးပဲ၊ ပြည်သူတွေမပါဘဲ ဘာကိစ္စမှ မအောင်မြင်နိုင်ဘူး” လို့ ပြောခဲ့တယ်။
သူလွတ်မြောက်လာချိန်မှာ ရွေးကောက်ပွဲပြီးသွားပါပြီ။ သူပြောခဲ့သလို နိုင်ငံရေးက အားလုံးနဲ့ သက်ဆိုင်တယ်ဆိုတဲ့ အချက်က လက်တွေ့ ဖြစ်ထွန်းနေပါပြီ။ စစ်တပ်က နိုင်ငံရေးပါတီထောင်၊ ပေါ်ပေါက်လာမယ့် လွှတ်တော်နဲ့ အစိုးရကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်တော့မှာပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီရေး ကြိုးပမ်းသူတွေ လိုချင်တဲ့ နိုင်ငံရေးမျိုးတော့ မဟုတ်ပါဘူး။
စိတ်ဝင်စားစရာ ကောင်းတဲ့အချက်က လွှတ်တော်နိုင်ငံရေးမှာရော၊ လွှတ်တော်ပြင်ပနိုင်ငံရေးမှာရော တချိန်က နိုင်ငံရေးကို လှည့်မကြည့်ခဲ့တဲ့ လူအမျိုးအစားတွေ ရည်ရွယ်ချက်အမျိုးမျိုး ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပါဝင်လာတာပါပဲ။ နယ်ခြားမျဉ်းတွေ ကျိုးပျက်လာနေတာ တွေ့ရပါတယ်။ အဲဒီထဲမှာ ထူးခြားတဲ့ နောက်တချက်က တိုးတက်လာတဲ့ ဆက်သွယ်ရေး ကိရိယာတွေက အဲဒီအတားအဆီး ကျိုးပျက်လာတာကို အထောက်အကူ ပေးနေတာပါပဲ။
အရင်က ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ဖို့ အလွန်ခက်ခဲခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီတခေါက် ပြန်လွတ်လာချိန်မှာ ဒီနယ်ခြားမျဉ်းကို ကျော်ဖြတ်နိုင်ပြီး နိုင်ငံခေါင်းဆောင်တွေ၊ သံတမန်တွေ၊ မီဒီယာတွေနဲ့ နိုင်ငံခြားတက္ကသိုလ်က ကျောင်းသားတွေပါမကျန် တိုက်ရိုက်စကား ပြောဆိုလာနိုင်တယ်။
ဒီလိုအပြောင်းအလဲတွေ၊ တိုးတက်ဖြစ်ထွန်းမှုတွေ ရှိနေပေမယ့် မကျိုးမပျက် ကျန်ရှိနေသေးတဲ့ နယ်ခြားမျဉ်းတခုကတော့ စစ်အစိုးရနဲ့ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေအကြား တွေ့ဆုံဆွေးနွေးဖို့ မျက်နှာချင်းဆိုင်လို့ မရသေးတဲ့ကိစ္စ ဖြစ်ပါတယ်။ ။
No comments:
Post a Comment