Friday, May 27, 2011

အစာငတ်ခံဆန္ဒပြ အကျဉ်းသားများ လိုက်လျောမှု တချို့ရရှိ

ဧရာဝတီ Friday, 27 May 2011

ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင် အစာငတ်ခံဆန္ဒပြ၍ စစ်ခွေးတိုက်အပို့ခံရသော နိုင်ငံရေးအကျဉ်းသား ၇ ဦးကို မူလ အဆောင်များသို့ ပြန်လည်ပို့ဆောင်ခဲ့သော်လည်း မိသားစုဝင်များက စိုးရိမ်မှုများရှိနေဆဲဟု သိရသည်။

“ကျမတို့က ထောင်ဝင်စာ သွားမတွေ့ရသေးဘူး။ သူတို့က အချိုသတ်လိုက်ပြီးနောက်ပိုင်း ရက်ရက်စက်စက်ဖြိုခွင်းမှာ စိုးရိမ်တယ်”ဟု အစာငတ်ခံ ဆန္ဒပြ နိုင်ငံရေးအကျဉ်းသား မိသားစုဝင် တဦးက ပြောသည်။

အစာငတ်ခံ ဆန္ဒပြနေကြသည့် နိုင်ငံရေးအကျဉ်းသား ၁၇ ဦးနှင့် နိုင်ငံရေးအကျဉ်းသူ ၇ ဦးတို့ထဲမှ ခေါင်းဆောင်ဟု ယူ ဆရသူ ၁၀ ဦးကို ထောင်အာဏာပိုင်များက ရွေးချယ်တွေ့ဆုံခဲ့ပြီး လိုက်လျောမှုတချို့လုပ်ကာ စစ်ခွေးတိုက်မှ မူလ အဆောင်များသို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်းနှင့် တချို့ကို ထောင်ဝင်စာတွေ့ခွင့်နှင့်ပါဆယ်ပေးခွင့် ပြုလိုက်ကြောင်း သိရသည်။

မေလ ၁၆ ရက်နေ့က သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာ အမိန့် ထုန်ပြန်ပြီးနောက် နိုင်ငံရေးအကျဉ်းသား ၂၂ ဦး သည် မေလ ၁၈ ရက်နေ့မှ စတင်ကာ အကျဉ်းသား အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်များ တောင်းဆိုခဲ့ရာ ထောင် အာဏာ ပိုင် များက မည်သို့မျှ မတုန့်ပြန်သောကြောင့် ၎င်းတို့အထဲမှ ၁၇ ဦးက အစာငတ်ခံဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့လိုက်လျောမှုတချို့ကို ထောင်အာဏာပိုင်များကလုပ်ပေးသော်လည်း အကျဉ်းသားမိသားစုဝင်များနှင့်နိုင်ငံရေး အကျဉ်းသားများကို ကူညီပေးနေသူများက နောက်ဆက်တွဲ ထောင်ပြောင်းခြင်း အပါအ၀င် နည်းမျိုးစုံအရေးယူမည် ကို စိုးရိမ်နေကြကြောင်းလည်း သိရသည်။

“အခုထောင်ဝင်စာ သွားတွေ့တဲ့သူတွေကို ထောင်ဝန်ထမ်းတချို့က အထဲကလူကို ထမင်းစားဖို့ပြောခိုင်းတာပေါ့။ သူတို့ ကလည်း စိုးရိမ်စိတ်ရှိတာလည်း ပါတယ်။ နောက် မိသားစုဝင်တွေကလည်း အခုလိုငြိမ်းချမ်းတဲ့ အစာငတ်ခံဆန္ဒပြတာ နဲ့ မတန်ဘူးလို့မြင်ကြတယ်။

သူတို့ က မိသားစုတွေရဲ့စိုးရိမ်မှုကို အသုံးချတယ်ပြောရမလား။ ဘာပဲဖြစ်ဖြစ် မိသားစုဝင် တွေကတော့ ထမင်းပြန်စားဖို့တော့တိုက်တွန်း လိုက်တယ်လို့ သိရတယ်။ မိသားစုဝင်တွေက စိုးရိမ်နေတုန်းပဲ”ဟု အမည် မဖော်လိုသည့် နိုင်ငံရေးအကျဉ်းသားများကို ကူညီပေးနေသူတဦးက ဧရာဝတီ ကို ပြောသည်။

အကျဉ်းထောင်တွင်း အစာငတ်ခံဆန္ဒပြသည့် သတင်း ကျယ်ပြန့်စွာ ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးစုံစမ်းရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ ကလည်း စိုးရိမ်ကြောင်းနှင့်အနီး ကပ် စောင့်ကြည့်နေကြောင်း ထုတ်ပြန်ခဲ့သည်။

အလားတူ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့(HRW) ကလည်း ထောင်အာဏာပိုင်များရဲ့ကိုင်တွယ်ဖြေရှင်းမှုအပေါ် သတိနှင့်စောင့်ကြည့်နေကြောင်းနှင့် နိုင်ငံတကာမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့်ဖော်ထုတ်ရေးသားမှုများလည်း ရှိခဲ့သည်။

ယခုအခါ အစာငတ်ခံဆန္ဒပြမှုတွင်ပါဝင်သူများအား ထောင်အာဏာပိုင်းများ၏လိုက်လျောချက်တချို့တွင် အဓိကအားဖြင့် အကျဉ်းသားတိုင်း ခံစားပိုင်ခွင့်ရှိသည့် ပုံမှန်လျှော့ရက် ကိစ္စလည်း ပါဝင်ကြောင်း သိရသည်။

သမ္မတ ဦးသန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွင် ပါဝင်သော ပုံမှန်ရရှိခဲ့သည့်လျှော့ရက်အပြင် ၁ နှစ်ထပ်မံလျှော့ပေါ့ လိုက်သည်ဟူသော စကားရပ်အတိုင်း အခြားအကျဉ်းသားများနည်းတူ နိုင်ငံရေးအကျဉ်းသားများမှာ အကျဉ်းထောင် လက်စွဲ ဥပဒေပါ အကျဉ်းသားရပိုင်ခွင့်ဖြစ်သည့် ပုံမှန်လျှော့ရက်ခံစားခွင့်ဆုံးရှုံးနေသည်မှာ ၁၉၉၉ ခုနှစ်ကတည်းက ဖြစ် ကြောင်း နိုင်ငံရေးအကျဉ်းသား ဟောင်းတဦးဖြစ်သူ ရန်ကုန်မြို့မှ ကိုမျိုးအောင် က ပြောသည်။

“အခုနောက်ဆုံး အခြေအနေကတော့ သူတို့က လိုက်လျောမှုတချို့ပေးလိုက်တယ်။ ထောင်မှာက ထုံးစံက ပြင်ပ မီဒီယာ တွေအသံဆူနေတုန်းတော့ခဏ ငြိမ်အောင်လုပ်တာ။ နောက်ပိုင်း ဒီကိစ္စမှာ ပါတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို နယ်ဝေးထောင်တွေကို ပြောင်းပစ်မှာသေချာတယ်။ မိသားစုတွေက ပိုဒုက္ခရောက်တာပေါ့ဗျာ”ဟု ၄င်းက ဆက်လက် ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) မှ ထုတ်ပြန်သည့်စာရင်းများအရ အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော်ရှိနေပြီး မြန်မာတနိုင်ငံလုံးတွင် နိုင်ငံရေးအကျဉ်းသားပေါင်း၂ဝ၀၀ ကျော် ရှိနေဆဲဖြစ်သည်ဟု သိရသည်။

No comments: