Monday, May 30, 2011

ထောင်ပတ်ဝန်းကျင် ညစ်ညမ်းမှုဒဏ် ကလေးထောင်အကျဉ်းသားများ ခံစားနေရ

ဖြိုးကြီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးအကျဉ်းထောင်တွင်းရှိ အကျဉ်းသားများမှာ ထောင်ပတ်ဝန်းကျင် ညစ်ညမ်းမှုများကြောင့် ကျန်းမာရေးထိခိုက်မှုများ ကြုံတွေ့နေရသည်ဟု ထောင်ဝင်စာသွားတွေ့ခဲ့သည့် နိုင်ငံရေးအကျဉ်းသားတဦး၏ မိသားစုဝင်က ပြောသည်။

“ကလေးထောင် အပြင်ဘက်မှာက ဝက်တွေမွေးထားတယ်၊ အဲဒီဝက်တွေရဲ့ ချေးနံ့၊ သေးနံ့တွေက နေ့တိုင်းနံနေတယ်၊ ထောင်အထဲမှာကလည်း အဲဒီဝက်မိလ္လာအနံ့က တောက်လျှောက်နံနေတယ်၊ အကျဉ်းသားတွေက နေ့တိုင်း အဲဒီညစ်ညမ်းတဲ့အနံ့ကို ရူနေရတယ်” ဟု ပြောသည်။

ထို့အပြင် အကျဉ်းထောင်အတွင်းရှိ သစ်ခွဲစက်မှ နေ့စဉ်ထွက်သည့် မီးခိုးငွေ့များမှာလည်း အလွန်ဆိုးဝါးပြီး ကျန်းမာရေးထိခိုက်မှုရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

“သစ်ခွဲစက်က မီးခိုးငွေ့ကို အကျဉ်းသားတွေက နေ့တိုင်းရူနေရတယ်၊ ကျန်းမာရေးစောင့်ရှောက်မှုက မရှိတဲ့အခါကြတော့ အကျဉ်းသားတွေရဲ့ ကျန်းမာရေးဟာ အသက်အန္တရာယ်တောင် စိုးရိမ်နေရတယ်” ဟု ထောင်ဝင်စာသွားတွေ့ခဲ့သည့် နိုင်ငံရေးအကျဉ်းသားတဦး၏ မိသားစုဝင်က ဆက်လက်ပြောသည်။

ယင်းကဲ့သို့ အခြေအနေများကြောင့် ကလေးအကျဉ်းထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုနှင့်အခြား အကျဉ်းသားအခွင့်အရေးများ ရရှိရန်အတွက် လက်မှတ်ထိုးတောင်းဆိုမှုများပြုလုပ်ထားသည်။

ယခုလ(၁၁) ရက်နေ့တွင် အရှင်ဂန္ဘီရနှင့် နိုင်ငံရေးအကျဉ်းသားလေးဦးက လက်မှတ်ထိုးတောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး (၁၈) ရက်နေ့တွင် နောက်ထပ် နိုင်ငံရေးအကျဉ်းသား ရှစ်ဦးက ထပ်မံလက်မှတ်ထိုး တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ထောင်ဝင်စာတွေ့ရန်လာသည့် မိသားစုဝင်များနှင့် လွတ်လပ်စွာ စကားပြောဆိုခွင့်၊ အဝေးမှ မိသားစုများနှင့် (၁၅)ရက် တကြိမ် ဆယ်မိနစ်ဖုန်းဆက်သွယ်ခွင့် ရရှိရေး၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားလွတ်လပ်စွာ ကြည့်ရှု နားထောင်ခွင့်နှင့် အကျဉ်းထောင် လက်စွဲဥပဒေပါ လူ့အခွင့်အရေးများ၊ နောက်ဆက်တွဲ ညွှန်ကြားချက်များပါ အခွင့်အရေးများအတိုင်း တသွေမတိမ်း ရရှိခံစားခွင့်တို့ကို တောင်းဆိုထားသည်။

ယင်းတောင်းဆိုချက်များကို ယခုလ (၁၈) ရက်နေ့ ရက်စွဲဖြင့် တောင်ကုတ်မြို့နယ် NLD အဖွဲ့ဝင် ကိုမင်းအောင်၊ ကိုနေလင်းအောင်၊ ကိုမြင့်လှိုင်၊ ကိုလှိုင်မျိုး (ခေါ်) မျိုးကြီး၊ ကိုအောင်အောင်၊ ဦးသိန်းလွင်ဦး၊ ကိုရန်ရွှေနဲ့ ဦးအေးချိုတို့က လက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတကြီး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(ရုံးချုပ်)၊ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ချုပ် (ICRC)နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများအဖွဲ့ (ILO) ရန်ကုန်သို့ တင်ပြတောင်းဆိုထားသည်။

No comments: