Wednesday, May 25, 2011

မြန်မာအတိုက်အခံများကို NGO များ မကူညီရန် ထိုင်းဖိအားပေး

ဧရာဝတီ Wednesday, 25 May 2011

မြန်မာ အတိုက်အခံ အဖွဲ့အစည်းများကို အားပေးကူညီမှုများ မပြုလုပ်ကြရန် ထိုင်းနိုင်ငံ မဲဆောက်ဒေသ အခြေစိုက် အစိုးရမဟုတ်သည့် NGO အဖွဲ့များအား တာ့ခ် ခရိုင်ဝန်က တနင်္လာနေ့ မွန်းလွဲပိုင်းတွင် တွေ့ဆုံပြီး သတိပေး ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့ရှိ မြို့ပိုင်ရုံးတွင်ပြုလုပ်သည့် ထိုင်း အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာများ အပါအ၀င် မဲဆောက် အခြေစိုက် လှုပ်ရှားနေသည့် NGO အဖွဲ့အစည်း ၂၀ ခန့်နှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် တာ့ခ်ခရိုင်ဝန် နိုင် စမာ့လွိုင်ဖာ့က ပြောကြားခြင်းဖြစ်သည်။

၎င်းက“NGO တွေအနေနဲ့ကိုယ့်အလုပ်ကို ရိုးရိုးသားသားလုပ်ကိုင်ကြဖို့ ပြောချင်တယ်၊ မြန်မာအတိုက်အခံ အဖွဲ့တွေကို အားပေး ကူညီတာတွေ မလုပ်ကြဖို့ သတိပေးချင်တယ်၊ တချို့ NGO တွေက မြန်မာအတိုက်အခံတွေကို အားပေးကူညီမှုလုပ်နေတာတွေကို မလုပ်ကြဖို့ ပြောချင်ပါတယ်”ဟု ဆိုသည်။

အစည်းအဝေးတွင်ခရိုင်ဝန်က ယခုလ ၁၁ ရက်နေ့က မဲဆောက်အနီးရှိ မဲ့ကစာရွာတွင် မြန်မာ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တခုသို့ပေးပို့မည့် တပ်ဖွဲ့အမှတ်တံဆိပ်ပါ စစ်ယူနီဖောင်းအစုံ ၃၀၀ နှင့် အမှတ်တံဆိပ်ပါ စစ်သုံး စွပ်ကြယ်လက်တို အင်္ကျီ ၂၆၂ ထည်ကို ထိုင်းနယ်ခြားစောင့်တပ် က ဖမ်းဆီးရရှိမှုကိုလည်း ရည်ညွန်းကာ ထည့်သွင်းပြောကြားခဲ့သည်။

ခရိုင်ဝန်၏အဆိုအရ မဲဆောက်ဒေသအတွင်း အခြေစိုက်ကာ ဒုက္ခသည်စခန်းအတွင်း လုပ်ကိုင်နေသည့် NGO အဖွဲ့ ၂၀ ခန့်ရှိပြီး အခြားပြင်ပတွင်လုပ်ကိုင်နေသည့် NGO အဖွဲ့မှာ ၆၀ ခန့်ရှိသည်ဟု သိရသည်။

သတိပေးထားသည့်အတိုင်း လိုက်နာခြင်းမရှိသည့် NGO အဖွဲ့အစည်းများမှာ အရေးယူခြင်းခံရမည်ဟု အစည်းအဝေးအပြီး တွင် နိုင် စမာ့လွိုင်ဖာ့က ဒေသခံ သတင်း ထောက်များကို ပြောကြားသည်။

မြန်မာဒုက္ခသည်များနှင့် ပတ်သက်၍လည်း ဒုက္ခသည်များ စခန်းအပြင်ထွက်ကာ သစ်ခုတ်ခြင်း၊ မူးယစ်ဆေးဝါးများရောင်း ၀ယ်သုံးစွဲခြင်းများကို တွေ့ရှိပါက ဒုက္ခသည်အဖြစ်မှ ပယ်ဖျက်ပြီး အရေးယူခံရမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာအတိုက်အခံ ခေါင်းဆောင်တဦးက“ထိုင်းနယ်စပ်မှာ သွားလာလှုပ်ရှားနေတာမှန်ပေမယ့် ထိုင်းနိုင်ငံရဲ့အချုပ်အခြာကို ထိခိုက်စေမယ့်အနေအထားတွေကိုတော့ ဘယ်အဖွဲ့ကမှမလုပ်ပါဘူး၊ မြန်မာဘက်မှာ လတ်တလောဖြစ်နေတဲ့ တိုက်ခိုက်မှုတွေနဲ့ အခြားကိစ္စတွေကို မြန်မာအတိုက်အခံအဖွဲ့တွေက ထိုင်းနယ်မြေကိုအသုံးချပြီး လုပ်နေတယ်လို့ မြန်မာနယ်ခြား ကော်မတီ ကနေတဆင့် ထိုင်းဘက်ကိုအရေးဆို တိုင်ကြားတာတွေရှိတယ်၊ အခုဖြစ်တဲ့ကိစ္စကလည်း ပတ်သက် ဆက်နွယ် မှုတွေရှိတယ်၊ ပြောရရင်တော့ မြန်မာဘက်က ဖိအား ပေးလို့”ဟု ဧရာဝတီသို့ ပြောသည်။

၎င်းအစည်းအဝေးသို့ ထိုင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ ထိုင်း စစ်တပ်၊ ထိုင်းရဲ၊ လူဝင်မှု ကြီးကြပ်ရေး(လ၀က)၊ နယ်ခြား စောင့်တပ်ဖွဲ့နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၊ ထိုင်း-မြန်မာ နယ်စပ် တလျှောက် ကူညီ ညစောင့်ရှောက်ရေး ညွန့်ပေါင်း အသင်း(TBBC) အပါအ၀င် NGO အဖွဲ့များမှ တာဝန်ရှိသူများ၊ မြန်မာဒုက္ခသည်စခန်းများမှ စခန်းဥက္ကဌများ တက်ရောက်ခဲ့ကြသည်။

No comments: